ပန်းဆိုးတန်းဘက်ကနေ ကြုံရင်ကြုံသလို
လောကဓံရဲ့ခြေဦးတည့်ရာအတိုင်း ဖြတ်လျှောက်သွား
အဲဒီမှာ တွေ့ကြလား အဟောင်းဆိုင်မှာ နှစ်ရှည်လများ တပ်စွဲထားရသူ
သူ့အကြောင်း၊ သူ့ဘ၀၊ သူ့မိန့်ခွန်းနဲ့ သူ့တိုက်ပွဲ
သူရင်းခဲ့သမျှ သူပြန်ရလိုက်တာက မှိန်ဝါးနေတဲ့ ၀ါကျတွေ
တချို့နေရာတွေမှာ စွန်းကွက်နေတဲ့ စာပုဒ်တွေ
သူ့အကြောင်း ရတတ်သမျှ ဖြတ်စညှပ်စ
သူ့ဓာတ်ပုံရတတ်သမျှ ဟိုတစ သည်တစ
သူစွန့်စားခဲ့ရသမျှ ချွေးစ သွေးစ
နောက်ဆုံးတော့ ကျလိုက်ရတဲ့ မျက်ရည်စ
အို… အဖ
အခုလို မှောင်မိုက်နေတဲ့ နေခင်းကြောင်တောင်လမ်းပေါ်မှာ
အခုလို သွေးရူးသွေးတမ်းပြေးနေတဲ့ လူအုပ်ကြီးရဲ့အလယ်မှာ
အခုလို မုဆိုးနဲ့သားကောင်၊ ပြန်ပေးဆွဲနဲ့ ဓားစာခံ စိတ်များ ဖြန့်ကျက်
အသားထဲလောက်ဝင်၊ ရွှေထဲအမှိုက်ဝင် အဆိပ်တက်
အခုလို လိုက်လေဝေးလေ တရွေ့ရွေ့ … လွတ်မြောက်ရေး မီးခိုးငွေ့
အသက်ရှင်နေတာကို မေ့မေ့သွားတတ်တဲ့ နှစ်ရှည်လများမှာ
အဟောင်းဆိုင်ရှေ့က ဖြတ်ဖြတ်သွားတိုင်း
ဘယ်တော့မှ အသစ်ဖြစ်မလာတဲ့ ညီအစ်ကိုတွေရဲ့ ရယ်သံကိုပဲ ကြားယောင်မိ
အို.. အဖ
ရန်သူလက်ထဲ့က သုံ့ပန်းတစ်ယောက်ရဲ့ နာကျင်မှုမျိုးနဲ့
ကျဆုံးလေပြီးသော မျှော်လင့်ချက်နဲ့ မျိုးဆက်များအတွက်
ဒါဟာာ ဘ၀အဆက်ဆက် စိန်ခေါ်နေဦးမယ့် ကဗျာတပုဒ်ပါ
နေ၀ိုင်ဝိုင်
(ကို)နေဝိုင်ဝိုင်ကို စသိတာ မောင်ယုပိုင်ရဲ့ကဗျာမှာ… ခုမှပဲ.. ကဗျာကို သိရတယ်…
လန်း