နေ့လည်စာကို ရှီလာသိန်း စတိုးဘေးက ထမင်းဆိုင်တစ်ဆိုင်မှာ စားတယ်။ ဟင်းရံတွေချပေးတာ အတော်များတယ်။ စားသောက်ပြီးတော့ ခပ်သုတ်သုတ်ပဲ မိုင်းထဲကို ထွက်ခဲ့တယ်။ ကျောက်တွင်းတူးတဲ့နေရာပါ။
အရောင်အားဖြင့်သာ ပူပြင်းတဲ့ နေရောင်အောက်မှာ မိုင်းတွင်းတွေရှိတဲ့ဆီ တက်ခဲ့တယ်။ အရင်ဆုံးတွေ့ရတာတော့ ပတ္တမြားနဂါးဖက်စပ်ကွက်ပဲ။ ကျောက်ဖြူဖြူတွေ အပုံလိုက်တွေ့ရတော့ ပထမ ကတ္တရာလမ်းဖောက်ဖို့လို ထင်မိတယ်။ နောက်တော့ ကျောက်ပုံကြီးတွေဟာ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်လောက်မြင့်လာတာမို့ ဒါဟာ ပတ္တမြားထုတ်တာနဲ့ ပတ်သက်မှာပဲလို့ သိလိုက်တယ်။ နောက်တော့ မိုးကုတ်မှာ ကျောက်တွင်း၊ မြေတွင်းနှစ်မျိုးရှိတယ်း၊ အခုလာတာ ကျောက်တွင်းလို့ ခေါ်ကြောင်း၊ ကျောက်ခဲထဲမှာ ကပ်နေတဲ့ ပတ္တမြားကို ခွဲထုတ်ရတာ၊ မြေတွင်းကတော့ မြေကြီးတွင်းထဲက ပတ္တမြား၊ နီလာကို တိုက်ရိုက်တွေ့ရတာလို့ သိရတယ်။ တောင်ထိပ်ဘက်က ကုမဏီ တစ်ခုရဲ့ ကျောက်မိုင်းတခုထဲကို ၀င်ခဲ့ကြတယ်။ ပါလာတဲ့အဖွဲ့တွေကတော့ သူတို့လုပ်စရာရှိတာလုပ်ကြတယ်။ သူတို့က မိုင်းတွင်းအလုပ်သမား/သမတွေကို အေအိုင်ဒီအက်စ် ပညာပေးလုပ်ကြတာပါ။ ကွန်ဒုံးဘယ်လို စွပ်ရတယ်ဆိုတာ သရုပ်ပြတာမျိုးလည်းပါတယ်။ လိင်အင်္ဂါအတုပုံတွေသုံးပြီး ပြကြပါတယ်။ ကလီရှေးဟာသထဲကလို ဗူးစင်တို့၊ ခြံတိုင်တို့ မသုံးကြတော့ပါဘူး။ ကျောက်တွင်းနားကို သွားပြီးကြည့်ပါတယ်။ အပေါက်ကလူတစ်ဖက်စာလောက် ကျဉ်းကျဉ်းလေးပါ။ သေချာ ငုံ့မကြည့်ရဲလို့ အထဲကို မမြင်ရပါ။ တွင်းတွေဟာ ပေရာနဲ့ချီတဲ့အထိ နက်တတ်ပြီး အထဲမှာလည်း ပေထောင်နဲ့ချီ ကျယ်တယ်လို့ ဆိုပါတယ်။ ထွက်ပေါက်ကတော့ အပေါ်မှာ ပြောခဲ့တဲ့ လူတစ်ဖက်စာအပေါက်သာရှိတာပါ။ ကျောက်တွင်းဖြစ်လို့ တစ်တွင်းလုံးပြိုကျဖို့ ခက်ပေမယ့် တွင်းထဲမှာပဲ ကျောက်သားပဲ့ကျပြီး ကိစ္စချောကုန်တာတွေ ရှိတယ်လို့ ဆိုတယ်။ ကျွန်တော်ရပ်နေတဲ့နေရာရဲ့ အောက်မှာလဲ ဂလိုင်ဖြစ်နေမှာလို့တောင် တွေးလိုက်မိတယ်။ အထဲမှာ ကျောက်ကို ထုခွဲယူ ၊ အပေါ်ကို စက်သီးနဲ့တင်၊ အဲဒီကျောက်တွေကို ထပ်ပြီး ကျိတ်ခွဲ၊ ဆန်ကာတိုက်ပြီး ကျောက်(ပတ္တမြား၊ နီလာစသည်)ကို ရှာကြတာပါ။ ကျွန်တော်တို့ ကျောက်တွင်းမှာ တစ်နာရီကျော်လောက်ကြာတဲ့အတွင်း ကျောက်အစအနလေးတစ်ခုတောင် မတွေ့တာမို့ မလွယ်တဲ့အလုပ်ပဲလို့ ထင်မိပါတယ်။ ကျောက်ရှာတဲ့ အလုပ်လုပ်နေတာတော့ အမျိုးသမီးတွေများပါတယ်။ သူတို့ သယ်နေတဲ့ ကျောက်ခြင်းတွေက ကျွန်တော့်အတွက်တော့ ကြွရုံပဲ မလို့ရပါတယ်။ ကျွန်တော်တို့ရှိနေစဉ်အတွင်း ကျောက်မတွေ့လို့ ပတ္တမြားကပ်နေတဲ့ ကျောက်စတစ်ခုကို သိမ်းထားတဲ့ဆီက ယူလာပြီး ပြပါတယ်။ သူတို့ကတော့ ယဉ်ပါးနေပြီ ဖြစ်လို့ ကျောက်စရဲ့ အပြင်ဘက်က အနီရောင်အစလေးမပြောနဲ့ အထဲက ပတ္တမြားရဲ့ အရိပ်ကိုတောင် ကြည့်နိုင်ကြတယ်။ ကျောက်တွင်းတွေကိုက်ရဲ့လားလို့ မေးတော့ လုပ်တဲ့နှစ်နှစ်တာအတွင်း စရိတ်ရဲ့ ၇၀ ၇ာနှုန်းပဲရှာနိုင်ပြီး အမြတ်မရှိသေးဘူးလို့ မန်နေဂျာကြီးက ပြောတယ်။ အဓိကကတော့ ရေပဲ။ တွင်းတွေကို အနက်ကြီး တူးရတော့ ရေ၀င်တယ်။ သူတို့တွင်းထဲမှာ ရေက ပေနှစ်ရာလောက်တက်နေတယ်။ ရေမျက်နှာပြင်ပေါ်မှာ ငြမ်းထိုးပြီး ကျောက်ခွာနေရတယ်။ နောက်ပြီး အခုလုပ်နေရတာက အပေါ်သားဖြစ်ပြီး ကျောက်ကောင်းကောင်းတွေ့ဖို့ မျှော်လင့်ချက် သိပ်မရှိဘူး။ ရေကို စုပ်ထုတ်ပြီး အောက်သားကို နှိုက်နိုင်မှ အကျိုးရှိမှာလို့ ဆိုပါတယ်။ ရေထုတ်ရတာကလည်း နှစ်လသုံးလကြာပြီး ဒီဇယ်ဂါလံ သောင်းချီကုန်တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို လုပ်ငန်းကြီးတွေ တိုင်းရင်းသားတွေလုပ်နိုင်တာ ဂုဏ်ယူမယ်ဆို ယူစရာပဲ။ အခုမိုးကုတ်မှာ ဖက်စပ်ကွက်လုပ်နေတာ မိုးကုတ်သားတွေ များလားလို့ စေ့ငုမိတော့ မိုးကုတ်သားက ဆယ်ရာနှုန်းလောက်ပဲရှိမယ်လို့ ဆိုတယ်။ မိုးကုတ်သားတွေက ဖက်စပ်အစမှာ အစိုးရနဲ့ တွဲလုပ်ဖို့ စိတ်မပါတာကြောင့် လုပ်ကွက်တွေ တခြားလူတွေလက်ထဲ ရောက်ကုန်တာရယ်၊ မိုးကုတ်သားတွေက ကျောက်တစ်မျိုးပဲလုပ်တတ်ကြတာမို့ ကျောက်တွင်းမှာရင်းပြီး ကျောက်မထွက်ရင် ဆက်ရင်းဖို့ခက်တယ်၊ တခြားကလာတဲ့လူတွေက တခြားလုပ်ငန်းကနေ ငွေရှာပြီး ကျောက်ထွက်တဲ့အထိ ဆက်ရင်းနိုင်ကြတာရယ် ကြောင့်လို့ သိရတယ်။ အကျိုးဆက်ကတော့ ပြင်ပလုပ်ငန်းရှင်တွေက သူတို့လုပ်သားနဲ့ သူတို့ လာကြတာမို့ အခြေခံလုပ်သားအဖြစ် အသက်မွေးတဲ့ မိုးကုတ်သားတွေ အခက်ကြုံရတာပါပဲ။ မိုးကုတ်သားတော်တော်များများကတော့ ဒီမိုင်းတွင်းတူးတဲ့အလုပ်ပဲ ကျွမ်းကြတာမို့ ကျောက်ဖြစ်ဖြစ်၊ ရွှေဖြစ်ဖြစ် တွင်းသံကြားတဲ့ဆီပြေးရတာပါပဲလို့ ပြည်သူပိုင်ခေတ် မတိုင်မီကတည်းက ကျောက်တွင်းလုပ်လာသူတစ်ယောက်က ပြောပြတယ်။ မှိုင်းရှုးခေတ်တုံးကလည်း မိုင်းရှုးဆီပြေးကြ၊ ငှက်တွေ၊ အေတွေနဲ့ ပြန်လာကြ၊ သပိတ်ကျင်းခေတ်တုံးကလည်း သပိတ်ကျင်းဆီပြေး၊ အာဆင်းနစ်ရေတွေသောက်ပြီး သွေးအန်ပြန်လာကြ၊ အင်းအခုလည်း ဘယ်ကို ပြေးကြရဦးမယ်မသိဘူးလို့ ရေရွတ်ပါတယ်။ ဒီတွင်းတွေမှာကလည်း အရက်၊ မိန်းမ၊ ဆေးအကုန် မိုင်းထဲမှာထားပြီး တွင်းသားတွေ တွင်းပြင်ပေးမထွက်တဲ့ခေတ်ကြီးက ရှိခဲ့တော့ တစ်ခုမဟုတ် တစ်ခုလုတ်တတ်ကြသူချည်း၊ တစ်ဆက်တည်း ရောဂါတစ်ခုမဟုတ်တစ်ခုလည်း ပါကြဖို့က သေချာသလောက်ရှိနေ။ မဖဲ့ရသေးတဲ့ဘေးဘက်ကတောင်ကြီးတွေကို ငေးရင်း အဆက်မပြတ်ထွက်နေတဲ့ မီးစက်သံ၊ ကျောက်ကြိတ်သံတွေကြားမှာပဲ မိုင်းတွင်းကနေ ခွာခဲ့တယ်။
ညနေမစောင်းခင် မိုးကုတ်ကနေ ၇ မိုင်လောက်မှာရှိတဲ့ မိုးမိတ်အသွားလမ်းပေါ်က ပိန်းပြစ်ဆိုတဲ့ ရွာလေးကို ရောက်ပါတယ်။ အဲဒီမှာ တိုင်းရင်းသူ ၀တ်စုံနဲ့ တိုင်းရင်းသူလေးတွေ တွေ့ရပါတယ်။ ရွှေပလောင်၊ငွေပလောင်၊ ကြိမ်ပလောင်ရယ်လို့ ရှိတဲ့အထဲက ကြိမ်ပလောင်လို့သိရပါတယ်။ ခါးမှာ ကြိမ်ကွင်းတွေတပ်ထားပါတယ်။ မိုးကုတ်သူတွေ လှတယ်ဆိုတဲ့ အဆိုကို လုံးဝဥသုဉ် လက်ခံရမှာပါ။ ဒီလိုကျေးရွာလေးမှာ လက်ဖက်ခူး၊ ထင်းခွေလုပ်နေတဲ့ ရွာသူတွေတောင် ရန်ကုန်က ရေခဲစိမ်ဘူလေးတွေ ရှုံးအောင်လန်းကြတာ တွေ့ရပါတယ်။ ပိန်းပြစ်ကပြန်လာတော မိုးကုတ်မ၀င်ခင် Welcome to Rubyland ဆိုတဲ့ ဆိုင်းဘုတ်နားမှာ ဓာတ်ပုံရိုက်ကြတယ်။ မိုးကုန်ရဲ့ ဗျူးပွိုင့်ပဲလို့ သိရပါတယ်။ အဲဒီနားမှာ အုတ်တိုင်ငုတ်တွေ၊ အုတ်လှေကားတွေ တွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက လီဆူးသဌေးတစ်ယောက် ဒီနေရာမှာ ဟိုတယ်ဆောက်ထားခဲ့တယ်။ နောက်တော့ သစ်မှုနဲ့ အဖမ်းခံရပြီး သူ့ဟိုတယ်ကိုလည်း ချိတ်ပိတ်၊ နောက်ဖျက်ပစ်လိုက်တယ်လို့ သိရတယ်။ ခုတော့ ဟိုတယ်ရဲ့ ရေကန်နဲ့ လှေကားထစ်တွေပဲ ကျန်တော့တယ်။ တစ်နေရာမှ တစ်ဘက်တောင်ကြောက ရှမ်းရွာတွေဆီပေါက်တယ်ဆိုတဲ့ ဂူပေါက်တစ်ခုတွေ့ရတယ်။ ခုတော့ မြေကြီးတွေနဲ့ ပြည့်နေပြီ။ ကျွန်တော်ကတော့ မင်းပြောင်း၊ သဌေးပြောင်းဆိုတာမျိုးလားလို့ တွေးနေမိတယ်။ မမှောင်ခင် မိုးကုတ်ကုန်ပြန်ဝင်ခဲ့တယ်။ လမ်းဘေးဆိုင်လေးမှာ မိုးကုတ်ထမင်းပေါင်းစားပြီး ဆရာမက ချမ်းသာကြီးဘုရားကို ပို့သေးတယ်။ စေတီပုံတော်ကို ရွှေပိသာနဲ့ချီပြီး ထုထားတာ၊ သိန်းရာထောင်ချီတဲ့ ကျောက်တွေကိုလည်း စေတီမှာ ပူဇော်ထားလို့ မြင်ဘူးတယ်ရှိအောင် ကြည့်ခဲ့တယ်။ တည်းခိုခန်းကို မပြန်ခင် ကောင်းမွန်မှာ မဟာဝန်ရှင်တော်မင်းကြီးနဲ့အတူ ရက်ဒင်း-ဗီလာ ၂း၎ပွဲ ကြည့်လိုက်သေးတယ်။ နောက်နေ့ မန္တလေးပြန်ဆင်းရတော့မှာမို့ ချယ်ဆီးနဲ့ စတုတ်ပွဲတော့ မကြည့်နိုင်တော့ဘူး။
Leave a Reply