ဘလော့မရေးဖြစ်ဘဲ အချိန်တွေ ကြာဦးမယ်လို့ တွေးမိတဲ့အခါ တခုခုတော့ ရေးဦးမှလို့ စိတ်ထဲဖြစ်လာတယ်။ ဘာရေးရမလဲဆိုတာရယ်မသိဖြစ်နေတယ်။ နောက်ဆုံးရေးခဲ့တာတွေကလည်း ဖြစ်ညှစ်ရေးရသလို ဖြစ်နေတယ်။ victim က အိပ်ခ်ျအိုင်ဗွီဖြစ်နေတဲ့ ငါးနှစ်ပဲရှိသေးတဲ့ လီဆူးမလေးတစ်ယောက်ကို တွေ့ပြီး ရေးထားတာပါ။ အဲဒါလည်း ရေးချင်တာက အများကြီး ရေးလို့မထွက်ဖြစ်နေပါတယ်။
ဘလော့လုပ်ဖြစ်တာက စာရေးဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာဖြစ်ပြီး ခုတခါ ဘလော့ဖတ်သူတွေ အတွက်ပါ post အသစ်မှန်မှန်မတင်နိုင်တဲ့အခါ စိတ်ပျက်ရပါတယ်။ (အဲဒီတော့ အဟောင်းတွေ ပြန်တင်တာလည်းရှိတာပေါ့လေ။ သူများ အရေးအသားတွေတင်တာကတော့ ကြိုက်လို့တင်တာပါ)
ခရီးတွေလည်း မနားတမ်းထွက်ဖြစ်ပါတယ်။ နေရာစုံပေါ့လေ။ လူစုံလည်း တွေ့ရပါတယ်။ စာမထွက်တာကတော့ အပွင့်ဓာတ်မရှိလို့ပဲ။ ထိသမျှရွှေမပြောနဲ့ ကြေးတောင်မဖြစ်လို့ ခက်နေပါတယ်။ စိတ်ထဲမှာ ရည်ရွယ်တာကတော့ နိုဗယ်ရေးဖို့ထိပေါ့လေ။ plot တွေဘာတွေတောင် ချထားသေး။ လက်တွေ့ကျတော့ လက်တိုနေတယ်။
သူများတွေ ရေးသွားတာတွေ့ရရင် စိတ်ထဲမှာ အတော်မချင့်မရဲ ဖြစ်ရပါတယ်။ ပါရမီရှင်အဆင့်မဟုတ်တောင် ထိစမ်းသမျှ အသက်ဝင်ပြီး လမ်းထမလျှောက်တောင် မျက်လုံးကလေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင် မဆိုးဘူး။ ပြည်တွင်းဆိုရင်တော့ မောင်ယုပိုင်ကို မနာလို ဖြစ်မိပါတယ်။ ပြည်ပကတော့ ဆိုဖွယ်မရှိဘူးပေါ့။
လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ဘလော့လုပ်တဲ့ ကိုးလဆယ်လအတွင်း ရေးထားခဲ့သမျှတွေ ပရင့်အကုန်ထုတ်ပြီး ပြန်ဖတ်ကြည့်ပါတယ်။ တချို့ဟာတွေလည်း ခုရေးခုတင်ဆိုတော့ အမှားပါတာတွေရှိသလို ငါရေးခဲ့တာမှ ဟုတ်ရဲ့လားလို့ ခံစားမိအောင် အသစ်လို့ ခံစားရတာလည်း ရှိပါတယ်။
ဘလော့ဖတ်သူတွေထဲမှာ စာရေးဝါသနာပါသူတွေရှိရင် တိုက်တွန်းချင်တာကတော့ ဘလော့လုပ်ဖို့တော့ တိုက်တွန်းချင်ပါတယ်။ ဒါမှမဟုတ်လည်း ရှိပြီးသား ဘလော့ (ကိုယ်နဲ့လိုင်းတူမယ်ထင်တဲ့)တွေကို ဆက်သွယ်ပြီး (သိသိမသိသိ) post တွေတင်ကြည့်ဖို့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်ပါတယ်
ကမ်းယံ
Archive for March, 2010
ဘလော့မရေးဖြစ်ဘဲ အချိန်တွေ ကြာဦးမယ
Posted in Letter on March 31, 2010| Leave a Comment »
ရန်ကုန်
Posted in Poem on March 31, 2010| Leave a Comment »
discount အမြဲချတဲ့ ဆိုင်တွေ
မီးလုံးအနီထွန်းထားတဲ့ အနှိပ်ခန်းတွေ
၁။ ကားမှတ်တိုင်ကိုရောက်ဖို့
၂။ ကားပေါ် ရောက်ဖို့
၃။ ထိုင်ခုံရဖို့
အရေးသုံးပါးဟာ
ခင်ဗျားတို့ ၀န်တာ
လမ်းမတွေပြည့်
ပလက်ဖောင်းတွေပြည့်
အလိုတွေပြည့်
အခုကျွန်တော် ကဗျာမီးလှုံသလို
သူတို့လည်း ဘာကာနဲ့ နက္ခတ်နဲ့
နွေးထွေးရတယ်
လီပိုလိုပဲ (လီပိုက်မှဆိုလည်းရတယ်)
လနဲ့အတူ အရက်သောက်တာပဲ
ပါလာတဲ့သူငယ်ချင်းက
ပုလင်းကို လှုပ်ကြည့်တယ်
စို့ထိုးထားလားမသိဘူး ရေရွတ်တယ်
ငါးရှဥ့်ခြောက်စပ်ဟာ အတိတ်
ငါးကင်ဟာ ပစ္စုပန်
ကျွန်တော်လည်း
ရွေးကောက်ပွဲကနေ
ဘယ်လို အကျိုးအမြတ်ရမလဲ
တွေးနေတယ်
မဆ
လေတိုက်သော်လည်း သူတို့သူငယ်ချင်းတစ်သိုက် ပြန်မတွေ့ဖြစ်ခဲ့ကြ
Posted in Poem on March 22, 2010| 2 Comments »
မြစ်ထဲမှာ ရေစိမ်ပြီး
တောင်ကုန်းလေးပေါ်တက်ခဲ့
ဘာရေးလို့ ဘာကိုင်ရမှန်းမသိခဲ့
အမှန်တရားဆိုတာ ရှိတယ်
လို့ထင်နေဆဲ သူငယ်ချင်း
မင်းမှားတယ်
အခုတော့ ရာသီတွေပြောင်း
အင်္ကျီတံဆိပ်တွေပြောင်း
ငွေလဲနှုန်းတွေပြောင်း
လိင်မပြောင်းတာကလွဲ
ထိုးမြဲလတ်မှတ်တောင်ပြောင်းခဲ့
မြစ်ရေနောက်ကျိ စီးဆင်းရာ
လူဆိုတာ ဒီလိုပါပဲ
နိဂုံးကောက်ချက်ဆွဲကာ
တခါတလေတော့ ပြန်လာမယ်
တခါတရံတော့ ပေါ်လာမယ်
မဆ
Victim
Posted in Poem on March 22, 2010| Leave a Comment »
မင်းဆံနွယ်ခွေလိပ်တွေ
တပါတည်းယူဆောင်သွားမှာလား
တောက်ပတဲ့ မျက်ဝန်းအစုံကိုရော
ခွင့်ပြုထားတဲ့အချိန် လွန်သွားတဲ့အခါ
တခါးအဖွင့်အပိတ်လုပ်သလို
ကားဘီးစလိမ့်သလို
မသိရင်
ငိုဖို့မလို
နောက်ထပ် နံနက်နေ ဘယ်နှစ်ကြိမ်
နောက်ထပ် အရှေ့လေ ဘယ်နှစ်ကြိမ်
ငါ့အတွက်ငါမရေတွက်ခဲ့တဲ့ အချိန်ဆိုတာကို
မင်းအတွက် ရေတွက်မိခဲ့
လကို မင်းမမြင်သလို
မင်းအပြုံးကို ငါမမြင်တော့တဲ့အခါ
ငါသိချင်တာကို
မင်းမသိချင်ဘဲ သိရဖို့….
မဆ
မိုးကုတ် (၂)
Posted in Travelogue on March 21, 2010| Leave a Comment »
နေ့လည်စာကို ရှီလာသိန်း စတိုးဘေးက ထမင်းဆိုင်တစ်ဆိုင်မှာ စားတယ်။ ဟင်းရံတွေချပေးတာ အတော်များတယ်။ စားသောက်ပြီးတော့ ခပ်သုတ်သုတ်ပဲ မိုင်းထဲကို ထွက်ခဲ့တယ်။ ကျောက်တွင်းတူးတဲ့နေရာပါ။
အရောင်အားဖြင့်သာ ပူပြင်းတဲ့ နေရောင်အောက်မှာ မိုင်းတွင်းတွေရှိတဲ့ဆီ တက်ခဲ့တယ်။ အရင်ဆုံးတွေ့ရတာတော့ ပတ္တမြားနဂါးဖက်စပ်ကွက်ပဲ။ ကျောက်ဖြူဖြူတွေ အပုံလိုက်တွေ့ရတော့ ပထမ ကတ္တရာလမ်းဖောက်ဖို့လို ထင်မိတယ်။ နောက်တော့ ကျောက်ပုံကြီးတွေဟာ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်လောက်မြင့်လာတာမို့ ဒါဟာ ပတ္တမြားထုတ်တာနဲ့ ပတ်သက်မှာပဲလို့ သိလိုက်တယ်။ နောက်တော့ မိုးကုတ်မှာ ကျောက်တွင်း၊ မြေတွင်းနှစ်မျိုးရှိတယ်း၊ အခုလာတာ ကျောက်တွင်းလို့ ခေါ်ကြောင်း၊ ကျောက်ခဲထဲမှာ ကပ်နေတဲ့ ပတ္တမြားကို ခွဲထုတ်ရတာ၊ မြေတွင်းကတော့ မြေကြီးတွင်းထဲက ပတ္တမြား၊ နီလာကို တိုက်ရိုက်တွေ့ရတာလို့ သိရတယ်။ တောင်ထိပ်ဘက်က ကုမဏီ တစ်ခုရဲ့ ကျောက်မိုင်းတခုထဲကို ၀င်ခဲ့ကြတယ်။ ပါလာတဲ့အဖွဲ့တွေကတော့ သူတို့လုပ်စရာရှိတာလုပ်ကြတယ်။ သူတို့က မိုင်းတွင်းအလုပ်သမား/သမတွေကို အေအိုင်ဒီအက်စ် ပညာပေးလုပ်ကြတာပါ။ ကွန်ဒုံးဘယ်လို စွပ်ရတယ်ဆိုတာ သရုပ်ပြတာမျိုးလည်းပါတယ်။ လိင်အင်္ဂါအတုပုံတွေသုံးပြီး ပြကြပါတယ်။ ကလီရှေးဟာသထဲကလို ဗူးစင်တို့၊ ခြံတိုင်တို့ မသုံးကြတော့ပါဘူး။ ကျောက်တွင်းနားကို သွားပြီးကြည့်ပါတယ်။ အပေါက်ကလူတစ်ဖက်စာလောက် ကျဉ်းကျဉ်းလေးပါ။ သေချာ ငုံ့မကြည့်ရဲလို့ အထဲကို မမြင်ရပါ။ တွင်းတွေဟာ ပေရာနဲ့ချီတဲ့အထိ နက်တတ်ပြီး အထဲမှာလည်း ပေထောင်နဲ့ချီ ကျယ်တယ်လို့ ဆိုပါတယ်။ ထွက်ပေါက်ကတော့ အပေါ်မှာ ပြောခဲ့တဲ့ လူတစ်ဖက်စာအပေါက်သာရှိတာပါ။ ကျောက်တွင်းဖြစ်လို့ တစ်တွင်းလုံးပြိုကျဖို့ ခက်ပေမယ့် တွင်းထဲမှာပဲ ကျောက်သားပဲ့ကျပြီး ကိစ္စချောကုန်တာတွေ ရှိတယ်လို့ ဆိုတယ်။ ကျွန်တော်ရပ်နေတဲ့နေရာရဲ့ အောက်မှာလဲ ဂလိုင်ဖြစ်နေမှာလို့တောင် တွေးလိုက်မိတယ်။ အထဲမှာ ကျောက်ကို ထုခွဲယူ ၊ အပေါ်ကို စက်သီးနဲ့တင်၊ အဲဒီကျောက်တွေကို ထပ်ပြီး ကျိတ်ခွဲ၊ ဆန်ကာတိုက်ပြီး ကျောက်(ပတ္တမြား၊ နီလာစသည်)ကို ရှာကြတာပါ။ ကျွန်တော်တို့ ကျောက်တွင်းမှာ တစ်နာရီကျော်လောက်ကြာတဲ့အတွင်း ကျောက်အစအနလေးတစ်ခုတောင် မတွေ့တာမို့ မလွယ်တဲ့အလုပ်ပဲလို့ ထင်မိပါတယ်။ ကျောက်ရှာတဲ့ အလုပ်လုပ်နေတာတော့ အမျိုးသမီးတွေများပါတယ်။ သူတို့ သယ်နေတဲ့ ကျောက်ခြင်းတွေက ကျွန်တော့်အတွက်တော့ ကြွရုံပဲ မလို့ရပါတယ်။ ကျွန်တော်တို့ရှိနေစဉ်အတွင်း ကျောက်မတွေ့လို့ ပတ္တမြားကပ်နေတဲ့ ကျောက်စတစ်ခုကို သိမ်းထားတဲ့ဆီက ယူလာပြီး ပြပါတယ်။ သူတို့ကတော့ ယဉ်ပါးနေပြီ ဖြစ်လို့ ကျောက်စရဲ့ အပြင်ဘက်က အနီရောင်အစလေးမပြောနဲ့ အထဲက ပတ္တမြားရဲ့ အရိပ်ကိုတောင် ကြည့်နိုင်ကြတယ်။ ကျောက်တွင်းတွေကိုက်ရဲ့လားလို့ မေးတော့ လုပ်တဲ့နှစ်နှစ်တာအတွင်း စရိတ်ရဲ့ ၇၀ ၇ာနှုန်းပဲရှာနိုင်ပြီး အမြတ်မရှိသေးဘူးလို့ မန်နေဂျာကြီးက ပြောတယ်။ အဓိကကတော့ ရေပဲ။ တွင်းတွေကို အနက်ကြီး တူးရတော့ ရေ၀င်တယ်။ သူတို့တွင်းထဲမှာ ရေက ပေနှစ်ရာလောက်တက်နေတယ်။ ရေမျက်နှာပြင်ပေါ်မှာ ငြမ်းထိုးပြီး ကျောက်ခွာနေရတယ်။ နောက်ပြီး အခုလုပ်နေရတာက အပေါ်သားဖြစ်ပြီး ကျောက်ကောင်းကောင်းတွေ့ဖို့ မျှော်လင့်ချက် သိပ်မရှိဘူး။ ရေကို စုပ်ထုတ်ပြီး အောက်သားကို နှိုက်နိုင်မှ အကျိုးရှိမှာလို့ ဆိုပါတယ်။ ရေထုတ်ရတာကလည်း နှစ်လသုံးလကြာပြီး ဒီဇယ်ဂါလံ သောင်းချီကုန်တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို လုပ်ငန်းကြီးတွေ တိုင်းရင်းသားတွေလုပ်နိုင်တာ ဂုဏ်ယူမယ်ဆို ယူစရာပဲ။ အခုမိုးကုတ်မှာ ဖက်စပ်ကွက်လုပ်နေတာ မိုးကုတ်သားတွေ များလားလို့ စေ့ငုမိတော့ မိုးကုတ်သားက ဆယ်ရာနှုန်းလောက်ပဲရှိမယ်လို့ ဆိုတယ်။ မိုးကုတ်သားတွေက ဖက်စပ်အစမှာ အစိုးရနဲ့ တွဲလုပ်ဖို့ စိတ်မပါတာကြောင့် လုပ်ကွက်တွေ တခြားလူတွေလက်ထဲ ရောက်ကုန်တာရယ်၊ မိုးကုတ်သားတွေက ကျောက်တစ်မျိုးပဲလုပ်တတ်ကြတာမို့ ကျောက်တွင်းမှာရင်းပြီး ကျောက်မထွက်ရင် ဆက်ရင်းဖို့ခက်တယ်၊ တခြားကလာတဲ့လူတွေက တခြားလုပ်ငန်းကနေ ငွေရှာပြီး ကျောက်ထွက်တဲ့အထိ ဆက်ရင်းနိုင်ကြတာရယ် ကြောင့်လို့ သိရတယ်။ အကျိုးဆက်ကတော့ ပြင်ပလုပ်ငန်းရှင်တွေက သူတို့လုပ်သားနဲ့ သူတို့ လာကြတာမို့ အခြေခံလုပ်သားအဖြစ် အသက်မွေးတဲ့ မိုးကုတ်သားတွေ အခက်ကြုံရတာပါပဲ။ မိုးကုတ်သားတော်တော်များများကတော့ ဒီမိုင်းတွင်းတူးတဲ့အလုပ်ပဲ ကျွမ်းကြတာမို့ ကျောက်ဖြစ်ဖြစ်၊ ရွှေဖြစ်ဖြစ် တွင်းသံကြားတဲ့ဆီပြေးရတာပါပဲလို့ ပြည်သူပိုင်ခေတ် မတိုင်မီကတည်းက ကျောက်တွင်းလုပ်လာသူတစ်ယောက်က ပြောပြတယ်။ မှိုင်းရှုးခေတ်တုံးကလည်း မိုင်းရှုးဆီပြေးကြ၊ ငှက်တွေ၊ အေတွေနဲ့ ပြန်လာကြ၊ သပိတ်ကျင်းခေတ်တုံးကလည်း သပိတ်ကျင်းဆီပြေး၊ အာဆင်းနစ်ရေတွေသောက်ပြီး သွေးအန်ပြန်လာကြ၊ အင်းအခုလည်း ဘယ်ကို ပြေးကြရဦးမယ်မသိဘူးလို့ ရေရွတ်ပါတယ်။ ဒီတွင်းတွေမှာကလည်း အရက်၊ မိန်းမ၊ ဆေးအကုန် မိုင်းထဲမှာထားပြီး တွင်းသားတွေ တွင်းပြင်ပေးမထွက်တဲ့ခေတ်ကြီးက ရှိခဲ့တော့ တစ်ခုမဟုတ် တစ်ခုလုတ်တတ်ကြသူချည်း၊ တစ်ဆက်တည်း ရောဂါတစ်ခုမဟုတ်တစ်ခုလည်း ပါကြဖို့က သေချာသလောက်ရှိနေ။ မဖဲ့ရသေးတဲ့ဘေးဘက်ကတောင်ကြီးတွေကို ငေးရင်း အဆက်မပြတ်ထွက်နေတဲ့ မီးစက်သံ၊ ကျောက်ကြိတ်သံတွေကြားမှာပဲ မိုင်းတွင်းကနေ ခွာခဲ့တယ်။
ညနေမစောင်းခင် မိုးကုတ်ကနေ ၇ မိုင်လောက်မှာရှိတဲ့ မိုးမိတ်အသွားလမ်းပေါ်က ပိန်းပြစ်ဆိုတဲ့ ရွာလေးကို ရောက်ပါတယ်။ အဲဒီမှာ တိုင်းရင်းသူ ၀တ်စုံနဲ့ တိုင်းရင်းသူလေးတွေ တွေ့ရပါတယ်။ ရွှေပလောင်၊ငွေပလောင်၊ ကြိမ်ပလောင်ရယ်လို့ ရှိတဲ့အထဲက ကြိမ်ပလောင်လို့သိရပါတယ်။ ခါးမှာ ကြိမ်ကွင်းတွေတပ်ထားပါတယ်။ မိုးကုတ်သူတွေ လှတယ်ဆိုတဲ့ အဆိုကို လုံးဝဥသုဉ် လက်ခံရမှာပါ။ ဒီလိုကျေးရွာလေးမှာ လက်ဖက်ခူး၊ ထင်းခွေလုပ်နေတဲ့ ရွာသူတွေတောင် ရန်ကုန်က ရေခဲစိမ်ဘူလေးတွေ ရှုံးအောင်လန်းကြတာ တွေ့ရပါတယ်။ ပိန်းပြစ်ကပြန်လာတော မိုးကုတ်မ၀င်ခင် Welcome to Rubyland ဆိုတဲ့ ဆိုင်းဘုတ်နားမှာ ဓာတ်ပုံရိုက်ကြတယ်။ မိုးကုန်ရဲ့ ဗျူးပွိုင့်ပဲလို့ သိရပါတယ်။ အဲဒီနားမှာ အုတ်တိုင်ငုတ်တွေ၊ အုတ်လှေကားတွေ တွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက လီဆူးသဌေးတစ်ယောက် ဒီနေရာမှာ ဟိုတယ်ဆောက်ထားခဲ့တယ်။ နောက်တော့ သစ်မှုနဲ့ အဖမ်းခံရပြီး သူ့ဟိုတယ်ကိုလည်း ချိတ်ပိတ်၊ နောက်ဖျက်ပစ်လိုက်တယ်လို့ သိရတယ်။ ခုတော့ ဟိုတယ်ရဲ့ ရေကန်နဲ့ လှေကားထစ်တွေပဲ ကျန်တော့တယ်။ တစ်နေရာမှ တစ်ဘက်တောင်ကြောက ရှမ်းရွာတွေဆီပေါက်တယ်ဆိုတဲ့ ဂူပေါက်တစ်ခုတွေ့ရတယ်။ ခုတော့ မြေကြီးတွေနဲ့ ပြည့်နေပြီ။ ကျွန်တော်ကတော့ မင်းပြောင်း၊ သဌေးပြောင်းဆိုတာမျိုးလားလို့ တွေးနေမိတယ်။ မမှောင်ခင် မိုးကုတ်ကုန်ပြန်ဝင်ခဲ့တယ်။ လမ်းဘေးဆိုင်လေးမှာ မိုးကုတ်ထမင်းပေါင်းစားပြီး ဆရာမက ချမ်းသာကြီးဘုရားကို ပို့သေးတယ်။ စေတီပုံတော်ကို ရွှေပိသာနဲ့ချီပြီး ထုထားတာ၊ သိန်းရာထောင်ချီတဲ့ ကျောက်တွေကိုလည်း စေတီမှာ ပူဇော်ထားလို့ မြင်ဘူးတယ်ရှိအောင် ကြည့်ခဲ့တယ်။ တည်းခိုခန်းကို မပြန်ခင် ကောင်းမွန်မှာ မဟာဝန်ရှင်တော်မင်းကြီးနဲ့အတူ ရက်ဒင်း-ဗီလာ ၂း၎ပွဲ ကြည့်လိုက်သေးတယ်။ နောက်နေ့ မန္တလေးပြန်ဆင်းရတော့မှာမို့ ချယ်ဆီးနဲ့ စတုတ်ပွဲတော့ မကြည့်နိုင်တော့ဘူး။
မိုးကုတ် (၁)
Posted in Travelogue on March 15, 2010| 1 Comment »
နေ့လည်စာကို ၂၃လမ်းနဲ့ ၈၄လမ်းထောင့်က ရှမ်းလက်ရာမှာ စားကြတယ်။ အသားဟင်းတွေစုံပေမယ့် ဂျူးဖူးကြော်ကိုပဲ တခုတ်တရဖြစ်မိတယ်။ ပြီးတော့ ကားဂိတ် (ရွှေတြိဂံတက္ကစီဂိတ်)သွားတယ်။ မိုးကုတ်ကို တစ်ယောက် တစ်သောင်းခွဲတဲ့။ စီးလုံးငှားရင် လေးသောင်းခြောက်ထောင်။ ကျုံးအရှေ့ဘက်ကိုပတ်၊ အမ်စီဒီစီတံဆိပ်နဲ့ ဆိုင်းဘုတ်လေးတွေအများကြီးတွေ့ရတယ်။ နန်းမြို့ရိုးကတော့ နှစ်နှစ်ရာနီးပါးသက်တမ်းနဲ့ အညီ အိုမင်းဟောင်းနွမ်းနေရဲ့။ ပလတ်စတစ်ခုံလေးတွေချထားတဲ့ လမ်းဘေးဆိုင်လေးတွေ ကျုံးဘေးမှာတွေ့တယ်။ ညနေခင်းအတွက်ပြင်ဆင်ပုံပဲ။ အခုလို နေ့လည် ၂နာရီအချိန်မှာတော အားလုံး တိတ်ဆိတ်ခြောက်ကပ်။ မန္တလေးတောင်ကို ရိပ်ခနဲမြင်ပြီး ဖြူရော်ရော် ကွင်းပြင်ထဲ ရောက်ခဲ့ တယ်။ အောင်မြေသာစံမြို့နယ်က ထွက်တော့ မတ္တရာမြို့နယ်ထဲရောက်သွားတယ်။ လမ်းတွေက BOT (Built-Operate-Transfer)နဲ့ဆောက်ထားတာ။ ကားဆရာကလက်ထဲမှာ ပိုက်ဆံကို အသင့်ကိုင်ထားတယ်။ တစ်ဂိတ်ပေးပြီးတာနဲ့ နောက်ဂိတ်အတွက် တစ်ရွက်ရယ်ဒီပဲ။ တစ်လမ်းလုံးဘယ်လောက်ကုန်သလဲဆိုတော့ ငါးထောင်လောက်ရှိတယ်လို့ ဆိုတယ် ။ လမ်းမိုင် ၁၂၆လို့သိလိုက်ရတာက တစ်လမ်းလုံး မိုင်တိုင်တွေကို ရေတွက်ကြည့်ဖို့ ဖြစ်လာတယ်။ ဆည်တော်ကြီးရေသောက်ဧရိယာတွေတွေ့ရတယ်။ လက်ပရိုစီ ဆေးရုံတွေ့ရတယ်။ မတ္တရာပြီးတော့ စဥ့်ကူး။ စဥ့်ကူးဧရိယာက ကားလမ်းတလျှောက်တော်တော်ရှည်တယ်။ ပတ်ဝန်းကျင်မြင်ကွင်းကတော့ သိသိသာသာ မပြောင်းဘူး။ အပင်တချို့ ခြောက်တိခြောက်ချက်နဲ့ ဓာတ်ကင်ပြီးစ ကင်ဆာလူနာခေါင်းလို တောင်တွေရယ်၊ ဆေးရုံအိပ်ယာခင်းလို ဖြူဝါ၀ါ ကွင်းပြင်တွေရယ် ဒါပဲ။ လက်ပံလှမှာ ထမင်းစားဖို့ ကားရပ်ပေမယ့် မစားနိုင်သေးဘူး။ ဗန်းရွက်သည်တွေက ကောက်ညှဉ်းကျည်တောက် ရောင်းကြတယ်။ ကားဆရာတွေကို သေချာ ပြင်ဆင်ကျွေးတာ တွေ့ရတယ်။ ကျွန်တော်တို့အုပ်စုက ဘီယာလေး နှစ်ခွက်သုံးခွက်ပဲသောက်တော့ ကိုက်မှကိုက်ပါ့မလားပဲ။ ရေရှည်ရင်းနှီးမှုပေါ့လေ၊ ခရီးကတော့ သုံးချိုးတစ်ချိုး ကျော်ကျော်လောက် ပေါက်ခဲ့ပြီ။ နောက်ပိုင်းတော့ ငိုက်တစ်ဝက်ပဲ။ လမ်းကြေးဂိတ်တစ်ခုအလွန်မှာ အပေါ့ဆင်းသွားတယ်။ စစ်တပ် ချထားတဲ့ နေရာ တစ်ခုတွေ့တယ်။ (အနောက်ဘက်မှာ ရှားပါးသတ္တုတစ်မျိုးထွက်တဲ့ နေရာရှိတယ်လို့ နောက်မှ သိရတယ်) ။
နောက်တစ်ခါငိုက်လိုက်တာ မိုးကုတ်မိုတယ်ရှေ့ရောက်ကရောပဲ။ ကားဆရာက နှိုးပြီး ဒီမှာလားလို့မေးတယ်။ မဟုတ်ဘူး။ ရာပြည့်တည်းခိုခန်းကိုလို့ ပြောလိုက်တယ်။ မိုတယ်ကို ဘွတ်ကင်လုပ်သေးတယ်။ ကျောက်သဌေးမိသားစု မင်္ဂလာဆောင်ရှိလို့ မိုတယ်တစ်ခုလုံး ရက်ရှည်ငှားထားတယ်တဲ့။ အချိန်က ကိုးနာရီခွဲလောက်ရှိပြီ။ အိမ်ရှင်ဖြစ်တဲ့ ဆရာမဆီ ဖုန်းဆက်တယ်။ နောက်တော့ မေးစမ်းရင်း တည်းခိုခန်းနားက ကောင်းမွန်ဆိုတဲ့ ဆိုင်ရောက်သွားတယ်။ တံခါးတောင် တစ်ခြမ်းပိတ်ထားပြီ။ မှာလို့တော့ရသေးတယ်။ ၀က်သားလုံးမုန်ညင်းဖြူနဲ့ နံကင်ပြန်ချက် မှာလိုက်တယ်။ တော်တော်ကံကောင်းသွားတယ်။ ရမ်းသန်းပြီး ရောက်လာတဲ့ ဆိုင်က လက်ရာတော်တော်ကောင်းနေတယ်။ နက်ဖြန်လည်း ဒီမှာပဲစားရအောင်လို့တော် ပြောဖြစ်ကြတယ်။ တီဗွီမှာ အာဆင်နယ်နဲ့ ဘန်လေကန်နေတယ်။ နာဆရီဖန်ပေးတာ ဖာဘရီဂက်စ်တစ်ဂိုးသွင်းလိုက်တယ်။ ဘောပွဲပြီးအောင် မကြည့်နိုင် တော့ဘူး။ တည်းခိုခန်းပြန်ရောက်တာနဲ့ ကျိုးတာပဲ။
မနက်စာတော့ ရာပြည့်ရှေ့က လက်ဘက်ရည်ဆိုင်မှာပဲ။ ထပ်တစ်ရာနဲ့ တီးပေါ့။ အစီအစဉ်အရ အိပ်ခ်ျအိုင်ဗွီပိုးရှိတဲ့သူတွေ ကျောက်ပန်းချီ၊ ကျောက်ပုတီးလုပ်နေတာ သွားကြည့်ကြတယ်။ တော်တော်များများက ပိုးတွေ့ရုံမကပဲ ရောဂါစဖြစ်နေပြီ။ တချို့ဆို တီဘီဖြစ်၊ အဆုတ်ရေ၀င် ဆေးရုံတက်ပြီးသားတွေတောင်ပါတယ်။ အေအာရ်တီမရရင် အသက်ဆက်ဖို့ မလွယ်တော့တဲ့ အခြေအနေရောက်နေတဲ့သူများတယ်။ အမေတွေက အလုပ်ထဲကို ကလေးတွေ ခေါ်လာကြတယ်။ ဖခင်တွေမရှိတော့တဲ့ ကလေးတွေ များတယ်။ ကလေးတွေလည်း ပိုးတွေ့ထားတာများတယ်။ လီဆူးမလေးတစ်ယောက်ဆို စကားကလည်းသွက် မျက်လုံးလေးတွေကလည်း တောက်နေတာပဲ။ မွေးစကတည်းက ပိုးကလည်းတွေ့၊ ချူကလည်းခြူခြာလို့ တစ်နှစ်တောင်ခံပါ့မလားဆိုတာ ခုတော့ ငါးနှစ်ပြည့်တော့မယ်။ ပိုးမတွေ့သေးပေမယ့် စောင့်ကြည့်ရမယ့်အသက်(တစ်နှစ်-ခြောက်လသား)မရောက်သေးလို့ ကံကြမ္မာကို မှန်းဆမရနိုင်သေးတဲ့ ကလေး တစ်ယောက်လည်း တွေ့ခဲ့ရတယ်။ မိခင်ရောဖခင်ပါ ဆုံးသွားလို့ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုအဘွားနဲ့အတူနေပြီး တစ်အိမ်လုံးကို ပြန်ရှာ ကျွေးနေရတဲ့ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်ကို စကားနည်းနည်းပြောဖြစ်တယ်။ သမီးကျောင်းမနေဘူးလား မေးတော့ ကျောင်းနားထားတယ်လို့ ပြန်ဖြေတယ်။ သမီးဘာဖြစ်ချင်လည်း ဆိုတော့ မဖြေဘူး။ ဆရာမလားလို့ မေးကြည့်တော့ ခေါင်းညိတ်တယ်။ ဘေးက ညဉ်းပြောတော့ မော်ဒယ် ဖြစ်ချင်တာဆိုလို့ ၀ိုင်းထောက်ကြတယ်။ ဟုတ်လားဆိုတော့ ပြုံးပဲပြုံးနေတယ်။ ကျန်တော်လည်း အဖြေမရှိတဲ့ မေးခွန်းတွေသယ်ဆောင်ပြီး သူတို့ရဲ့ ကွန်းခိုရာလေးကနေ ပြန်ထွက်ခဲ့တယ်။
ယင်း ၂၀၁၀
Posted in Prose on March 10, 2010| 2 Comments »
ယင်းချောင်းပေါ်သို့ ဖျာကျသော လရောင်မှာ မည်သို့ရှိမည်၊ ယင်းချောင်းကမ်းပါး သွေးများပူနွေးစေသည့် အမည်နာမတခု (သို့မဟုတ်) အဆက်အနွယ် တခု မွေးဖွားရာ မြို့ကလေးသို့ ရောက်ရှိခဲ့၊ မြို့၏ လမ်းသွယ်များမှာ မြေသားဖုန်မှုန့်အတိပြီး၏၊ သင်္ချိုင်းဟောင်းကို တူးဖော်လျက်ရှိနေ၊ အပူချိန်မှာ အစိုင်အခဲတို့ပင် အငွေ့ပျံလတ္တံ့သော၊ မိုးရေချိန် ၁၇လက်မရရှိ၊ နွားစာရှားပါးသဖြင့် အခြားသော မြို့သို့သွားကာ စပါးအခမဲ့ချွေပေးသည့်အပြင် အခကြေးငွေထပ်ဆောင်းပေးရန် တစ်နေ့လျင် လှည်းအစီး ၇၀၊ ၈၀ မြသလွန်မနက်ခင်း၏ အရှေ့ဘက် ၃၅မိုင်၊ သခင်ဘဂျမ်း၏ မြေးတော်စပ်သူနှင့်တွေ့ဆုံ၊ ရဲဘော်သုံးကျိပ်နှစ် ယောက်ပဲ ကျန်တော့တယ်၊ ဗိုလ်ရဲထွဋ်က ပြည်လမ်းမှာ ဗိုလ်ကျော်ဇောက ပီကင်းမှာ၊ အဘိုးအကြောင်း စာအုပ်ရေးထားတာ အိမ်မှာကျန်ခဲ့၊ ယင်းချောင်းတွင် ချန်ပီယံလိဂ်ပွဲစချိန်ထိ ရေစစ်၊ မခံနိုင်သူများ မိုးကုတ်၊ လားရှိုး၊ တစ်မိသားစု သုံးလလုပ်ရင် သုံးသိန်းတော့၊ မလေးရှားတော့ ငွေမနိုင်ဘူးဗျ၊ အော်၊ အိမ်ကတော့ တစ်နှစ်တစ်ရက်ဆိုသလို ဖွင့်ပေးပါတယ်၊ ထိန်းသိမ်းတာတွေဘာတွေတော့မရှိဘူး၊ ဓာတ်ပုံတွေတော့ ကုန်သလောက်ရှိပြီ၊ ရန်ကုန်ကို၊ ရန်ကုန်ကို…..
No (56) 27/Feb
Posted in Prose on March 4, 2010| Leave a Comment »
ဖေဖေ မေမေ
နေကောင်းလား
ဒီနေ့ Saturday ဆိုတော့ သမီး နေမြင့်မှထတယ်။ အိမ်သန့်ရှင်ရေးလုပ်တယ်။ စာဖတ်တယ်။ သီးချင်းနားထောင်တယ်။
အန်တီတို့ကတော့ ဒီနေ့ Olympic Village ထပ်သွားကြတယ်။ ဒီတပါတ်ကနောက်ဆုံးဆိုတော့ လူစည်တယ်။ မနက်ဖြန် Sunday ပိတ်ပွဲကျင်းပမယ်။ TV ကလာမယ်။ သမီး တို့ကြည့်တယ်။
မနေ့က အုဝဲတို့သားအမိ ထွေးထွေးကြည် ကလေးမွေးတာ သတင်းသွားမေးဖို့အသွား ကားပေါ်မှာ ဖေဖေ နဲ့တွေ့တယ်ပြောတယ်။ သမီးနဲ့ အုဝဲ Online မှာတွေ့ပြီး သူတို့ ကားပေါ်တက်သွားတာ။
သမိုင်းကြီးကြီးက သမီးကို အားငယ်နေမယ် ထင်နေတယ်။ သမီး က အဲ့လိုတွေးပြီး အားငယ်တက်တဲ့လူမဟုတ်ပါဘူး။ လက်ရှိရောက်နေတဲ့အခြေအနေတိုင်းကို အဆင်ပြေအောင် ပျော်အောင် ပိုကောင်းအောင် ဘဲ တွေးတယ်။
ပြီးတော့ ခုချိန်က အားငယ်ရမယ့် အချိန်မဟုတ်တော့ဘူးလေ။ ငယ်ငယ်က သမီးကို လူရာမသွင်းသလို ဆက်ဆံခဲ့ဘူးတဲ့လူတွေကို ပြုံးပြီး ပြန်ကြည့်လို့ရတဲ့ အခွင့်အရေး သမီးလက်ထဲရောက်နေပြီဘဲ။
အားငယ်စရာမလိုတော့ပါဘူး။ အားငယ်တယ်ဆိုတာ အရင်ကသာ ဖြစ်ခဲ့ဘူးတဲ့ ခံစားမူတခုပါ။ ခုမရှိတော့ဘူး။
သမီး စိတ်ထဲ ခံပြင်းတာတွေ မကျေနပ်တာတွေ ရှိရင် တနေ့ ပြန်အနိုင်ရမယ် လို့တော့သမီးယုံတယ်။ ကံကို ယုံလွန်းတာမဟုတ်ပေမယ့် ကံ က အဲ့လိုဖန်တီးပေးလေ့ရှိတယ်။ သမီး တမင်လုပ်ယူတာတော့မဟုတ်ပါဘူး။
သူ့ဘာသာ ဖြစ်ဖြစ်လာတာပါ။
မမေဦးကို ငွေပို့ရလို့ အန်တီခင်ညည်းနေတယ်ပေါ့။ အဆင်ပြေသွားမှာပါ။ သူလည်း ဟိုမှာကျောင်းတက်တုန်းဆိုတော့ လခတော့ဘယ်ကောင်းကောင်းရဦးမလဲ။ Part Time ကတော့ သိတဲ့အတိုင်းဘဲလေ။ ခိုးလုပ်ရတာ။
Student နဲ့လာပြီး Part time က တရားဝင်လုပ်ခွင့်မရှိဘူး။ ရှိလည်း ကန့်သတ်ချက်တွေများတယ်မလား။ အဲ့တော့ နဲနဲ တော့ကျပ်တည်းမှာပေါ့။ ကိုအောင်တုန်းကလည်း အိမ်ကပို့နေရတာဘဲလေ။
သမီးက ကံကောင်းတယ်လို့ အားလုံးကပြောကြတယ်။ ဒါလည်း တမင်လုပ်ယူတာတော့မဟုတ်ပါဘူး။ ဒီလိုဖြစ်လာလိမ့်မယ် လို့လဲ အရင်က မမျှော်လင့်ခဲ့ဘူး။ ရည်ရွယ်ထားတာလည်းမဟုတ်ဘူး။
သမီး ငယ်ငယ်က နဲနဲ လူတွေရဲ့ အပြင်ရောက်နေတက်တယ်။ လူဝင်မဆံ့သလိုလဲ ဖြစ်ဘူးတယ်။ ငွေကြေးအရ တန်းတူမဖြစ်တာကြောင့်လဲ ပါမယ်။ ဒါပေမယ့် အဲ့ဒီတုန်းကတော့ စိတ်နာသလိုခံစားရတယ်။
ခုတော့လည်း ဘယ်လိုမှမနေတော့ပါဘူး။ ကိုယ် တုန်းက ခံရဘူးလို့ သူများကို ကိုယ့်လိုပြန်ခံရအောင်လုပ်မယ် လို့တော့ သမီး စိတ်မကူးမိဘူး။ အရင်က ကိုယ့်ကို မတူသလိုကြည့်ခဲ့တဲ့သူကို ခုကိုယ်က ပြုံးပြုံးဘဲ ကြည့်ချင်တယ်။
စိတ်ထဲမှာဘာမှမရှိပါဘူး။
ဒါကြောင့် ကြီးကြီးကိုလည်း ပြောလိုက်ပါ သမီး အားမငယ်တက်ပါဘူးလို့။ သမီး က ပစ်တိုင်းထောင် လို့။
အိမ်နဲ့ဝေးတော့ တခါတလေ ပြန်လာချင်သလိုတော့ ဖြစ်တာပေါ့။ ဒါပေမယ့်လည်း စကန့်ပိုင်းပါဘဲ။ အဲ့ဒီစိတ်ပေါ်လာရင် တခုခုထ လုပ်လိုက်တယ်။ အဲ့တော့ ပျောက်သွားတာဘဲ။
ဒီမှာလည်း အမျိုးတွေ ကြားထဲဆိုတော့ သိပ်ပြီးတော့ မိသားစု မရှိသလို မခံစားရဘူး။ နဂိုလိုပါဘဲ။ စားစ၇ာ၇ှိစား သွားစရာရှိသွား အလုပ်လုပ် ပိုက်ဆံရ ဒါဘဲ။
ဖေဖေ့ ကိုသတင်းကောင်းပြောရဦးမယ်။ ဒီ Olympic မှာ သမီးတို့ အမျိုးထဲက အမြတ်အထွက်ဆုံးလူတယောက်ရှိတယ်။ ဦးမြင့်အောင်လေ။ သူ့အိမ်က Olympic စကိတ်ကွင်းရှေ့ဆိုတော့ လာကြည့်တဲ့လူတွေက ကားထားစရာမရှိရင် သူက သူ့
ကားပါကင်မှာပေးထားတယ်။ ခု 3 ပါတ်လောက်အတွင်း ကား ပါကင် ငှားခ $ 2000 လောက်ဝင်တယ်ပြောတယ်။ ဟန်ကျနေတယ်။ ပြုံးပြုံး ပြုံးပြုံး နဲ့။
ဦးမြင့်အောင်အိမ်က ဟောင်းနေပြီ ဒါပေမယ့် သူ့ အိမ်က မြို့လယ်ဆိုတော့ ဈေးအရမ်းကောင်းတယ်။ အဘိုးရှိတုန်းကလည်း အားကစားရာသီဆို အဘိုးက Car Parking ထွက်ခေါ်တာတဲ့။
လာထားလို့ရတယ်ပေါ့။ English လိုကမတက်တော့ ဆိုင်းဘုတ်လုပ်ပေးထားရတယ်။ 1 စီး 20 ဆိုပြီး ရေးပြီး ကိုင်ထားတာပေါ့။ သူ့ကိုပေးမလုပ်ရင် စိတ်ဆိုးတယ်တဲ့။ သူ့ဘာသာလုပ်ရမှ ကျေနပ်တာတဲ့။
ခုတော့ အဘိုးမရှိတော့ ဦးမြင့်အောင်ဘာသာ လုပ်နေတာပေါ့။ 20 ရတယ်လေ။ သူ့အိမ်နောက်ကွက်လပ်မှာက 4 စီးအသာလေးဆန့်တယ်မလား။ Skate ပွဲကလည်း အနည်းဆုံး 3 လေးနာရီ ကြာတယ်လေ။
ထောတာပေါ့။
ဘုန်းဘုန်းနဲ့ Dictionary ထည့်ပေးတဲ့အခါ စကူဘူးခွံကိုချွတ်ပြီး ပြားနေအောင်လုပ်ပြီး Dictionary ကသပ်သပ် ဘူးခွံက သပ်သပ်ထည့်ပေးပါလား။ ဒါဆို သိပ်မကြီးတော့ဘူးပေါ့။ အဆင်ပြေမလားလို့ ပါ။
ဒါဘဲနော်
ဒီနေ့အဖို့တော့
မေမေ ဖေဖေ နေကောင်းအောင်နေနော်
သမီတိုးတိုး
ရပ်ပြစ်
Posted in Poem on March 4, 2010| Leave a Comment »
ယောက်ျားသားများ ဆံပင်ကို မျက်ခုံး၊ လည်ကုပ်၊ နားရွက်တို့ကို ဖုံးအုပ်နေသည့်အထိ မထားရန်
အမျိုးသမီးများ မိတ်ကပ်အထူကြီး မလိမ်းရန်
ကျားရောမပါ ခံတွင်းအနံဆိုးမရှိကြရန်
လမ်းပေါ်တွင် တံတွေးမထွေးရန်
လက်ဆွဲနှုတ်ဆက်ရာတွင် လက်ကို သုံးစကန့်ထက် ပိုမကိုင်ထားရန်
အကျီရင်ဘတ်ကြယ်သီးများဟလျက် လူမြင်ကွင်းတွင် မနေရန်
စွပ်ကျယ်ဝတ်ပါက ၀မ်းဗိုက်ကို လှန်မထားရန်
ဘောင်းဘီရှည်ဝတ်ပါက လိပ်တင်ထားခြင်း မပြုရန်
အရပ်ပုသူများ ကန့်လန့်စင်းများပါသော အ၀တ်များမ၀တ်ရန်
ယမကာဝိုင်းတွင် ဘီလ်ကို အလုအယက်ရှင်းခြင်း၊ အခြားသူတစ်ဦးအား အတင်းဖိတ်ခေါ်ခြင်းများ မပြုရန်
ခြေသလုံးသားမလှသော အမျိုးသမီး ခြေအိတ်ရှည်ရှည်အရောင်မှိုင်းမှိုင်းများ ၀တ်ဆင်ကြရန်
(တရုတ်အိုလံပစ်ပွဲတော်နှင့် ၀တ်စားဆင်ယင်မှုညွှန်ကြားချက်များ-နွယ်နီ စက်တင်ဘာ၊ ၂၀၀၈မှ)
မဆ