Feeds:
Posts
Comments

ချန်နယ်ဖိုက်သို့ သွားရာလမ်းမှာ သူမကိုသွားတွေ့တယ်။

“လမ်းပျောက်ဝိညာဉ်တွေနဲ့ ပြန့်ကျဲနာနာဘာဝတွေ
မီးအိမ်တွေကိုင်ပြီး နွေရာသီနောက် အပြေးလိုက်ကြတယ်”

ခင်မိုးဝေေ၀ကို လူသုံးယောက်က သုံးနေရာမှာ မုဒိမ်းကျင့်ကြတယ်။ ယတြာချေဖို့လို့ ပြောတာပဲ။

“တစ်ပါးသူကို ကုညီလိုသော ဆန္ဒဖြစ်ထွန်းလာစေသည့်အဓိကအချက်များမှာ သနားကြင်နာခြင်း၊ မတရားမှုကို ဆန့်ကျင်လိုခြင်း၊ မေတ္တာတရားထားခြင်း စသည့်အချက်များဖြစ်သည်။ သို့သော် မိမိက အသာစီးရနေသည်ကို ပြလိုခြင်း၊ ကျေးဇူးတင်ခံလိုခြင်းတို့ကြောင့်လည်း..”

သူမရဲ့ ဇာတ်လမ်းကို သူမကိုယ်တိုင် ဆက်လက် သရုပ်ဆောင်/ပြန်လည်ပြောပြသွားမည်ဖြစ်၍ အောက်ပါလိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။

၁။ အနန္တကို မလိုချင်ဘူး၊ ဇေယျာလင်း
၂။ စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု နည်းပြလက်စွဲ

ပရိုလော့ဂ်

-       မြန်မာနိုင်ငံရေးသမိုင်းကို ခေတ်ပြိုင်ကမ္ဘာ့သမိုင်းပေါ်တင်ကြည့်ခြင်း

-       အိပ်စတင်ရှယ်လစ်ဇင်ကို ဗုဒ္ဓစ်ဇင်ပေါ် တင်ကြည့်ခြင်း

-       ထမင်းစားပွဲဘေးမှာ ကပ်ရိုက်ထားတဲ့စင်ပေါ် ငရုတ်ကောင်း အချို့မှုန့်ပုလင်းတွေ တင်ကြည့်ခြင်း

ဟဲဟဲ..

တစ်ခုမှ မဟုတ်ပါခင်ဗျာ..မိန်းကလေးတွေရဲ့ တင်ကိုကြည့်တဲ့ တင်ကြည့်ခြင်းအကြောင်း ပြောမလို့ပါ။

၁။

ကျွန်တော့်ကို တင်ကြည့်တတ်အောင် သင်ပေးခဲ့တဲ့ လက်ဦးဆရာကတော့ ပုဗ္ဗာစရိယလို့ ဆိုကြတဲ့ ကျွန်တော့်အဖေနဲ့ ဒါရိုက်တာမီးပွားပါပဲ။ ခြောက်တန်းခုနှစ်တန်းလောက်မှာ မြန်မာကားတစ်ကားကြည့်နေရင်း ဈေးသွားဈေးပြန်အမျိုးသမီးတွေရဲ့ နောက်ကျောဘက်ကိုပဲ အကြောင်းမယ်မယ်ရရမရှိဘဲ ရိုက်ပြနေတဲ့ မြင်ကွင်းတစ်ခု ပါလာပါတယ်။ အဖေက “ဒါမှမီးပွားကွ”လို့ ရေရွတ်ပါတယ်။ အဲဒါ ဟောင်းအိုင်ကိမ်းတူနိုးသတ် မင်းဝတ်ခ်ျဝီးမင်းစ်ဘတ်တော့စ် ပါပဲ။ ဒါပေမယ့် တင်ကြည့်တယ်ဆိုတာပဲသိတယ်။ အရသာတော့ မခံတတ်သေးဘူး။ တင်(မိန်းမတင်)ဆိုတာ ကြည့်ရတဲ့အမျိုးပဲဆိုပီး လိုက်ကြည့်တော့လည်း ဘာဖီလင်မှ မလာဘူးဗျ။

၂။

တင်ကြည့်တဲ့ ကိစ္စကို အဓိပ္ပါယ်ရှိလာအောင် လုပ်ပေးတာကတော့ နန်းဦးပဲ။ နန်းဦးကာတွန်းတစ်အုပ်မှာ “အပျိုမစစ် ထိုကာတစ် ရစ်၍ရစ်၍ ယမ်းလိ့မ်မည်။ အပျိုအစစ် ထိုကာတစ် နိမ့်တုံမြင့်တုံ ခုန်လိမ့်မည်”ဆိုတာ သွားဖတ်မိတယ်။ ဒီစာလေးဖတ်မိတော့ အရင်ဆုံးလုပ်ရတာတော့ ဖားသားစတတ်ဒီပေါ့။ ကာတစ်ဆိုတာ ဘာမှန်းမှ မသိဘဲကိုး။ ဒါမျိုးက ရွာဦးကျောင်းဆရာတော် ပြေးလျှောက်လို့ရတဲ့ ကိစ္စလဲမဟုတ်။ နောက်ဆုံး ဆံပင်ညှပ်ဆရာ ကိုဘိုနီ (ကျွန်တော်တို့ကတော့ ကဘိုနီလို့ခေါ်)ဆီက သိရ ထင်တာပဲ။

အဲဒီမှာ နန်းဦးဟိုက်ပိုသီးဆစ်ကိုင်စွဲပီး တင်တွေကို အနယ်လိုက်စစ်လုပ်တော့တာပဲ။ မိုးကလျာကတော့ ရစ်နေပီ။ စုစုရည်ကတော့ ခုန်သေးတယ် စသည်ဖြင့်ပေါ့။ (နောက်ပိုင်းမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သီအိုရီတွေ အတော် စုမိဆောင်းမိ ရှိလာတော့ နန်းဦးဟာ တစ်ခုတည်း မကိုးတော့ပါ။ အဲဒီသီအိုရီတွေ စုထားပီး အလုပ်အကိုင် မကောင်းတဲ့အခါ သင့်ချစ်သူအား ကျွန်ုပ်ရှေသို့ သုံးမိနစ်မျှ ခေါ်လာပါ။ ../.. အတပ်ဟောမည်ဆိုပီး ဟောခန်းဖွင့်မယ် မှတ်တာပဲ။)

၃။

သုတကနေ ရသအဆင့်ရောက်ဖို့က ကြားမှာ အများကြီး ကြာသေးတယ် (နန်းဖစ်ရှင်သမားများအား စောင်းမြောင်းခြင်း မဟုတ်ပါ)။ ရစ်သလား/ခုန်သလား ခွဲခြားတဲ့အကြည့်နဲ့ ကြည့်ရာကနေ တအိအိတုန်နေတဲ့ တင်သားကို အရသာခံပြီးတစိမ့်စိမ့်ကြည့်နိုင်တဲ့ အဆင့်ရောက်ဖို့ ကြားထဲမှာ လေးငါးခြောက်နှစ်လောက် ကြာတယ်ဗျ။ ဂျီတီအိုင်တက်နေတုံး သူငယ်ချင်းတစ်ယောက်က ဖြတ်သွားတဲ့ကောင်မလေးကိုကြည့်ရင်း “ခင်မိုးဝေေ၀တောင် တော်တော်မိုက်လာပြီ”လို့ ပြောလိုက်တယ်။ ခင်မိုးဝေေ၀က ကျွန်တော်တို့နဲ့ ငယ်ငယ်တဲက သိလာတာ။ ဘယ်လိုမှမမိုက်ဘူး။ ရုပ်ကိုပြောတာပါ။ ဒီကောင်ကြည့်တဲ့နေရာကိုလိုက်ကြည့်မိမှပဲ သဘောပေါက်သွားတယ်။ ဟဲဟဲ..ဟုတ်တယ်ဗျ။ ခင်မိုးဝေေ၀ မိုက်လာတယ်။

၎။

ရှာဖွေတွေ့ရှိချက်တွေဟာ သူ့ချည်းသက်သက်ဆိုရင် အကျိုးမရှိပေမယ့် အပလိုင်းလုပ်နိုင်ရင်တော့ လူဘောင်လောကကို ပြောင်းလဲတိုးတက်စေခဲ့တယ်ဆိုတာ အားလုံးအသိပဲမဟုတ်ပါလား(ဘာလေကြီးလဲဟ)။ တင်ကြည့်ရတဲ့အရသာကို သိရပြီးတဲ့နောက်မှာတော့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော်နဲ့ ပေါင်းပြီး အပလီကေးရှင်းအော့ဖ် တင်ကြည့်ခြင်းကို လုပ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကို “တင်ကြုံစီးခြင်း”လို့ အမည်တပ်ခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက်သား လမ်းလျှောက်နေရင်း ကောင်မလေးတစ်ယောက် ရှေ့ကသွားနေတာတွေ့ရင် သူ့ရဲ့နောက်နား မလှမ်းမကမ်းထိ လိုက်ပြီးမှ ခြေလှမ်းမှန်မှန်နဲ့ နောက်က ကြည့်ရင်း ဆက်လိုက်သွားတာကို ခေါ်တာပါ။ တခါတလေ လမ်းကြောင်းကလည်းသင့်နေ၊ ရှုခင်းကလည်း သာယာနေလို့ကတော့ ကိုယ်သွားရမယ့်နေရာကို ဘယ်လိုရောက်သွားမှန်းမသိပဲ ရောက်သွားတတ်တယ်ဗျ။ ဒီနေ့အထိလည်း အထပ်မြင့်တိုက်တွေတက်တဲ့အခါ အမောသက်သာအောင် တင်ကြုံစီးတုံးပါပဲ။

၅။

ဟိုဖတ်ဒီဖတ်နဲ့ ကမ္ဘာ့စာပေမှာ ရသမြောက်ခြင်းနဲ့ အညှီဟောက်ဆန်ခြင်းကြားက စည်းဟာ ပါးပါးလေးပဲဆိုတာ တွေ့ရပါတယ်။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ တင်ကြုံစီး အဲလေ..တင်ကြည့်ခြင်းကို ဒီမှာပဲ ရပ်ပါတော့မယ်။ စာကို ပြောတာပါ။ ကျွန်တော့်အနေနဲ့ကတော့ ဘတ်စ်ကားစီးရင်း၊ လက်ဘက်ရည်ဆိုင်ထိုင်ရင်း တင်ကြည့်ခြင်းကို ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်းနဲ့ ကိုယ့်တင်ကိုအကြည့်ခံချင်စိတ်မပေါက်ခြင်းကို ဂုဏ်ယူစွာဖြင့် သူများတင်တွေကို အားကြိုးမန်တက်ကြည့်ဆဲ ကြည့်လတ္တံဖြစ်ပါကြောင်း…

 

တင်ကြည့်လျက်..

 

အဲဒီ ဆယ့်ငါးမိနစ်ဟာ မုန့်ဈေးတန်းမှာ ကပ်စီးနဲဝယ်ဖို့ဖြစ်ဖြစ်၊ စားကြည့်နေကြာစေ့ဝယ်ဖို့ဖြစ်ဖြစ် လုံလောက်ခဲ့တယ်။ မိုးမိုးလွင်ဘောလီဘောကစားတဲ့နေတွေဆိုငါတို့ နေကြာစေ့မစားဖြစ်ဘူး။ မျိုးမျိုး ငါ့လက်ဖမိုးကို ခဲတံနဲ့ထိုးခဲ့တာ နေ့လယ်နှစ်နာရီလေးဆယ့်ငါးနဲ့သုံးနာရီကြား။ အကျီလက်ရှည်ကို ခေါက်ဝတ်ခဲ့တဲ့နှစ်တွေမှာ အားလပ်ချိန်တွေဆို ငါဟာ ကျင်ငယ်နံ့နဲ့ စီးကရက်မီးခိုးထဲ မျောလို့။ ဆယ့်ငါးမိနစ်အားလပ်ချိန်မှာ ငါ့ကိုချောင်းရိုက်ခဲ့တဲ့သူငယ်ချင်းကပဲ နောက်ထပ်ဆယ့်ငါးမိနစ်အားလပ်ချိန်တစ်ခုမှာ အိမ်နဲ့အဆင်မပြေဖြစ်နေတဲ့ ငါ့ကိုအားပေးစကားပြောခဲ့တာ။ ကုလားကြီးကတော့ သုံးမိနစ်အတွင်း ကျောင်းဝင်းကိုဖြတ်ပြီး ဘစ်ဒင်တူးကနေ ဆစ်ရောက်အောင်လာတယ်။ ပြီးဝရန်တာမှာ တင်ပလွှဲမိန့်မိန့်ကြီး ခုနှစ်တန်းအေပြတင်းပေါက်ကိုငေးတာပဲ။ ငါက နယ်ကျောင်းတွေ တစ်ကျောင်းပြီးတစ်ကျောင်းပြောင်းတက်တယ်။ ရောက်တဲ့မြို့တိုင်းမှာ ဘီးအီးအိပ်ခ်ျအက်စ် ၀မ်းတွေချည်း။ အမြဲတစေ ဆယ့်ငါးမိနစ်အနားပေးတာပဲ။ ငါတို့အနားမတောင်းလဲ အနားပေးတာပဲ။ ဆယ့်ငါးမိနစ်နဲ့မလုံလောက်တဲ့အခါ သောက်ရေအိုးကြီးသွန်ပစ်ပီး ကျောင်းဝင်းနဲ့လှမ်းတဲ့ ရေတွင်းအိုကြီးဆီငါတို့ထွက်ခဲ့။ ခေါင်းလောင်းသံမြည်လာတဲ့အခါ စုပြုံပြေးသွားတဲ့ အုပ်စုထဲငါတို့မပါဘူးဆိုတဲ့အသိနဲ့ အားလုံးရဲ့နှုတ်ခမ်းတွေ တွန့်လို့ကွေးလို့။

ဦးတင်စိန်-မြန်မာကွန်တင်ပိုရီပိုဝက်။ ။ဘယ်ဟာကိုခံစားရမလဲ ရွေးဖို့အချိန်မရှိဘူး

ကိုညွန့်ခင်-မြန်မာကွန်တင်ပိုရီပိုဝက်ထရီအနယ်လစ်။        ။ခံစားဖို့အချိန်မရှိဘူး

သန်းထွန်းဦးရဲ့ အင်္ဂါနေ့ကို ဖတ်နေခဲ့တယ်။ fbပေါ်မှာ စတိတ်တုံးက သူငယ်ချင်းတွေ ပြန်ရှာနေမိတယ်။ ဘာမှ သစ်စရာမရှိလို့ နှစ်ကိုပဲ သစ်လိုက်ရတယ်။ အဲလိုရေးခဲ့တယ်။ ရှစ်တန်းတုံးက ရန်ဖြစ်လို့ သူမခဲတံနှင့်ထိုးခဲ့သောအရာလေး လက်ဖမိုးတွင်ရှိဆဲ။ သူမပင်လယ်လေရှုဖို့ထွက်သွားတယ်။ အဲဒီလို ကရော်ကမယ်ရေးပစ်ချင်တယ်။ ဒါပေမယ့် မဟုတ်ဘူး။ လစာနှစ်ဆရမယ့်ဒေသတစ်ခုဆီ မူလတန်းပြဆရာမလေးအဖြစ် ကျွန်းမကြီးကို စွန့်ခွာသွားခဲ့တယ်။ သူမနာမည်ကို ရိုက်ထဲ့လိုက်တော့ ရန်ကုန် ၃၊ မလေးရှား ၁၊ စင်ကာပူ ၁၊ မန္တလေး၁။ ဘော်စတန် ၁။ ကမ်းယံမှာရေးထားတာတွေ ပြန်ဖတ်နေခဲ့တယ်။ နန်းနန်းရဲ့ မိုးပြာအောက်က သံလွင်ဖတ်နေခဲ့တယ်။ ပန်းခူးရင် အမြစ်မပါစေနဲ့လို့ အဖြူတွေက သူတို့ကလေးတွေကို ငယ်ငယ်တည်းက သင်သတဲ့။ ကျွန်တော်ဟာ ‘မီးခိုးငွေ့ မီးခိုးမျှင်’ထဲက ဇာတ်ကောင်လို သိုင်းဝတ္ထုတစ်ထပ်နဲ့ ကျန်ခဲ့။ ဒီနှစ်/ဆောင်း/လ/ဂြိုဟ်ခွင်မှာ သောက်ကံကောင်းနေပါတယ်။ မေပဲလ်သီးရဲ့ရနံကို ပုလင်းထဲထိသယ်ဆောင်လာတာ ဒါမှအနုပညာ။ နာဇီခေတ်ကအကြောင်း ၀တ္ထုတိုများဖြင့်သာ သရုပ်မဖော်ထားလျှင် ယခုလောက်အချိန်တွင် နာဇီခေတ်ကြီးကို မေ့ပျောက်သွားကြမည်သာဖြစ်သည်။

သူက အလန့်တကြားထခုန်ပီး ပြောလိုက်တယ်။ ဒါဟာ သူ့ရဲ့နောက်ဆုံးတွေ့ရှိချက်ဖြစ်ပုံပဲ။ နေ့တိုင်းဟာ နောက်ကြောင်းပြန်လှည့်လို့မရတဲ့ လမ်းတွေ။ အသင်တို့ သတိပြုမိရဲ့လား။ ပျော်ရွှင်ဖွယ်ရာအချိန်များ စတင်ကြောင်း သေချာအောင်ပြုလုပ်ပြီးမှ အားလုံးပါဝင်ဆင်နွှဲလိုကြသည်ပေါ့။

သူများခံရတဲ့ ဓားချက်ကို
ကိုယ်ပေါ် စိတ်မှန်းနဲ့တင်ကြည့်ရင်း
တညကုန်သွားတယ်..
ဒီနေရာမှာ လေတိုက်တယ်
အပူချိန် ၂၉ ဒီဂရီ
ငါတို့လေနဲ့အတူ
ပါမသွားဘူး..

၁။
”စာရေးတယ်ဆိုတာ စိတ်ကိုမာစတာဘေးရှင်းလုပ်တာပဲ”
ကဲ..ဟုတ်ပါပြီ။ ဒါဆိုအောင်ချိမ့်ကြီးက တပ်ထွက်ပေါ့။ ဒီလိုလဲမဟုတ်သေဘူး။ သူ့မှဒီလိုထွက်နိုင်အောင် ဘယ်လောက်အပ်အင်ဒေါင်းခဲ့ရတယ်ဆိုတာ ပန်းဆိုးတန်းနဲ့ ဘိုအောင်ကျော်လမ်းမကြီးတွေသာသိပေချိမ့်။

၂။
သူငယ်ချင်းတစ်ယောက်က စတိဗ်ဂျော့အင်တာဗျူးကို မထွက်ခင်ထဲက ကြိုမှာနေတယ်။
ဝမ်းနိုင်းကျူဖောဒေါင်းလုပ်ဆွဲလို့ရလျှင် ပို့ပေးကြပါ။

၃။
ကျွန်တော့်စာတွေကို ဖတ်ဖို့ ခင်ဗျားအဆင့်သင့်မဖြစ်သေး/ဖြစ်ချိန်ကျော်သွားလျှင် ဆောရီးပါ။
မ၀င်းမေလို ကဗျာစာအုပ်တစ်အုပ်ရေးနိုင်ဖို့ကတော့ ဒီဘ၀ရဲ့ အော်ဂျက်တစ်ပေါ့။

၎။
အဲဒီတောအုပ် (မေပယ်)ထဲမှာ မေပယ်ပင်တစ်ပင်ရှိတယ်။
အဲဒီမေပယ်ပင်မှာ ကြိုကွင်းတစ်ခုအသင့်ချိတ်ပီးသားရှိတယ်။
မေပယ်ရွက်ပုံ http://www.anotherplanerecords.com/APR/XL2_Nature_Photos/MapleLeave_red.jpg တွင်ရှု။

“အလကားပေးတာ ယူမယ့်လူမှ မရှိတာ။ ရောင်းလိုက်ဖို့ပဲ ရှိတော့တယ်”

သူမက ငြိမ်နေလိုက်သည်။

“ခက်တာက အဖေကလည်း ပေးလိုက်ပြီးရင် ရံခါဆိုသလို သူ့မိုးသီးကို သွားကြည့်ချင်သေးတာ။ ရောင်းလိုက်ရင်တော့ အဲဒီအခွင့်အရေး ဘယ်ရတော့မလဲ”

ဇော်က ပြောရင်း သူမရဲ့အခန်းကို လိုက်ကြည့်နေသည်။ ရိုးရိုးပဲ ကြည့်တာလား။ ဒီလောက်ခန်းအကျယ်ကြီးမှာ မိုးသီး နေရာမပေးနိုင်ဘူးလားဆိုပြီး ကြည့်တာလား။ ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ အခန်းထဲမှာ တိရိစ္ဆာန်တစ်ကောင်နဲ့ အတူနေဖို့ စိတ်ကူးလို့မရနိုင်ပေ။

“ကိုယ် မှော်ဘီဘက်က အန်ကယ်တင့်ဆီ သွားကြည့်လိုက်ဦးမယ်။ မင်းလိုက်မလား”

“မလိုက်တော့ဘူး။ ငါ ဂရင်းမီးရထားမှာ ယောဂအတန်းရှိတယ်”

အခန်းထဲက ထွက်သွားသည်အထိ မိုးသီးက သူမကို အားကိုးသော မျက်လုံးအစုံဖြင့် ကြည့်နေဆဲ။ သူမအတန်းဖျက်ပြီး ဇော်နှင့် လိုက်သွားပေးရင် အကောင်းသားလို့ တွေးနေမိသည်။ မဖြစ်သေးပါဘူး။ သူမအတန်းမှာ သင်တန်းသားက သိပ်မများသေး။ တော်ကြာ ပိုင်ရှင်က နောက်တစ်တန်းအတွက် မငှားပဲနေဦးမည်။ သူမအတွက် အခုအချိန်မှာ ယောဂတန်းက ၀င်ငွေကလည်း အရေးကြီးနေသည်။ လောလောဆယ်သူမတွင် အင်္ဂလိပ်စာအတန်းက တစ်ခုသာရှိသည်။ သူမရောက်ခါစနှစ်တွေကလောက် အဆင်မပြေလှ။ ထိုစဉ်ကတော့ သူမအနေဖြင့် သံရုံးသင်တန်းတချို့ရော..အပြင်က သင်တန်းတွေမှာပါ အလုပ်တွေရခဲ့သည်။ နောက်တော့ နာဂစ်မုန်တိုင်းတိုက်သည်။ နာဂစ်တိုက်ပြီးနောက်ပိုင်း တစ်နှစ်ကျော်နှစ်နှစ်လောက်အထိကတော့ နာဂစ်နဲ့ပတ်သက်တဲ့ အလုပ်တွေ တစ်ခုပြီး လုပ်နေခဲ့ရသည်။ အစီရင်ခံစာတွေ ရေးပေးရတာ၊ စာအုပ်တွေတည်းဖြတ်ပေးရတာ၊ အကြံပေးလုပ်ရတာ။ အဲဒီတုံးကဆို ဇော်နှင့်လည်း ကတောက်ကဆ ခဏခဏ ဖြစ်ရသည်။ အလုပ်တွေရှုပ်လိုက်၊ ဇော်နှင့်ရန်ဖြစ်လိုက်၊ ဇော်နှင့်ရန်ဖြစ်ထားတုံး ဗီဇာကလည်း ကုန်တော့ တော်ပြီ..ပြန်မလာတော့ဘူးဆိုပြီး သူမရဲ့နိုင်ငံအထိ ပြန်သွားလိုက် ဖြစ်နေခဲ့သေးသည်။

နောက်တော့လည်း မနေနိုင်ပါဘူး။ ဒီမှာနေနေစဉ် မသိသာပေမဲ့ ဒီနိုင်ငံကနေထွက်သွားရင် ဇော့်ကိုပဲ သူမ သတိရနေမိသည်။ အိုင်ဗရီကို့စ်ဘက်သွားဖို့ အလုပ်တစ်ခုလျှောက်ထားတာ အင်တာဗျူးတဆင့်အောင်ပြီးမှ ဆက်မဖြေဖြစ်တော့။ သူမရဲ့ ခြေလှမ်းတွေက ဇော်နဲ့ ဝေးရာဆီသို့ လှည့်၍မရ။

နောက်ဆုံးတခေါက်လာတာကတော့ တကယ့်ကို အားတင်ပြီးလာခဲ့ရတာဖြစ်သည်။ သံရုံးက သူမကို အလုပ်ပေးသော်လည်း အတန်းတတန်းစာသာဖြစ်ပြီး လခအတော်နည်းနေသည်။ အပြင်က သင်တန်းတွေမှာကလည်း မွေးရာပါအင်္ဂလိပ်စကားပြောတတ်တာကလွဲလို့ ဘာပညာရေးအတွေ့အကြုံနောက်ခံမှ မရှိတဲ့သူတွေ အတော်များများက ဈေးကွက်ကို ဖျက်ထားကြသည်။ သူမကတော့ သူတို့ဈေးနှင့်မသင်နိုင်။ နောက်ပြီး သူတို့တွေနဲ့လည်း ရောပြီး မသင်နိုင်။ ဒီလိုနဲ့ သူမယောဂကောင်းကောင်းတတ်တာ သိထားတဲ့ သူငယ်ချင်းတစ်ယောက် ချိတ်ပေးတာနဲ့ ဂရင်းမီးရထားမှာ ယောဂဆရာမ ဖြစ်လာတာဖြစ်သည်။ အဲဒီအတန်းကလည်း အခြေအနေသိပ်အကောင်းကြီးမဟုတ်။ သင်တန်းသား သိပ်မရ။ သူမရဲ့ သင်တန်းသားတစ်ယောက်ကတော့ နေပြည်တော်မှာ သွားလုပ်ချင်ရင် ချိတ်ပေးမည်ဟု ပြောသည်။ နေရေးလည်းအဆင်ပြေ၊ လစာလည်းကောင်းစေရမည်ဟု အာမခံသည်။ တကယ်သွားလို့ ဖြစ်နိုင်မဖြစ်နိုင်တော့ မစုံစမ်းကြည့်ရသေး။

နေ့လည်စာကို အခန်းထဲမှာပဲ စားလိုက်ပြီး အပြင်ထွက်ရန်ပြင်သည်။ မြို့ထဲက ပြန်လျှင်တော့ မြေနီကုန်းစီးတီးမတ်က ပေါ်ပြူလာစာအုပ်ဆိုင်မှာ စာအုပ်ဈေးပွဲဝင်ရမည်။ ပေါ်ပြူလာက ပုံမှန်အားဖြင့် ဈေးကြီးပေမယ့် ဈေးပွဲတော်မှာတော့ တန်တန်ရာရာလေးတွေ ရချင်လည်းရနိုင်သည်။

တက္ကစီက အင်းလျားကန်ဘေးက ဖြတ်မောင်းနေတုံး မိုးဖွဲလေးတွေကျလာသည်။ သူမနေခဲ့သည့် လေးငါးနှစ်အတွင်း ရန်ကုန်မှာ မတ်လကြီး မိုးရွာခဲသည်။ အခုတော့ နှစ်ပတ်လောက်ရှိပြီ။ သုံးလေးရက်လောက် မိုးရွာလိုက်။ နေပြန်ပွင့်လာလိုက်။ ပြန်ရွာလိုက်။ ရွှေဂုံတိုင်ပွိုင့်မှာ မိနေတုံး ဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ ဇော့်ဆီက။ မိုးကပိုသည်းလာနေသဖြင့် မှန်ကို အပြည့်ပိတ်လိုက်ရသည်။ တော်သေးသည်။ ငှားလာသည့်ကားက ထူးထူးဆန်းဆန်း အဲကွန်းကောင်းနေပေလို့။ မိုးသံကြောင့်လား ဇော့်ဖုန်းက လိုင်းသိပ်မမိလို့လားမသိ။ ကောင်းကောင်းမကြားရ။ မိုးသီးကို အန်ကယ်တင့် ခြံနီးချင်းတစ်ယောက်က လက်ခံမည်တဲ့။ တစ်လတခါဆိုသလိုလည်း လာကြည့်လို့ရသည်။ အင်း..ဇော့်အဖေက နောက်ဆို ဇော့်ပဲ လွှတ်နေမှာ လို့ သူမက ပြောလိုက်သည်။ ဇော်ကရယ်လျက် အေး..နောက်တခေါက်ဒီကိုလာရရင်တော့ မင်းလဲလိုက်မှ ဖြစ်မှာ..။ ဖုန်းကျသွားသည်။

 

တံခါးကို ဟလိုက်သည်နှင့် ၀မ်းနည်းအားငယ်မှုတို့ အထင်းသားပေါ်လွင်နေသည့် မျက်ဝန်းအစုံကို တွေ့လိုက်ရသည်။ တံခါးတွင် ချိတ်ထားသော သံကြိုးလေးကို သူမ ဖြုတ်လိုက်သည်။

“ဒါက ဘယ်လိုဖြစ်တာလဲ”

“ဘယ်လိုဖြစ်ရမလဲ။ အဖေတို့က အိမ်ပြောင်းတော့မှာလေ..။ သူတို့ပြောင်းမဲ့ကွန်ဒိုမှာ ခွေးမွေးလို့မရဘူးတဲ့”

မိုးသီးက ဇော့်ခြေထောက်နှစ်ချောင်းကြားမှ နေ၍သူမကို စိုက်ကြည့်နေသည်။ သူကလည်း အခြေအနေကို နားလည်သဘောပေါက်နေသည့်အလားပင်။

တောင်းပန်တိုးလျှိုးနေသော မျက်ဝန်းအစုံကို မျက်နှာလွှဲလိုက်ပြီး ဇော့်ကို သူပြောလိုက်သည်။

“နိုး..နိုး၊ ဇော်..မရဘူး၊ ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

သူမ၏ ငြင်းဆိုမှုကို ကြားလိုက်ရသော်လည်း ဇော့်မျက်နှာက သိသိသာပြောင်းလဲမသွား။ ဇော့်ပုံစံက အမှတ်စစ်သည့်ဆရာမများထံ အမှတ်ဘယ်နှမှတ်အတွက် ငွေဘယ်လောက်ဆိုတာမျိုး ပေးခဲ့ပြီးဖြစ်၍ အောင်စာရင်းတကယ်ထွက်သည့်အခါ ရင်ခုန်မှုမရှိသည့် ကျောင်းသားတစ်ယောက် အသွင်ကို ဆောင်နေသည်။

မိုးသီး၏ ကျောကို သူမသပ်ပေးနေစဉ် ဇော်က မီးဖိုဆောင်ဘက်သို့ ထွက်သွားသည်။ ပြန်ထွက်လာတော့ ကော်ဖီနှစ်ခွက်ယူလာသည်။ သူမလည်း ဆံပင်များခြောက်အောင် တဘက်ဖြင့် သေချာသုတ်နေလိုက်သည်။ “စူးစူးကိုကော ဘယ်လိုလုပ်ထားသလဲ”။ စူးစူးမှာ ဇော့်တို့မွေးထားသည် နောက်ထပ်ခွေးတစ်ကောင် ဖြစ်သည်။ စူးစူးက စပင်နီယယ်ဖြစ်ပြီး မိုးသီးက အယ်ဇေးရှင်းဖြစ်သည်။

“စူးစူးက ယူမယ့်လူရှိတယ်”

“အင်း…မိုးသီးကျတော့ ဘယ်လိုဖြစ်လို့လဲ”

“အသိထဲမှာက ခြံရှိတဲ့လူက သိပ်မရှိဘူးလေ။ ကိုယ်တော့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး”

သူမ တိတ်ဆိတ်နေသည်။ ဒီစကားကို ဇော်ပြောလိုက်သည်က သူမထံမှ အကြံညဏ်လိုချင်၍ မဟုတ်ဆိုသည်ကို သူမသိပြီးသား။ ဒီလိုပဲ အကြံအိုက်စရာ ကြုံလျှင် ဇော် သူမဆီ ပြေးလာစမြဲ။ ကိုယ်တော့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူးဟု ပြောစမြဲ…။ နောက်တော့ သူ့ဖာသာသူ ဆုံးဖြတ်ချက်တစ်ခုချစမြဲ။ အစပိုင်းကတော့ သူမက ၀င်ပြီး အကြံပေးတာတွေ ဘာတွေလုပ်သေးသည်။ ရွေးစရာလမ်းနှစ်ခုရှိလျှင် သူမပြောသည်ကို မရွေးဘဲ သူထင်ရာကိုပဲ ရွေးတတ်တာမို့ နောက်တော့ သူမ ဘာမှ ၀င်မစွက်တော့။

ဇော်နှင့် သူမ ပတ်သက်ခဲ့သည်မှာ ကြာပြီ။ ချစ်သူတွေ ဖြစ်ခဲ့ကြသည်မှာလည်း ကြာပြီဖြစ်သည်။

စိတ်ကူးတွေက အတိတ်ဆီသို့ ပြန်ပြေးသွားသည်။ ၂၀၀၇ခုနှစ်က ဒီနိုင်ငံသို့ သူမ ပထမဆုံးရောက်လာပြီး တစ်ပတ်မပြည့်ခင် ဇော်နှင့် စတင်ဆုံဆည်းခဲ့သည်။ အဲဒီနေ့က အသိတစ်ယောက်က အပြင်မထွက်ဖို့ မေးပို့ထားပေမယ့် ဂျာနယ်လစ်တစ်ယောက်အဖြစ် အသက်မွေးခဲ့ဘူးသည့် သူမရဲ့ ဗီဇက တိုက်တွန်းသဖြင့် သူမအပြင်သို့ထွက်လာခဲ့သည်။ ကမ္ဘာအေးဘုရားလမ်းတလျှောက် ဖြတ်သန်းလာပြီး မြို့ထဲသို့ ရောက်လာသည်အထိ ဘာတစ်ခုမျှ ထူးထူးခြားခြားမတွေ့ရ။ ဆူးလေးဘုရားလမ်းတွင်တွေ့ရသည့် ကော်ဖီဆိုင်တစ်ဆိုင်တွင် ၀င်ပြီး မနက်စာစားတော့ နံနက် ကိုးနာရီကျော်ကျော်ခန့်ရှိမည်။ နာရီဝက်ခန့်အကြာတွင် လမ်းမတလျှောက် မြင်ကွင်းမှာ ပြောင်းလဲလာသည်။  ဂျာနယ်လစ်တစ်ယောက်အဖြစ် ငါးနှစ်ခန့်လုပ်ကိုင်ခဲ့သည့် အလေ့အကျင့်က သူမကို ဆိုင်ပြင်သို့ တွန်းပို့လိုက်သည်။ ………………………………………………………………………………………………………………………………………………………..

………………………………………………………………………………………………………………………………………………………

………………………………………………………………………………………………………………………………………………………….

……………………………………………………………………………………………………………………………………………………..

ပြေးလွှားနေသော လူအုပ်မှာ သူမနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော်လည်း မကြာမီ သူမရှိရာသို့ ရောက်လာတော့မည်ဖြစ်သည်။ အနောက်ဘက်ရှိ ဆိုင်ခန်းတစ်ခုခုထဲသို့ ခွင့်တောင်းဝင်ရောက်ရန် ကြည့်လိုက်သော်လည်း တံခါးများ ပိတ်ထားသည်ကို တွေ့ရသည်။ ခပ်လှမ်းလှမ်းရှိ သူမစောစောက ထိုင်ခဲ့သော ကော်ဖီဆိုင်မှာ ဘယ်အချိန်က အလူမီနီယံလိပ်တံခါးကို ချလိုက်မှန်းပင်မသိလိုက်ရ။

ထိုစဉ်မှာပင် သူမကျောဘက်ဆီမှ ဟေး..ဒီကို လာခဲ့ဆိုသော ပီသသည့် အင်္ဂလိပ်စကားသံကို ကြားလိုက်ရသည်။ ဘေးဘီကို လည့်ကြည့်တော့ သူမကို ကြည့်နေသူ ဘယ်သူမှမတွေ့ရ။ ဟေး..အပေါ်မှာ..ဒီမှာ။ အပေါ်ကို မော့ကြည့်လိုက်တော့ ပထမထပ်အခန်းတစ်ခုမှ လူငယ်တစ်ယောက်က သူမကို လက်ယပ်ကို ခေါ်နေသည်။   သူမလည်း ကမန်းကတန်းအပေါ်သို့ ပြေးတက်ခဲ့သည်။ သူမထက် ငါးနှစ်ခန့်ငယ်ပုံရသော ထိုလူငယ်က သူ့ကိုယ်သူ ဇော်ဟု မိတ်ဆက်ရင်း လိပ်စာကဒ်ပြားတစ်ခု ကမ်းပေးသည်။

တဖြည်းဖြည်းနှင့် မြစ်ပြင်ကို လရောင်နှင့် တံတားပေါ်မှ မီးရောင်တို့က တ၀က်စီ သိမ်းပိုက်လိုက်သည်။ သူ့ရဲ့ ခရေပွင့်တွေလည်း ပျက်စီးကုန်ပီ။ ဘယ်လို့မှ မခံနိုင်တော့တဲ့အဆုံး ငြင်းရမလားဆိုပီး ဓားနဲ့ထိုးသတ်လိုက်ကြတယ်။ မြင်ကွင်းထဲသို့ ဈေးသင်္ဘောကြီးဝင်ရောက်လာသည်။ နဲနဲလှမ်းနေသဖြင့် သင်္ဘောပေါ်တွင် ဘာကုန်တွေပါလဲဆိုတာ မမြင်ရ။ သူပြောတဲ့ ဆယ့်ရှစ်ယောက်ဆိုတာ အိုဗာတင်းဖြစ်ချင်လည်းဖြစ်မယ်။ ဒါပေမယ့် အပွင်မတွေက မိန်းမတွေထက်တော့ အန္တရာယ်ပိုများတာ အမှန်ပဲ။ သူတို့က တပြိုင်တည်းအများဆုံး သုံးယောက်လောက်ပဲကြုံကြရတာ။ မြစ်ဝကျွန်းပေါ်ဘက်က တောင်းတွေ ပလုံးတွေပါလာတတ်တယ်။ ဒီလိုပဲတစ်နေရာကတစ်မျိုးပေါ့။ ညောင်ဦးရောက်ရင် ပုံးရည်ကြီး။ ပခုက္ကူရောက်ရင် သနပ်ခါး။ နှစ်နံစပ်လုံချည်တွေ။ မန္တလေးရောက်ရင်တော့ တရုတ်တွေပေါ့။ သူတို့ကလည်း မျှားတာပဲ။ အလန်းလေးဆိုပီလိုက်သွား။ ဟိုရောက်မှာ တအုပ်ကြီး။ ရောက်သွားမှ ငြင်းဖို့မလွယ်ဘူး။ ဖြိုရတာပဲ။ ဓားတွေ ချိန်းကြိုးတွေ မိုးထားတာ။ အဲဒီအခါမျိုးကျရင်တော့ စိတ်ထဲမှာ ကိုရီးယားမင်းသားရိန်းကိုပဲ စိတ်ကူးနေလိုက်တယ်။ ဆိုကရေးတီးပေါ့။ အကုန်လုပ်မှ တစ်အုပ်လုံးပြိုတာ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်လည်း ဈေးသင်္ဘောတွေနဲ့ လျှောက်လိုက်ဘူးတယ်။ ကျွန်တော်တို့ကတော့ မြစ်ရိုးတလျှောက် ဈေးသင်္ဘောကြီးနဲ့ တရွာဝင်တရွာထွက် လျှောက်သွားရတာမျိုးကို စိတ်ကူးယဉ်ကြည့်နေတာ။ ဈေးသင်္ဘောပေါ်က တကယ့်ဈေးသည်တွေကတော့ ဘယ်ရောက်ရင် ဘာရောင်းပီး ဘာဝယ်လို့ ဘယ်လောက်ကျန်မလဲပဲ တွက်နေရတာ။ မြစ်ပြင်ပေါ် လရောင်ဖျာတာလည်း သိမှာမဟုတ်ဘူး။ မီးတွေလင်းထိန်နေတဲ့ တံတားကြီးအောက်က ဖြတ်သွားတာလည်း သတိပြုမိမှာ မဟုတ်ဘူး။ ဒီလိုပဲတစ်နေရာမှာ ကြာရှည်တည်မြဲလာတော့လည်း အပြောင်းအလဲ လုပ်ဖို့ကမလွယ်တော့ဘူး။ ခင်ဗျားတို့ အလုပ်ပြုတ်တော့မယ်လို့ ပြောပေမယ့် သူကတော့ ဘာမှမဖြစ်ဘူး။ သူ့မှာအတွေ့အကြုံ့ ရင့်နေတာကိုး။ ဒီဆယ်နှစ်အတွင်းမှ သုံးခါလောက်တော့ ပြောင်းခဲ့ပြီလေ။ မဟုတ်လား။ အဓိကကတော့ အိမ်ထောင်စုထဲမှာ ပိုက်ဆံရှာတဲ့လူတစ်ယောက်ပဲရှိရင်တော့ ဒုက္ခရောက်မှာပဲ။ ရုံးပတီကင်၊ ပဲပြားကင်၊ အာလူးကင်တို့ရောက်လာသည်။ ညခင်းလေးကား အေးမြစိုပြည်ခဲ့ပြီ။ ကျွန်တော့ကတော့ အချစ်နဲ့ အိမ်ထောင်ရေးကို ခွဲထားစေချင်တယ်။ အိမ်ထောင်ရေးထဲမှာ အချစ်ဟာ မရှင်သန်နိုင်တော့ရင် သူ့ကို အပြင်တစ်နေရာမှာ မွေးမြူရမှာပဲ။ မျက်လုံးလေးတွေပိတ်သွားတတ်တဲ့ သူ့အပြုံးကို ဘယ်လိုမှ မမေ့နိုင်ဘူးဖြစ်နေတယ်။ ခင်ဗျားပြောတဲ့ ဘူးသီးကို လက်သည်းနဲ့ဆိတ်ထားတဲ့ပုံလေးပေါ့။ ဟာ..ငါးကင်ပါ မှာထားတာလား။ သူများတွေကို ဒုက္ခလိုက်ပေးနေပေမယ့် ကိုယ့်ကိုကို သူတော်ကောင်းလို့ ထင်နေတာတော့ အဆိုးဆုံးပဲ။ ဒီလောက်ကြီး ဒုက္ခပေးဖို့ဆိုတာကလည်း သူငယ်ချင်းအရင်းကြီးမို့ပေါ့။ ဟဲဟဲ။ ဘေးလူကတော့ ဒီလောက်ထိကပ်လို့ရမလားဗျ။ ယိုးဒယားဟင်းချိုလေ..ဟို တစ်ယောက်စာခွက်လေးတွေနဲ့ အဲဒါ။ ဟုတ်တယ်။ ဈေးသင်္ဘောကြီးက တံတားရဲ့ ဟိုဘက် အမှောင်ရိပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

Older Posts »

Follow

Get every new post delivered to your Inbox.