အဲဒီနေ့က နေသိပ်ပြင်းတယ်ဗျ။ ကျွန်တော်လည်း အရိပ်ကောင်းကောင်းရတဲ့ သစ်ပင်ကြီးကြီးတစ်ပင်အောက် ရောက်နေခဲ့တယ်။ ကွင်းထဲမှာတော့ ၀ါတွေစဆွတ်နေကြပြီ။ မိန်းမတွေ ခေါင်းမှာပ၀ါစည်းပြီး ၀ါဆွတ်နေကြတယ်။ ၀ါပင်မှာ ကပ်နေတဲ့ရွှံ့တွေကို အားစိုက်ပြီးခါလိုက်တိုင်း သူတို့ရဲ့ တင်ပဆုံတွေ နိမ့်ချည်မြင့်ချည်လိုင်းထသွားလေရဲ့။ ခေါင်းကကောက်ရိုးဦးထုပ်ကို ချွတ်လိုက်တယ်။ နောက်မှာထိုးထားတဲ့ ပ၀ါကို ဆွဲထုတ်ပြီး မျက်နှာက ချွေးတွေကို သုတ်ပစ်လိုက်တယ်။ ဘေးနားက ရေကန်ကတော့ နေရှိန်ကြောင့် ၀ါထိန်ထိန်ဖြစ်နေပြီ။ သစ်ပင်ကိုမှီပြီး ရေကန်ကိုမျက်နှာချင်းဆိုင်ထိုင်လိုက်တဲ့ ခဏမှာပဲ တမှေးလောက်အိပ်ချင်တဲ့စိတ် ပေါ်လာတယ်။ ကျောပိုးအိတ်ကိုခေါင်းအုံး၊ မျက်နှာပေါ်ကောက်ရိုးဦးထုပ်တင်ပြီး မျက်လုံးကို မှိတ်လိုက်တယ်။
သစ်ရွက်တွေနဲ့ မြက်ပင်ရှည်တွေကြားမှာ ကျွန်တော်ဟာ နှစ်နာရီလောက် အိပ်ပျော်သွားခဲ့တယ်။ အိပ်ပျော်နေတုံး ခြေထောက်ပေါ် ပုရွက်ဆိတ်တွေတက်လာသေးတယ်။ အိပ်ပျော်နေရင်းကိုပဲ ပုရွက်ဆိတ်တွေကို သပ်ချမိတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ပင်လယ်ကမ်းခြေတစ်ခု ရောက်နေသလို ခံစားမိရဲ့။ အဘိုးအိုတစ်ယောက်ရဲ့ အော်သံကို သဲ့သဲ့ကြားမိတယ်။ ကျွန်တော်အိပ်မက်ကနေနိုးလာပြီး အော်နေတဲ့အသံကလည်း ပြတ်ပြတ်သားသားဖြစ်လာတယ်။ ဘေးဘီကိုကြည့်မိတော့ ကွင်းထဲမှာ နွားတစ်ကောင်ကို မောင်းနေတဲ့အဘိုးအိုတစ်ယောက်ကို တွေ့ရတယ်။
ထွန်ရင်းယက်ရင်း ပင်ပန်းနေပုံရတဲ့နွားက ခေါင်ကြီးအောက်စိုက်ပြီး ပေကပ်ကပ်လုပ်နေတယ်။ အင်္ကျီဗလာနဲ့ အဘိုးအိုကတော့ သူ့နွားရဲ့ သဘောထားကို စိတ်ပျက်နေပုံပဲ။ သူ့နွားကို ကျယ်ကျယ်အော်ပြောလိုက်တဲ့ အသံကို ကြားရတယ်။ “နွားဆိုတာ လယ်ထွန်ရတယ်။ ခွေးဆိုတာ အိမ်စောင့်ရတယ်။ ဘုန်းကြီးက ဆွမ်းခံရတယ်။ ကြက်က မနက်လင်းရင်တွန်ရတယ်။ မိန်းမက ဗိုင်းငင်ရတယ်။ လယ်မထွန်ရတဲ့နွားလို့ မင်းကြားဘူးသလားကွဟင်။ လာပါကွ။ ထွန်စမ်းပါ”
မောနေတဲ့နွားကြီးဟာ အဘိုးကြီးရဲ့တရားကိုလည်းနာပြီးရော ခေါင်းကြီးကိုပြန်မတ်လိုက်တာများ သူ့အမှားသူ ၀န်ခံလိုက်သလားမှတ်ရတယ်။ ထွန်ကိုဆွဲပြီး သူ့လုပ်ငန်းသူပြန်စတော့တယ်။
ကျွန်တော်သတိထားမိတာတစ်ခုက အဘိုးအိုရဲ့ကျောပြင်ဟာ နွားရဲ့ကျောပြင်လိုပဲ မည်းနက်နေတာကိုပဲ။ ဘ၀ရဲ့ဆည်းဆာအချိန်ကိုရောက်နေတဲ့ သူတို့နှစ်ဦးစလုံးဟာ ကြမ်းတမ်းခက်ထရော်တဲ့မြေကို ဆက်ပြီး ထွန်ယက်နေကြတယ်။ မြေကြီးဟာ ကမ်းကပ်လာတဲ့ လှိုင်းတွေလို ကွဲဟကျန်ရစ်ခဲ့တယ်။ ခဏကြာတော့ အဘိုးကြီးဆီက သီချင်းညဉ်းသံ ထွက်လာတယ်။ သူက ခြေဆင်းတီးလုံးတွေကို အကြာကြီးညဉ်းနေသေးတယ်။ ပြီးတော့မှ စာသားနှစ်ကြောင်းကိုဆိုတယ်။
“ဘုရင်ကြီးကငါ့ကိုဆင့်တယ်။ သူ့သမီးနဲ့လက်ထပ်ဖို့ပါကွယ်”
“မြို့တော်ဆီလမ်းက ဝေးလှတယ်။ ငါမလိုချင်ဘူးကွယ်”
ခရီးလမ်းဝေးလို့ ဘုရင့်သားမက်မလုပ်တော့ဘူးတဲ့။ အဘိုးကြီးဥာဏ်သွားတာကို သဘောကျလို့ ကျွန်တော်ရယ်တောင်ရယ်မိတယ်။ နွားက တဖြည်းဖြည်းနှေးလာပြန်တယ်။ အဘိုးကြီးက သူ့ကို အားပေးအားမြောက်လုပ်ပြန်တယ်။ “အားစီ၊ ယုကျင် လုပ်ပါကွ၊ ပျင်းမနေနဲ့၊ ကျာကျင်းနဲ့ ဖန်ရှားဆို ကောင်းကောင်းကို လုပ်နေကြတာ၊ ကူးဂျင်ကြီးတောင် အတော်ဟန်ကျနေပြီဟေ့”
နွားတစ်ကောင်မှာ နာမည်ဘယ်နှလုံးတောင်ရှိသလဲမသိဘူး။ သိချင်တာနဲ့ ကျွန်တော်လည်း ကွင်းစပ်ကို လျှောက်သွားလိုက်တယ်။ လျှောက်ရင်းနဲ့ အဘိုးကြီးကို လှမ်းမေးလိုက်တယ်။ “ဒီနွားမှာ နာမည်ဘယ်နှလုံးတောင် ရှိတာလဲဗျ”
အဘိုးကြီးက ထွန်ကိုအားပြုပြီး ခါးကိုမတ်လိုက်တယ်။ ကျွန်တော့်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီးမေးလိုက်တယ်။ “မြို့သားလားကွ”
“အင်း”ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
အဘိုကြီး သဘောကျသွားပုံရတယ်။ “ငါပြောတာ ဒက်ခနဲပဲ”
“ဒီနွားမှာ နာမည်ဘယ်နှလုံးတောင် ရှိတာလဲဗျ” ကျွန်တော်က ထပ်မေးလိုက်တယ်။
“တစ်ခုပါပဲ” အဘိုးကြီးက ပြန်ဖြေတယ် “ဖူးကွေ့လို့ခေါ်တယ်”
“အဘသူ့ကိုခေါ်နေတာတော့ နာမည်အများကြီးပဲကော”
“အိုး..”အဘိုးကြီးက ပြုံးလိုက်တယ်။ ပြီးတော့သူ့အနားကိုလာဖို့ လက်ဟန်ခြေဟန်ပြတယ်။ ကျွန်တော်သူ့အနားကပ်သွားတော့ တစ်ခုခုပြောမလို့လုပ်ပြီးမှ ရပ်လိုက်တယ်။ နွားကခေါင်းထောင်လာတာတွေ့လို့ ငေါက်ရသေးတယ် “ဟေ့ကောင်၊ ခိုးနားထောင်မနေနဲ့၊ ခေါင်းပြန်ငုံ့ထား”
နွားခေါင်းပြန်ငုံ့သွားမှ အဘိုးကြီးက တိုးတိုးပြောတယ် “ကွင်းထဲမှာ သူတစ်ကောင်ထဲလုပ်နေရတာ သူ့ကို မသိစေချင်ဘူး။ ဒါကြောင့် တခြားနာမည်တွေ သူ့ရှေ့မှာ ခေါ်ပြနေရတာ။ အနီးနားဝန်းကျင်မှာ တခြားနွားတွေလည်း အလုပ်လုပ်နေတယ်ဆိုတာသိရင် သူအလုပ်ပိုလုပ်လိမ့်မယ်။ ပြီးတော့ စိတ်ဓာတ်လည်း မကျတော့ဘူးပေါ့”
နေရောင်အောက်မှာ ပြုံးနေတဲ့ အဘိုးကြီးရဲ့မျက်နှာဟာ အသက်ဝင်နေတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေဟာ ပျော်ရွှင်မှုနဲ့ လှုပ်ခါနေသလိုပဲ။ အရေးအကြောင်းတွေမှာ ကပ်နေတဲ့ ရွှံ့တွေဟာ ကွင်းထဲက အမှိုက်စီးကြောင်းတွေနဲ့တောင် တူနေသေးတော့တယ်။
Yu Hua ၏ To Live မှ
မဆ
Read Full Post »