Feeds:
Posts
Comments

ဒီဘလော့ကို မှန်မှန် ဖတ်ရှုအားပေးခဲ့သူတွေလည်း ရှိပါလိမ့်မယ်… အရင်ကဖတ်ခဲ့သူတွေရော.. အခုဒီပို့စ်ကနေ စတင်ဖတ်ရှုနေသူတွေကိုရော..ပြောချင်တာက Kanyan’s Blog မှ ဖတ်ရှုသူတွေကို နှုတ်ဆက်လိုက်ကြောင်း(Goodbye! not greeting) ပါ..

အဓိကအကြောင်းကတော့ စာမှန်မှန်မရေးဖြစ်တော့လို့ပါပဲ…

ဒီဘလော့မှာ နောက်ထပ်ပို့စ်အသစ်တွေ တင်သွားမှာ မဟုတ်တော့ပါ…

အခပေးလွှင့်တင်ထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုမဟုတ်ပဲ wordpress blog တစ်ခုသာ ဖြစ်တာကြောင့် အချိန်အတော်ကြာတဲ့အထိတော့ online မှာ ရှိနေလိမ့်ဦးမယ် ထင်ပါတယ်…

သူ့တို့ရဲ့ စာတွေကဗျာတွေကို ဖော်ပြခွင့်ပြုခဲ့တဲ့ (တကယ်က ခွင့်ပြုချက်မတောင်းဖြစ်တာလည်း ရှိ) သူငယ်ချင်းတချို့ ဆရာတချို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်..

မယုံကြည်နိုင်အောင်ပါပဲ.. လေးနှစ်ကျော်ကြာခဲ့တယ်..ခုတော့ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်…

မိုးဆတ်/စင်ကြယ်ငြိမ်း

အရင်းဆုံး ဘဲက စားမယ်။ နောက်တော့ ပုံပြောပြီး လစ်သွားရော။ အိမ်မှာက ပထွေးရှိတယ် ဖအေကြီးက ရောဂါသည်။ အမေက မလုပ်တတ်မကိုင်တတ်။ ကြီးကြီးညွှန့်တို့က ရန်ကုန်မှာ အလုပ်ကောင်းတယ်ဆိုလို့.. ဒါမှမဟုတ် စိတ်ညစ်ညစ်နဲ့ အိမ်ကထွက်လာ။ အဝေးပြေးလမ်းမတစ်နေရာ (ကြောင်သူတော်လည်းမဟုတ်/ကြွက်သူခိုးလည်း မဟုတ် သူ့အလုပ်သူ့လုပ်တဲ့ အဝေးပြေးကားသမား (s)နဲ့တွေ့မယ်။ နောက်တော့နောက်တော့ တဖြည်းဖြည်းနဲ့..၂
ထိုပုဂ္ဂိုလ်၏ ညစဉ်အပန်းဖြေ လုပ်ငန်းများမှာ စင်တင်တေးဂီတများတွင် အမျိုးသမီးငယ်များအား ပန်းကုံးစွပ်ခြင်း၊ ခြေတော်တင်ခြင်း၊ KTV သွားခြင်း၊ အနှိပ်ခန်းသွားခြင်းတို့ ဖြစ်ပါသည်။ ၎င်းအပန်းဖြေသော နေရာများမှာ နေပြည်တော် ပျဉ်းမနားရှိ အေးဇင်အောင် စင်တင်တေးဂီတ၊ လှိုင်း KTV ၊ လမင်းသာ KTV၊ အနှိပ်ခန်းမျိုးစုံနှင့် အခြားဇိမ်ခံ လုပ်ငန်းမျိုးစုံတို့ ဖြစ်သည်။၃
၁။ common sense
၂။ notes from Safari
၃။ photayokeking.org

အက်ဖ်အမ်

နံနက်ခင်း ဗုံးပေါက်ကွဲမှုသတင်းအပြီးမှာ
ပျော်ရွှင်ဖွယ်ရာ သီချင်းကို နားထောင်ရတယ်
အိမ်သာထဲဖြစ်ဖြစ်
မီးဖိုထဲဖြစ်ဖြစ်
ဧည့်ခန်းထဲဖြစ်ဖြစ်
ဒီဗုံးဟာ ငါ့အိမ်ထဲပေါက်တဲ့ဗုံးပဲ
အုန်း ခနဲ အသံမှာ
ရင်ဘတ်ထဲက ကြိုးတွေ ထောင်းခနဲပြတ်ထွက်
ငါ့အတ္တက သစ်ကိုင်းဖျားမှာ တက်ချိတ်နေတယ်
ဟုတ်တယ်
အက်ဖ်အမ် ဆိုတာ မိသားစုအရေးပဲ
ဗုံးကွဲမှုအပြီးမှာ
ပျော်ရွှင်ဖွယ်ရာ သီချင်းကို နားဆင်ရဖို့ပဲ မဟုတ်လား။့ 

ပီမို
၁၃.၁၀.၂၀၁၃

Déjà vu*

သောက်ပြီးသား မြန်မာ

သုံးပြီးသား အဖော်

သုတ်ပြီးသား တစ်ရှူး

အဲယားကွန်းကို ၁၆ ဒီဂရီအထိချလိုက်တာ

ဖုန်းကို ဖလိုက်မုဒ် ပြောင်းလိုက်တာ

မာလ်ဘိုရိုကို မီးညှိလိုက်တာ

ဒေစီ့ကျောပြင်ပေါ်က မှဲ့နက်ကလေးရယ်

ဗန်ပါစီ လူကျွံဘော ဖြစ်တာရယ်

သတင်းမှတ်တမ်းတစ်ခုပေါ်က ဖျတ်ခနဲ သူ့မျက်နှာရယ်

အဲဒီခဏငယ်လေးအတွင်း

ကျီးကန်းတွေ အာ မအာ

ဖိနပ်ကြိုး ပြေကျ နေ မနေ

သေနတ်ကို ခါးမှာ ချိတ်ထား မထား

မီးခိုးတွေက သစ်ပင်တွေကြားထဲ တလူလူ

အော်သံတွေက လမ်းပေါ် တလိမ့်လိမ့်

စက်တင်ဘာရဲ့ အနံ့က ညှီစို့စို့

အဲဒီခဏငယ်လေးအတွင်း

သေနတ်ခလုတ်ကို အရင်ကလည်း ဆွဲညှစ်ဖူးတယ်

အ၀ါရောင်လှိုင်းတွေ အရင်ကလည်း တွေ့ခဲ့ဖူးတယ်

ဦးထုပ်ကိုဖောက်ဝင်လာတဲ့ အပူဒဏ်ကို အရင်ကလည်း ခံရဖူးတယ်

ရုတ်တရက် ထပျံသွားတဲ့ ခိုတွေ

ပလက်ဖောင်းပေါ်က ဖိနပ်အပြတ်တွေ

နံရံမှာ ဖောက်ဝင်နေတဲ့ ကျည်ရာတွေ

အဲဒီခဏငယ်လေးအတွင်း

နဖူးကချွေးတွေ သုတ်ပြီးသွားပြီ

မျက်မှန်ကို ပြန်တပ်ပြီးသွားပြီ

အူနေတဲ့နားကို ပိတ်ပြီးသွားပြီ

မြင်ကွင်းဟာ အာရပ်တွေမဟုတ်

သူဟာ မားဆိုးမဟုတ်

နင်းထားတဲ့ မြေသားက ပင်လယ်ကွေ့က သဲသောင်မဟုတ်

အဲဒီခဏငယ်လေးအတွင်း

ခေါင်းပေါ်က အပူကြောင့်

ကြိုးကို လည်ပင်းမှာ စွပ်ချလိုက်တယ်

ပါးကွက်သားရဲ့ မျက်နှာဟာ သူ့မျက်နှာပဲ

ဟာ အသံနည်းနည်းတိုးပါဦး အိပ်လို့မရတော့ဘူး

ဒေစီက စောင်ကိုဆွဲယူပြီးပြောလိုက်တယ်

အဲဒီခဏငယ်လေးအတွင်း။

 

Déjà vu*= လက်ရှိဖြစ်ပျက်နေမှုကို ယခင်ကလည်းတွေ့ကြုံခံစားဖူးသည်ဟု ထင်မှတ်မှားခြင်း

 

 

ပီမို

၂၁.၀၉.၂၀၁၃

ကျွန်တော်ဟာ ဂစ်တာတစ်လက်လို့ပြောလည်း ကြိုးတွေကို ညှိလိုက်တာပဲ
ကျွန်တော်ဟာ သစ်ရွက်တစ်ရွက်လို့ပြောလည်း လေထဲလွင့်ဝဲပစ်လိုက်တာပဲ
ကျွန်တော်ဟာ အမှိုက်ထုပ်တစ်ထုပ်လို့ပြောလည်း ချောင်ထဲခွေခေါက်အိပ်လိုက်တာပဲ။

မိတ်ဆွေတွေနဲ့ လိမ်ညာပြီး အရက်မသောက်ချင်တော့ဘူးလို့
ကျွန်တော် ပြောမလာခင်အထိ
ကျွန်တော့်ရယ်သံတွေက အစစ်လိုပါပဲ။
(ဒီနေရာကစလို့ ကျွန်တော်ဟုဆိုလျှင် သူဟုမှတ်ပါလေ)

ပြန်တွေးတော့
ကျွန်တော်ဟာ မီးခိုးတွေဖြစ်လို့
ကိုယ့်ကိုကိုယ်ပြန်ခေါ်ဖို့ မကြိုးစားဘဲ
တစ်ယောက်ယောက် အခေါ်ကို စောင့်နေခဲ့ရတာ
သေတ္တာထဲ သေနေတဲ့ စာရွက်ဝါကျင်ကျင်တွေပဲကျန်တယ်။

ကမ္ဘာစစ်ထဲ ကျွန်တော်မရောက်ခဲ့သလို
ကမ္ဘာအစစ်ထဲ ကျွန်တော်မ၀င်ခဲ့
ကျန်ခဲ့တဲ့ စာရွက်အ၀ါတွေထဲက စာကြောင်းတွေလို
ဝါကျတစ်ကြောင်းနဲ့ တစ်ကြောင်းအကြားမှာ
တစ်နာရီ တစ်ရက် တစ်လ တစ်နှစ်
အစရှိသဖြင့် ကြာမြင့်ခဲ့သော
ကျွန်တော်ဟာ ဖတ်မရအောင် သေနေတဲ့ အသေ။

အခု အရေးအသားဟာလည်း
ခင်ဗျားကျက်မိနေတဲ့ လူတစ်ယောက်လိုလိုနဲ့
ဒီခေတ်ထဲ ဘယ်သွားဖွင့်ရမှန်းမသိတဲ့
အက်ကြောင်းထပ်နေသော ဓာတ်ပြားအိုကြီးလို
ကျွန်တော့် အသံဟာ
ရွေ့နေတဲ့ လူအုပ်ကြီးကြားထဲ ကျပျောက်ခဲ့။

ပြောလိုက်ရင် မနေ့ကအကြောင်းပဲပြန်ရောက်သွားတယ်
လေထဲမှာ တရွတ်တိုက်မျောနေတယ်
ကြယ်လိုပဲ ဘယ်သူမှမသိခင် ကြွေသွားတယ်။

ဒီလိုပါပဲ
ဒီနေ့သွေးထားတဲ့ဓားဟာ
မနက်ဖြန်မှာ တုံးတယ်။ ။

ပီမို
၀၅.၀၉.၂၀၁၃

တနေရာရာကို သွားဖို့ အဆင်သင့် ဖြစ်ပြီလား မသိ။ မနှစ်က ဒီလိုနေ့မှာ ဆေးရုံ တက်ခဲ့ရတာ သတိရတယ်။ မင်းတော့ သေမှာပဲလို့ ပြောတဲ့ ဆရာဝန်ကြီးရော အသက်မှ ရှိသေးရဲ့လား မသိဘူး။ အဲဒီ အချိန်တုန်းက သူကပဲ ခပ်ယိုင်ယိုင် ဖြစ်နေခဲ့တာ။ နှာခေါင်းထဲကို ထိုးသွင်းထားတဲ့ ပိုက်တန်လန်းနဲ့ စကား ပြောရတာဟာ အရသာရှိမှန်း အဲဒီတုန်းက မသိခဲ့ဘူး။ ဒါမျိုးဆိုတာ ခဏ ခဏ ပြန်ရ တတ်တဲ့ အတွေ့အကြုံမှ မဟုတ်တာ။ လူတွေနဲ့ ကတောက်ကဆ ဖြစ်တာကို ပြန် မပြောပြတော့ဘူး။ သူတို့တွေ ထွက်ခွာသွားတာ။ သူတို့တွေ ပြန် ရောက်လာတာ။ ဘာအရေးမှ မဟုတ်တော့ဘူးလေ။ ဘာတွေ လုပ်ဖြစ် နေသလဲ မေးရင်လည်း မသိဘူးလို့ပဲ ဖြေရမှာ။

 

ကုန်လာတဲ့ အချိန်တွေမှာ ဘာတွေ ဖြစ်ခဲ့သလဲ။ ဖြစ်ချင်တာ ဆိုလို့ ဘာမှန်း ရေရေရာရာ မသိခဲ့တော့ မရေမရာ တွေပဲ လုပ်ဖြစ် ခဲ့တယ်ပေါ့။ ဒီလိုပဲ ဖြေရမယ်။ မကောင်းတာတွေကို စနစ်တကျ လုပ်တတ် လာတယ်။ ဒါဟာ တိုးတက်မှုပဲ။ လွန်ခဲ့တဲ့ သုံးလေး ငါးနှစ်ကလို မိုက်ရူးရဲ ဆန်တာတွေ  ဘာတွေ မရှိတော့ဘူး။ စိတ်ထဲ ပေါ်လာသမျှ ကောင်းသည် ဆိုးသည် ခွဲခြားရတာ ပင်ပန်းတယ် မဟုတ်လား။ အလေးချိန် တက်လာတဲ့ အတ္တဘောကို ထောပနာ ပြုသံတွေက နေရာအနှံ့က လာနေတယ်။ ၀ီစကီကို ပုံမှန် သောက်တတ် လာတာ။ ၀ီစကီ ကောင်းကောင်းကို ဘယ်လို သောက်ရမယ် ဆိုတာ သိလာခဲ့တာ။ ကွမ်းတစ်ယာ၊ ရေတစ်မှုတ် ဆိုသလို  ကွမ်းစားခြင်းကို စနစ်တကျ တတ်မြောက် လာတာ။ နောက် ရှိသေးတယ်။ မင်းတော့ သေမှာပဲ ဆိုတဲ့ အသံနဲ့ စည်းချက် ညီညီ လုပ်တတ် ကိုင်တတ် လာတာ။ အနာဂတ် အကြောင်း တွေးရတာ လေးကန် တယ်။ မနိုင်ရင် ချထား ခဲ့ပေါ့။

 

မူရာကာမိရေးတဲ့ စာအုပ်တွေကို စလယ်ဆုံး တစ်ခါမှ ဆုံးခန်း တိုင်အောင် မဖတ်ဖူးပေမဲ့ ဟိုတစ်နေ့က သူ့စာအုပ် အသစ် ထွက်လာတာကို မျှော်လင့် ခဲ့သေးတယ်။ အထီးကျန်ခြင်းနဲ့ ပျောက်ဆုံးခြင်း။ ဒီပုတ်ထဲက ဒီပဲတွေလို တစ်ခါလာ မဲပြာ ပုဆိုး၊ မဲပြာ ပုဆိုး။ ဒီဇာတ်လမ်းတွေကို ဘာကြောင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးနေ ရတာလဲ။ နိုဘယ်ဆု မရလည်း သေဖို့ ကောင်းပြီလို့  တွေးတယ်။ ဒီလိုမှ မဟုတ် မူကာရာမိ ခရေဇီတွေ ပေါင်းပြီး တစ်နေထဲမှာ ကိုယ့်ကိုကိုယ် သတ်သေကြရင် သိပ်ကောင်းတဲ့ ပါဖောင့်မန့် ဖြစ်မှာပဲလို့ မစ္ဆရိယစိတ် ပွားမိသေးတယ်။ ကီဇုကီက ကိုယ့်ကိုကိုယ် သတ်သေသွားတယ်။ တိုရုက နာရိုကိုကို စောင့်ရှောက်ဖို့ ကျန်နေခဲ့တယ်။ အိုက်ရှီဒ ရောက်လာတယ်။ မီဒီုရီ ရောက် လာတယ်။ ရောက် လာတယ်။ ရောက်လာ တယ်။ မိန်းမတွေ ရောက်လာတယ်။  လေဆိပ်ထဲက သီချင်းသံ ကြားရတယ်။

 

ဒါ ဒါ့ဒါဒါဒါ… ဒါ့ဒါဒါဒါ ဒါဒါဒါဒါ့။ 

I once had a girl, or should I say, she once had me…

She showed me her room, isn’t it good, Norwegian Wood?

 

အိပ်မက်ဆိုးတွေပဲ။ ဒါနဲ့ပဲ သေမှာလို့ ပြန်ပြောလိုက်တယ်။ အမှန်တော့လည်း ကြာခဲ့ပြီ မဟုတ်လား။ အဖြူအမည်း သဲကွဲချိန်တောင် မရလိုက်ဘူး။ လေထဲမှာတင် ပျောက်သွားတယ်။ တစ်ခုခုကို ပြောပြ နိုင်ဖို့အတွက် တစ်ခုခုကို မွေးယူခဲ့ကြတယ်။ တစ်ခုခုကို ဖမ်းဆုပ်နိုင်ဖို့ တစ်ခုခုကို လွှတ်ချလိုက်တယ်။ ကိုဝင်းမြင့်ဦးနဲ့ တွေ့တုန်းက နေရာလွတ်တွေ အကြောင်း ပြောကြတယ်။ မရေမရာ ထိုးဖောက် ကျော်လွှားမှုများ အကြောင်းတို့။ သေချာခြင်းမှ မရေရာခြင်း အကြောင်းတို့။ အကြောင်း ပေါင်း များစွာ ပြောတယ်။ ပြောတယ်။ ပြောတယ်။ ပြောတယ်။ ဘယ်အရာကို မဆို ကြိုက်သလို ကောက်ကိုင်လိုက်။ အကုန်လုံးက ကျွတ်ဆတ်နေတာပဲ။

 

ဧပြီ ၁၇ ရက်၊ ၂၀၁၃ ခုနှစ်။

နေထွန်းနိုင်

သူ့ဘ၀၏ အရေးပါသော အဖြစ်အပျက်များသည်  မြန်မာ့သမိုင်းနှင့်သော်လည်းကောင်း၊ ကမ္ဘာ့သမိုင်းနှင့်သော်လည်းကောင်း ဆက်စပ်ခြင်း မရှိပေ။ ကျောင်းတိုင်များကို သဘောကျ၍ အင်ဂျင်နီယာပညာကို သင်ယူရန် သူဆုံးဖြတ်ခဲ့သည်။ ကျောင်းတိုင်များအကြောင်း စဉ်းစားမိလျှင် ဦးအာပိုကို သူသတိရသည်။ လွှမ်းမိုးသီချင်းကြားလျှင် သူ့သူငယ်ချင်းတစ်ယောက်ကို သတိရသကဲသို့ပင်။ ဘ၀ဆိုသည်မှာ ယင်းကဲ့သို့ ဟိုက်ပါလင့်ခ်များနှင့် ဖွဲ့စည်းထားသည်လား။ တောကျောင်းဆြာနှင့် အက်ပရက်ဆို သောက်ဖြစ်သည့်အခါ ဆွေးနွေးကြည့်ရမည်။ ယခုဤစာသည် မြင့်သန်း၏ သူရေး၍ သူကြိုက်သောစာထဲမှ စာများနှင့် ဆင်ကောင်းဆင်နေမည်။ မြင့်သန်းက ထိုစာများကို သူမကြိုက်တော့ နောက်ပိုင်းတွင် ပြောကြောင်း သူပြန်ကြားရသည်။ သို့မဟုတ် ဖတ်ရသည်။ သူကတော့ မြင့်သန်း၏ ထိုစတိုင်ကို ယခုအထိ နှစ်ချိုက်နေဆဲပင်။ ဆင်ဂယ်မော့ဝီစကီများက မြင့်သန်း၏ အကြိုက်ကို ပြောင်းလိုက်ခြင်း ဖြစ်ကောင်းဖြစ်မည်။ သူကား ဆင်ဂယ်မော့ မှန်မှန် မသောက်နိုင်သဖြင့် ဘီဖော်တူးသောင်ဇင်တွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဆန်စင်ရာ ကျည်ပွေ့လိုက်သည့်နည်းကို မသုံးမိစေရန် အစသို့ ပြန်သွားရအောင်။ သူ့ဘ၀၏ ပထမဆုံးအရေးပါသော အဖြစ်အပျက်မှာ ခြောက်တန်းတွင် ကောင်မလေးတစ်ယောက်ကို စကြိုက်ခဲ့ခြင်းလား၊ ရှစ်တန်းတွင် သူငယ်ချင်းကောင်မလေးတစ်ယောက်နှင့် ရန်ဖြစ်သဖြင့် လက်ကို ခဲတံဖြင့် အထိုးခံရခြင်းလား မသေချာပေ။ သူ့ဘ၀တွင် အရေးပါသော အဖြစ်အပျက်များမှာ မိန်းမများနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေခဲ့တတ်သော်လည်း မိန်းမများနှင့် မဆက်စပ်သည့် ထိုအဖြစ်အပျက် (ကျောင်းရွေးခြင်း)က သူ့ဘ၀လမ်းကြောင်းအပေါ် များစွာ အဆုံးအဖြတ်ပေးခဲ့သည်ကို သူသတိပြုမိလာခဲ့သည်။

ဦးအာပိုအကြောင်းဖြတ်ပြောရလျှင် မဆလခေတ်က ကောင်စီလား ပါတီလား အဲဒါမျိုးဖြစ်သည်။ သူ့တာဝန်က ငါးဖမ်းလှေများကို စစ်ဆေးခြင်းလား ကြီးကြပ်ခြင်းလား အဲဒါမျိုးဖြစ်သည်။ ငါးလှေကပ်ရာ ဆိပ်သည် သူ့ရုံးခန်း။ ငါးသည်မိန်းမများဘက်ကို ကျောပေး၍ ပေါင်ကြားမှ ဂွေးဥနှစ်လုံးကို ဖော်၍ အိပ်လေ့ရှိသည်။ ယင်းနှင့်ပတ်သက်၍ နောက်ဆက်တွဲအချက်အလက်များ သူမသိရသော်လည်း ဦးအာပိုသည် သူ့အတွက် အောတိုင်းမ်ဟီးရိုးဖြစ်ရခြင်းမှာ ပခုက္ကူဘက်ရှိ ပခန်းကြီးကျောင်းသို့ အလည်အပတ်သွားရာတွင် ညဘက် ကျောင်းအောက်ဆင်း အလေးစွန့်ပြီး အီးကုန်းစရာ ရှာမတွေ့သဖြင့် ဖင်ပြောင်အောင် ကျောင်းတိုင်နှင့် ပွတ်ခဲ့ခြင်းဖြစ်သည်။ (သင့်အနေဖြင့်လည်း လာမည့်နွေရာသီတွင် ခရီးထွက်ဖြစ်ပါက ပခုက္ကူဘက်သို့ သွားရန် ရွေးချယ်နိုင်ပေသည်။)

ဦးအာပိုနှင့် ကျောင်းတိုင်များကြားအဆက်အစပ်အကြောင်း ပြောအပြီးတွင် ဘီယာကုန်သွားသဖြင့် စကားစပြတ်သွားရသည်။ သူ့ဘ၀တွင် အရေးပါသောအဖြစ်အပျက်များအဖြစ် ကာမျူး (ကေးမတ်စ်ဟု ခေါ်ချင်လည်းခေါ်)၏ လာအီထရိန်ဂျာနှင့် ဂျေဒီဆလင်းဂါး၏ ကက်ချာအင်းသရိုင်းတို့ကို (ဗမာလို)ဖတ်မိခြင်းတို့ကိုလည်း ထည့်သွင်းရပေမည်။

ထိုစာအုပ်များမဖတ်ခဲ့သော သူငယ်ချင်းများ ကိုယ်ပိုင်ကားစီးနေသည်ကို တွေ့ရသောအခါ သူမည်သို့ ခံစားရမည်နည်း။ ရှိစေတော့။ ထိုအကြောင်းများကို မဆွေးနွေးလို။ ဦးအာပိုတွင် သမီးအပျိုကြီးတစ်ယောက်ရှိသည်ကို သူသတိရလာသည်။ နှစ်ပေါင်းများစွာကြာပြီးမှ ထွက်ရှိလာသော အပျိုကြီးများ၏ အ၀ါရောင်သုတ်ခဲများအကြောင်းသို့ လမ်းချော်ရန် စိတ်ကူးမရှိပါ။ အဆိုပါသုတ်ခဲများကို ဖင်ထူသော ဖန်ခွက်ဖြင့်ထည့်ပြီး မြင့်သန်းကို တိုက်ရသော် အဘယ်သို့ နေမည်နည်း။ ထားပါ။ ကျောက်စရစ်ခဲဆားစိမ်ကို သယ်ဆောင်လာသော မြင့်သန်းကို သူအမြဲတစေ ကျေးဇူးတင်နေမည်သာ ဖြစ်သည်။

သူ သူမကို ချစ်ခဲ့သည်။ ဒီလိုပဲ သူယုံကြည်ခဲ့သည်။ သူ့အချစ်ကို သူမသိအောင် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။ သူအသက်ဆက်ရှင်နေခြင်းသည်လည်း သူ သူမကို ချစ်ကြောင်း သက်သေပြရန်ပင်။ သူ တခြားမိန်းမတွေနဲ့အိပ်တာ၊ နောက်ဆုံး တခြားမိန်းမတစ်ယောက် (ဒီနေရာမှာ အင်္ဂလိပ်လိုဆိုရင်ဖြင့် အားသားနှင့် အနားသား ကွဲအောင် ရေးနိုင်ပေချိမ့်)ကို လက်ထပ်ပြီး ကလေးတွေဘာတွေမွေးလိုက်တာ..ဒါတွေဟာလည်း သူ့အချစ်ကို သက်သေပြဖို့ ကြိုးစားခဲ့ခြင်းပင်။

ဆယ်နှစ်ကြာပြီးနောက် ငါးမန်းတောင်ကို သူမကြိုက်မှန်း သေချာသွားခဲ့သည်။ တိမ်တွေတောက်နေပြီ။ ခရမ်းရောင်တိမ်များကား သူ့အချစ်အတွက် ၀စ်တနက်စ်ဖြစ်စေသတည်း။ ကောင်းကင်ဟာ ကြောက်စရာကောင်းတယ်။ မီခဲဟူလီဘက်လိုပဲ ကြောက်စရာကောင်းတယ်။

သူမမျက်နှာလေးကို ချစ်ပေမယ့် သူမရဲ့ ခြေထောက်တွေကို မချစ်နိုင်ပေ။ ထိုကြောင့် သူ့အနေဖြင့် ခြေထောက်လှသော မိန်းမတွေနဲ့ ပတ်သက်ဖို့ ဖြစ်လာခဲ့သည်။ အဲလိုနဲ့..လေရူးသုန်သုန်ကို မဖတ်ဖူးတဲ့ စကားလက်ဆိုတဲ့ ကောင်မလေးနဲ့ သူတွေ့တယ်။ အဲဒီမနက်က သူမဟာ လေ့ကျင့်ခန်းတစ်ခုခုလုပ်ပြီးခါစဖြစ်မယ်။

Follow

Get every new post delivered to your Inbox.