ဘလော့မရေးဖြစ်ဘဲ အချိန်တွေ ကြာဦးမယ်လို့ တွေးမိတဲ့အခါ တခုခုတော့ ရေးဦးမှလို့ စိတ်ထဲဖြစ်လာတယ်။ ဘာရေးရမလဲဆိုတာရယ်မသိဖြစ်နေတယ်။ နောက်ဆုံးရေးခဲ့တာတွေကလည်း ဖြစ်ညှစ်ရေးရသလို ဖြစ်နေတယ်။ victim က အိပ်ခ်ျအိုင်ဗွီဖြစ်နေတဲ့ ငါးနှစ်ပဲရှိသေးတဲ့ လီဆူးမလေးတစ်ယောက်ကို တွေ့ပြီး ရေးထားတာပါ။ အဲဒါလည်း ရေးချင်တာက အများကြီး ရေးလို့မထွက်ဖြစ်နေပါတယ်။
ဘလော့လုပ်ဖြစ်တာက စာရေးဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာဖြစ်ပြီး ခုတခါ ဘလော့ဖတ်သူတွေ အတွက်ပါ post အသစ်မှန်မှန်မတင်နိုင်တဲ့အခါ စိတ်ပျက်ရပါတယ်။ (အဲဒီတော့ အဟောင်းတွေ ပြန်တင်တာလည်းရှိတာပေါ့လေ။ သူများ အရေးအသားတွေတင်တာကတော့ ကြိုက်လို့တင်တာပါ)
ခရီးတွေလည်း မနားတမ်းထွက်ဖြစ်ပါတယ်။ နေရာစုံပေါ့လေ။ လူစုံလည်း တွေ့ရပါတယ်။ စာမထွက်တာကတော့ အပွင့်ဓာတ်မရှိလို့ပဲ။ ထိသမျှရွှေမပြောနဲ့ ကြေးတောင်မဖြစ်လို့ ခက်နေပါတယ်။ စိတ်ထဲမှာ ရည်ရွယ်တာကတော့ နိုဗယ်ရေးဖို့ထိပေါ့လေ။ plot တွေဘာတွေတောင် ချထားသေး။ လက်တွေ့ကျတော့ လက်တိုနေတယ်။
သူများတွေ ရေးသွားတာတွေ့ရရင် စိတ်ထဲမှာ အတော်မချင့်မရဲ ဖြစ်ရပါတယ်။ ပါရမီရှင်အဆင့်မဟုတ်တောင် ထိစမ်းသမျှ အသက်ဝင်ပြီး လမ်းထမလျှောက်တောင် မျက်လုံးကလေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင် မဆိုးဘူး။ ပြည်တွင်းဆိုရင်တော့ မောင်ယုပိုင်ကို မနာလို ဖြစ်မိပါတယ်။ ပြည်ပကတော့ ဆိုဖွယ်မရှိဘူးပေါ့။
လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ဘလော့လုပ်တဲ့ ကိုးလဆယ်လအတွင်း ရေးထားခဲ့သမျှတွေ ပရင့်အကုန်ထုတ်ပြီး ပြန်ဖတ်ကြည့်ပါတယ်။ တချို့ဟာတွေလည်း ခုရေးခုတင်ဆိုတော့ အမှားပါတာတွေရှိသလို ငါရေးခဲ့တာမှ ဟုတ်ရဲ့လားလို့ ခံစားမိအောင် အသစ်လို့ ခံစားရတာလည်း ရှိပါတယ်။
ဘလော့ဖတ်သူတွေထဲမှာ စာရေးဝါသနာပါသူတွေရှိရင် တိုက်တွန်းချင်တာကတော့ ဘလော့လုပ်ဖို့တော့ တိုက်တွန်းချင်ပါတယ်။ ဒါမှမဟုတ်လည်း ရှိပြီးသား ဘလော့ (ကိုယ်နဲ့လိုင်းတူမယ်ထင်တဲ့)တွေကို ဆက်သွယ်ပြီး (သိသိမသိသိ) post တွေတင်ကြည့်ဖို့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်ပါတယ်
ကမ်းယံ
ဘလော့မရေးဖြစ်ဘဲ အချိန်တွေ ကြာဦးမယ
March 31, 2010 by Kanyan
Leave a Reply