Feeds:
Posts
Comments

Archive for October, 2009

အားလုံးနဲ့အတူ မတ်တပ်ရပ်နေတယ်

ပြတင်းပေါက်နေ အပြင်ကို လှမ်းကြည့်နေတယ်

ကြိုးတန်းက အ၀တ်တွေကို လိုက်ရုပ်နေတယ်

သတင်းစာတစောင်ကို သူများပခုံးပေါ်က ကျော်ဖတ်နေတယ်

ခေါ်သံကြားလို့ နောက်ကိုရုတ်တရက် လှည့်ကြည့်လိုက်တယ်

စက်ဘီးလေး ဖြည်းဖြည်းနင်းပြီး ဈေးဘက်ကို သွားနေတယ်

လက်ကျန်ငွေတွေကို ရေတွက်နေတယ်

မှောင်ထဲမှာ ပက်လက်လှန်ပြီး အပေါ်ကို ကြည့်နေတယ်

ရုတ်ချည်းနေမကောင်းဖြစ်လာတယ်

မြက်ခင်းတွေပေါ် ဖြတ်သွားတယ်

ချွေးတွေကို လက်ခုံနဲ့ သုတ်ပစ်လိုက်တယ်

ဆိုးရွားတဲ့ အနံအသက်တွေကို ရှုရှိုက်နေရတယ်

ထွက်ခွာစပြုနေတဲ့ ရထားပေါ် ခုန်တက်လိုက်တယ်

ပါးပေါ်က ၀က်ခြံတွေကို ကုတ်ဖဲ့နေတယ်

စူးရှတဲ့ မီးရောင်ကြောင့် မျက်စိကို ပိတ်လိုက်တယ်

ခရမ်းချဉ်သီးခပ်လတ်လတ်ရအောင် ရွေးနေတယ်

အရပ်နည်းနည်းပိုရှည်လာတယ်

ရေတခွက်သောက်ပြီး ဆာလောင်မှုကို ဖြေဖျောက်လိုက်တယ်

ဆိုင်ထဲဝင်သွားပြီး ဟိုဟာလိုချင်ဒီဟာလိုချင်ဖြစ်နေတယ်

‘စောင့်နေရတာကြာပြီ၊ မလာနိုင်သေးဘူး’လို့ တွေးနေတယ်

အင်္ကျီအိပ်ကပ်ထဲ လက်နှိုက်ပြီး တခုခုကို စမ်းနေတယ်

အကြွေအမ်းလိုက်တဲ့ သကြားလုံးကို ဖောက်ပြီးငုံလိုက်တယ်

တီဗွီခလုတ်ကိုပိတ်ပြီး အိမ်သာထဲဝင်သွားတယ်

 

 

မဆ

Advertisements

Read Full Post »

ပန်းဆိုးတန်းဘက်ကနေ ကြုံရင်ကြုံသလို

လောကဓံရဲ့ခြေဦးတည့်ရာအတိုင်း ဖြတ်လျှောက်သွား

အဲဒီမှာ တွေ့ကြလား အဟောင်းဆိုင်မှာ နှစ်ရှည်လများ တပ်စွဲထားရသူ

သူ့အကြောင်း၊ သူ့ဘ၀၊ သူ့မိန့်ခွန်းနဲ့ သူ့တိုက်ပွဲ

သူရင်းခဲ့သမျှ သူပြန်ရလိုက်တာက မှိန်ဝါးနေတဲ့ ၀ါကျတွေ

တချို့နေရာတွေမှာ စွန်းကွက်နေတဲ့ စာပုဒ်တွေ

သူ့အကြောင်း ရတတ်သမျှ ဖြတ်စညှပ်စ

သူ့ဓာတ်ပုံရတတ်သမျှ ဟိုတစ သည်တစ

သူစွန့်စားခဲ့ရသမျှ ချွေးစ သွေးစ

နောက်ဆုံးတော့ ကျလိုက်ရတဲ့ မျက်ရည်စ

အို… အဖ

အခုလို မှောင်မိုက်နေတဲ့ နေခင်းကြောင်တောင်လမ်းပေါ်မှာ

အခုလို သွေးရူးသွေးတမ်းပြေးနေတဲ့  လူအုပ်ကြီးရဲ့အလယ်မှာ

အခုလို မုဆိုးနဲ့သားကောင်၊ ပြန်ပေးဆွဲနဲ့ ဓားစာခံ စိတ်များ ဖြန့်ကျက်

အသားထဲလောက်ဝင်၊ ရွှေထဲအမှိုက်ဝင် အဆိပ်တက်

အခုလို လိုက်လေဝေးလေ တရွေ့ရွေ့ … လွတ်မြောက်ရေး မီးခိုးငွေ့

အသက်ရှင်နေတာကို မေ့မေ့သွားတတ်တဲ့ နှစ်ရှည်လများမှာ

အဟောင်းဆိုင်ရှေ့က ဖြတ်ဖြတ်သွားတိုင်း

ဘယ်တော့မှ အသစ်ဖြစ်မလာတဲ့ ညီအစ်ကိုတွေရဲ့ ရယ်သံကိုပဲ ကြားယောင်မိ

အို.. အဖ

ရန်သူလက်ထဲ့က သုံ့ပန်းတစ်ယောက်ရဲ့ နာကျင်မှုမျိုးနဲ့

ကျဆုံးလေပြီးသော မျှော်လင့်ချက်နဲ့ မျိုးဆက်များအတွက်

ဒါဟာာ ဘ၀အဆက်ဆက် စိန်ခေါ်နေဦးမယ့် ကဗျာတပုဒ်ပါ

နေ၀ိုင်ဝိုင်

Read Full Post »

ပျံ့လွင့်ခြင်း  ၁

ဆေးရွက်ကြီးစိုက်ခင်းများ

လေထဲ ကျွပ်ကျွပ်အိတ်များ

လက်ခံဖြတ်ပိုင်း သိမ်းမထားမိသော ငွေပေးချေမှုများ

….. အဓိပ္ပါယ်နဲ့ ကဖေးဆိုင်မှာ တွေ့ကြသလို

လေကာမှန်ပေါ် ကျနေသော အရိပ်များ

ဘဲဥပုံမှန်များ

ကမ္ဘာ့သမိုင်း အကျဉ်းချုပ်

မြက်ပင်တွင် ကပ်နေသော ပိုးအိမ်တွင် စွတ်စိုနေသော နှင်းများ

မီးပုံးတွေလို

မီးပွိုင့်မှာ ၀ါစိမ်းနီအရောင်များလင်းလို့

ဆုပ်ကိုင်စရာ ဘာမှမရှိ။

ဘယ်အရာကမှ ငါ့ကိုပျော်ရွှင်အောင်မလုပ်နိုင်တော့

အလိုလိုဆိုညဉ်းခဲ့ဘူး

တေးသီချင်းများ

သစ်ပင်တို့၏

ပုံပြင်များ

ရထား

ဖြတ်မောင်းသွားရာ..

Coffee and Cigarettes

အိပ်တ၀က် နိုးတ၀က် အိမ်အပြန်ခြေကုန်လက်ပမ်းကျမှု

ထပ်ပြန်တလဲလဲ သက်သေပြချက်

စားဖွယ်

သက်တောင့်သက်သာဖြစ်အောင် ကိုယ်နေဟန်

ပြင်ဆင်ခြင်း

အစိမ်းရောင် သစ်ရွက်များ၊ အရိပ်များ

ယခင်အကြိမ်များက သူတို့စွမ်းခဲ့ကြပါသည်

လွတ်လပ်လျက်

လေးလံလျက်

ခြင်ကိုက်ဖုများယားယံလျက်

မွန်းတည့်ချိန်မှာ အ၀ါရောင်စွန်

အရိပ်တွေ င့ါဆီပြန်လာကြတယ်။

ကြောက်မက်ဖွယ်။

ဝမ်းနည်းဖွယ်။

ပူပြင်းခြောက်သွေ့တဲ့နေ့လည်ခင်းမှာ

ငါ့ကိုယ်ငါ မေးခွန်းမထုတ်ခဲ့မိ။

ဘာဆိုဘာမှ။

 

မဆ

 

 

Read Full Post »