အခန်းထဲမှာ အပူချိန်မြင့်လာတာနဲ့ ခြင်တွေလည်း ပျောက်သွားတော့တယ်။ လေက တရုတ်ကပ်တွေကြားက ဖြတ်သန်းတိုက်ခတ်။ ဘ၀က သယ်ဆောင်မသွားနိုင်လောက်အောင် ခံစားမှုက ကြီးကျယ်တဲ့ အခါ ဘ၀ကို ရပ်လိုက်ရမလား။ ဒီလေကို အတိုက်ခတ်ခံဖို့ ဒီနေရာကို ရောက်လာခဲ့တာပါ။ ကောင်းနိုးရာရာလေးတွေ collage လုပ်လိုက်တာနဲ့ ၀တ္ထုကောင်း ဖြစ်/မဖြစ်။ အဲဒီတုံးကတော့ ဘာမဆိုဖြစ်လာနိုင်တယ်ဆိုပြီးတွေးခဲ့တာ။ ရဲဘုန်းခေါင်ကတော့ `တမာပန်းရနံ့ထုံယစ်ခဲ့ဖူးသူ`ထဲမှာ ဘ၀=တာဝန်ယူခြင်းလို့ ရေးခဲ့တယ်။ ကျွန်တော်လည်း တခုပေါ့လေ တာဝန်ယူထားတာ။ ပုလင်းပုံစံပြောင်းလိုက်တဲ့ ၀ီစကီကို သောက်ကြည့်ချင်နေ တာကလည်း တစိတ်တပိုင်းပါပဲ။ ဦးလှဘေတို့ တက်ခဲ့တဲ့ အထက်တန်းကျောင်းကြီးရှေ့မှာ အပေါ့သွားခဲ့တယ်။ ပါးမားက နှစ်ယောက်ထုတ်ခံပြီး ပယ်နယ်တီပါပေးရလို့ ပေါက်ကွဲတာ။ အိပ်ဆေးဟာ မူးယစ်ဆေးပဲ။ တေးချိုဆေးလို့လည်း ခေါ်တယ်။ နောက်တော့ မာရှီနဲ့ ရင်းနှီး လာတယ်။ ပစ္စည်းစစ်မစစ်တော့ သွားမမေးနဲ့ ဆိုင်နောက်ခေါ်သွားပြီး ပန်းအိုးတွေပြလိမ့်မယ်။ အစိမ်းရောင်ဟာ လေထဲမှာ တလှုပ်လှုပ်။ စောဒွန်းက သူ့ရည်းစားပေးတဲ့စာကို လက်ဘက်ရည်ဆိုင်မှာ အသံထွက်ဖတ် ပြလို့။ `ဆေးဆိုင်မှာ ဆေးသွားဝယ်ရတာ အရမ်းရှက်တာပဲ` အဲဒီတုံးကတော့ ဒီကောင့်ကို ဆွဲထိုးဖို့လဲ သတိမရ။ ကိုချိုကတော့ ဘီပိုးကို ဘီအီးနဲ့သတ်ရင်း တိတ်တဆိတ် တိတ်ဆိတ်သွားခဲ့တာ။ လူတစ်ယောက်ကို ခုတ်ရင် vertically ခုတ်ရတယ်။ ဒါမှ လူသတ်မှု မဖြစ်မှာ လို့ ပြောခဲ့တဲ့ကိုမြတ်လေးတစ်ယောက်ကော။ မြို့အထွက်ကားဂိတ်နားက အိမ်မှာ ကွိုင်မရလို့ ငါးကိုးအိတ်ပဲသုံးလိုက်တယ် ဆိုတဲ့ roll-1 တစ်ယောက်တော့ သစ်သားကိုယ်ထည်ဘတ်စ်ကားကြီးတွေပဲ မောင်းနေဦးမယ်ထင်တယ်။ အရက်ချက်နည်းသင်တဲ့ကျောင်းမှာတက်တော့ အရက်မချက်တောင် အရက်တော့ ချတတ်တာပေါ့။ အမြည်းတွေကတော့ ရှောက်သီးဆေးပြား၊ကိုးပါဆေးနဲ့။ ဆိုင်ကယ်ငှားပြီး ကယ်ရီယာမှာ သွေးတွေပေလာတဲ့ကောင်၊ ကျွန်တော်တို့ ပေါ်ဦးပေါ်ဖျား စည်ဘီယာနဲ့ ကြည်သာနေတုံး ဒစ်ပြုတ်တာကို အလန့်တကြားလာပြတဲ့ကောင် တစ်ကောင်တော့ အဝေးပြေးကားတွေ စုန်ဆန်ရာ မျောပါသွားပြီထင်ရဲ့။ ဘာပဲဖြစ်ဖြစ် ၉၈ခုနှစ်ဟာ အခုအခန်းအပူချိန်မှာ ပြန်လည်ဖမ်းယူရရှိနိုင်ပါသေးတယ်။
မဆ