အဲဒီအချိန်တွေကို ပြန်မြင်ယောင်ကြည့်ရင်
အဖြစ်အပျက်တွေဟာ အ၀ါရောင်သန်းနေတဲ့ဇာတ်ဝင်ခန်းတွေလိုပါပဲ
အာကသထဲမှာ မေ့လျော့ကျန်ခဲ့တဲ့ အာကသယာဉ်မှုးတစ်ယောက်လို ကိုယ့်ကိုယ်ကို ခံစားနေခဲ့ရတယ်
အာကသယာဉ်ကတော့ မြေကမ္ဘာဆီ
ပြန်လည်ထွက်ခွာသွားပေါ့
အဲဒီတုံးက အခန်းထဲမှာ ၀ါကျင်ကျင်မီးလုံးတစ်လုံး ထွန်းထားခဲ့ပြီး
ကျွန်တော်ကလည်း အခန်းထဲမှာပဲ အနေများခဲ့တယ်
အရှေ့ဘက် ရိုးမဆီ ဦးတည်သွားတဲ့ ကားတစ်စီးစီးရဲ့
ခေါင်မိုးပေါ်တက်လိုက်သွားရင်
မိန်းမပျက်,မရှိတဲ့ မြို့ကလေးတစ်မြို့ဆီရောက်နိုင်တယ်
(ကျွန်တော်ရှာမတွေ့ခဲ့တာလည်း ဖြစ်နိုင်တယ်)
အဲဒီမြို့ကလေးမှာ
ဗန်းမော်တင်အောင်နဲ့ ဂျက်လန်ဒန်ရဲ့စာအုပ်တွေ စုဆောင်ထားတဲ့
စာအုပ်ဆိုင်တစ်ဆိုင်ရှိတယ်
ကျွန်တော်ဟာ ကမ္ဘာကြီးကို ဆက်သွယ်ကြည့်တဲ့အနေနဲ့
ဘောလုံးပွဲတွေသွားပြီး ဆဲရေးတယ်
သူငယ်ချင်းနှစ်ယောက်နဲ့အတူ ကျောင်းသူအဆောင်တွေရှေ့မှာ
`ငှက်ဆိတ်တဲ့သစ်စည်း´ကို ရွတ်တယ်
ပိုပိုရဲ့ အနုပညာသီအိုရီစာအုပ်တစ်အုပ်ကို နည်းမလည်ဘဲ ကြိုးစားဖတ်ရှုခဲ့ပေမယ့် နားလည်မှုဆီရောက်မသွားခဲ့ပါဘူး
ပိုက်ဆံအတွက်
တူးဒီရောင်းတယ်
ဘောပွဲကျန်ဖြတ်လုပ်တယ်
ဝါကျင့်ကျင့်မီးရောင်အောက်မှာ ချန်ပီယံလိဂ်ဘောလုံးပွဲများ စတင်ချိန်အထိ ဘရားသားစ်ကာရာမာဇော့နဲ့ နေထိုင်ခဲ့တယ်
ဒရောဝင်ပေပါတစ်ရွက်ပေါ်မှာ I wanna fuck them all ဆိုတဲ့ စာတမ်းရေးပြီး အခန်းအပြင်ဘက်မှာ ကပ်ထားခဲ့တယ်
ရက်များမကြာမီဘဲ အဲဒီစာရွက်ပေါ်မှာ
ကျောင်းသူတွေရဲ့ နံမည်တွေနဲ့ ပြည့်နှက်သွားခဲ့တယ်။
ညနေဘက်ဆို
ပိုကာဝိုင်းထိုင်ရင်ထိုင်
ဒါမှမဟုတ် အရက်နည်းနည်းသောက်ပြီး
`ဒီလိုမချစ်ဘူး မပြောပါနဲ့´လို့ ကာရာအိုကေဆိုင်မှာ အော်ရင်အော်
ဒီလို့နဲ့
ကျွန်တော့်သူငယ်ချင်းတစ်ယောက်
အယ်လ်နောင်းရဲ့ `အချစ်´သီချင်းလေးညဉ်းရင်းညဉ်းရင်း
တွင်းတစ်ခုထဲပြုတ်ကျသွားတယ်
သူငယ်ချင်းတစ်ယောက်က သူ့ကိုသရဲစီးနေပါပြီ်ဆိုပြီး ကြုံးအော်နေချိန်မှာ နောက်တစ်ယောက်ကတော့ သူ့ရဲ့ အခန်းထဲမှာ
ငါးမုန့်ကြော်တစ်ထုပ်ကို တိတ်တဆိတ် စားသောက်နေခဲ့တယ်
ကျွန်တော်လည်း ငှားလာတဲ့ မဂ္ဂဇင်းထဲက
ဧကစာချိုရဲ့ ကာတွန်းတစ်ကွက်နဲ့
လိပ်ပြာသန့်သန့်ရဲ့ `အိမ်ထောင်ရေး အစီရင်ခံစာ´ကို မိတ္တူကူးပြီး
အခန်းတံခါးမှာ ကပ်ထားလိုက်တယ်
ကိုယ်ရေးကိုယ်တာ
April 25, 2010 by Kanyan
Leave a Reply