မှတ်မှတ်ရရ
အဲဒါ ၁၉၉၈ဖြစ်မယ်
မေခနဲ့ ကျွန်တော် စပြီး အသိအကျွမ်းဖြစ်တာ
ဘယ်ကဘယ်လိုရောက်လာမှန်းမသိတော့တဲ့ ဖုန်းနံပါတ်တစ်ခုကို နှိပ်ကြည့်ရင်းက မေခနဲ့ကျွန်တော်စသိခဲ့တာ
နောက်တော့ အပြင်မှာ လူချင်းတွေ့ဖြစ်တယ်
ညနေဘက်တွေဆို မေခတို့အိမ်ရှိတဲ့
သိမ်တော်ဘက်မှာ လမ်းလျှောက်ရင်း
စကားပြောကြတာပါပဲ
တခါတလေ သံပိုက်လုံးတွေကာထားတဲ့
ကမ်းနားလမ်းမအတိုင်း လျှောက်ဖြစ်ကြတယ်
တခါတုံးကဆို ကမ်းနားလမ်းမအတိုင်း လျှောက်သွားလိုက်တာ ဇေယျာသီရိရပ်တွေဘက်ထိ
ရောက်ကရောပဲ
ကျွန်တော်နဲ့ မေခ ရည်းစားတော့မဖြစ်ပါဘူး
အီစီကလီလုပ်နေတယ်လို့တောင်
ပြောလို့မရဘူး
မေခမှာ အသိရခက်တဲ့
အသွင်ပြင်တစ်မျိုးရှိတယ်
မေခရဲ့ အခြားတစ်ဘက်ကို ကျွန်တော်ထိစမ်းကြည့်လို့ မရဘူး
ဒါဟာ ကျွန်တော်နှစ်ယောက်ကြားမှာ
အဟန့်အတားမဟုတ်ခဲ့ပေမယ့်
စည်းတစ်ခု အလိုလိုဖြစ်နေခဲ့တာတော့ သေချာတယ်
၂၀၀၀-၂၀၀၁လောက်မှာ
မေခနဲ့ ကျွန်တော် ကြည့်မှန်တွေအကြောင်းပြောဖြစ်သေးတယ်
နောင်ဖြစ်လာမယ့် လက်သင့်မခံနိုင်စရာ
အဖြစ်အပျက်တွေနဲ့
ပတ်သက်လားမပတ်သက်ဘူးလားတော့
ကျွန်တော်ခုထိမသိဘူး
ကျွန်တော်လည်း မြို့ကလေးနဲ့
လမ်းခွဲရဖို့ အကြောင်းဖန်လာတာမို့
မေခနဲ့ ဝေးရာကို ရောက်သွားခဲ့တယ်
မြို့တော်ကြီးဆီပြန်ရောက်လာမှ
မြို့ကလေးရဲ့ သတင်းတွေနဲ့အတူ
မေခအကြောင်းတွေ ကျွန်တော်ကြားရတယ်
မေခအိမ်က ကြည့်မှန်တွေကို အ၀တ်နဲ့
အုပ်ထားရတယ်တဲ့
မှန်ထဲမှာ သူ့ပုံရိပ်သူ ပြန်မတွေ့ပဲ
တခြားတစ်ယောက်ရဲ့ ပုံရိပ်ကိုပဲ မြင်မြင်နေရတယ်ဆိုပဲ
မေခတစ်ယောက် မှန်ထဲကို စိုက်ကြည့်ရင်း
သူအပြုစားခံရတယ်လို့
ရေရွတ်နေတတ်တယ်လို့
တစ်ယောက်ယောက်က ကျွန်တော့်ကို
ပြန်ပြောပြခဲ့ပါတယ်
Jorrge Luis Borges ‘s Draped Mirrorsကိုမှီးထားတာဖြစ်ပါတယ်။
မဆ
Leave a Reply