Feeds:
Posts
Comments

Archive for July, 2010

(၁)
ရိုးသားမှုကို မသိသားဆိုရွားမှု လို့ မြင်ကြတယ်..
နာတာကတော့
လူရိုးရော၊ လူအပါ နာတာပဲ..

(၂)
အသက်ငါးနှစ်မှာ
ဆရာဝန်ကို သူ့ကို မုဒိန်းကျင့်တယ်..
အရွယ်ရောက်လာတော့
လက်သမားအဖြစ် အသက်မွေးတယ်
သူ့စရွေးတွေ အံကျလွန်းလို့ကမ္ဘာကျော်ဆိုပဲ..

(၃)
အဲဒီမှာ
တရုပ်ကပ်ပြတင်းပဲ သုံးကြတယ်
လေတိုက်လွန်းလို့ မှန်တွေဆိုရင်
ကွဲကုန်သတဲ့..
တိတ်ဆိတ်တဲ့လမ်းပေါ်မှာ
မီးရောင်ထိန်လင်းနေတယ်..
ရံခါ ကျွဲနွားတစ်အုပ်ဖြတ်သွားရဲ့..

 

မဆ

Advertisements

Read Full Post »

ဘာသာပြန်

ဇူလိုင်လရဲ့ ရက်သတ္တပတ်တစ်ခုမှာပေါ့။ ပူနွေးစွတ်စိုတဲ့ နေ့လည်ခင်းတစ်ခုမှာ ကုလားလက်ဘက်ရည်ဆိုင်ကို ထွက်ခဲ့တယ်။ ခနောနီခနော်နဲ့ ကြမ်းခင်းပေါ်က ပလတ်စတစ်ခုံပုလေးတစ်ခုပေါ်မှာ ကိုယ့်ကိုယ်ကို နေရာချလိုက်တယ်။ လေထုထဲမှာ ယင်ကောင်တွေ ပျံဝဲနေတယ်။ နေပြည်တော်ကို အသွား၊ လမ်းမှာ ထမင်းဝင်စားတော့ ယင်ကောင်တွေကို မောင်းဖို့ ဖယောင်းတိုင်တွေ ထွန်းထားသလိုမျိုးတော့ ဒီမှာမဟုတ်ဘူး။ အဲဒီတုံးကလည်း ခုလို ပူနွေးတဲ့နေ့လည်ခင်းပဲ။ မနေ့က ဖတ်ခဲ့တဲ့ crowd-sourcing အကြောင်းခေါင်းထဲဝင်လာတယ်။ အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် ပေါ်လာရတဲ့ စကားလုံးအသစ်တွေကို neologism လို့ခေါ်သတဲ့။ ပျင်းရိဖို့ကောင်းတဲ့ နေ့လည်ခင်းမှာ တစ်စုံတစ်ယောက်နဲ့ တွေ့ဆုံဖို့လည်း ရှိမနေခဲ့ဘူး။ တကယ်တော့ သူ့သူငယ်ချင်းတော်တော်များများဟာ တခြားတိုင်းပြည်တစ်ခုမှာ အလုပ်သွားလုပ်နေတဲ့သူတွေက များတယ်။ ဒီမှာရှိတဲ့ တချို့ကိုလည်း အကြောင်းကြောင်းကြောင့် သူပြန်လည်ဆုံစည်းလိုစိတ်မရှိတော့။ သူငယ်ချင်းတွေနဲ့ ပြန်ဆုံတဲ့အခါ မင်းငါ့လောက်အဆင်ပြေရဲ့လားလို့ ကြည့်တတ်တဲ့ကောင်နဲ့ မင်းငါ့ထက်အဆင်ပြေနေလားဆိုပြီး စူးစမ်းတဲ့ကောင် နှစ်မျိုးပဲရှိလို့ သူ့သူငယ်ချင်း(အဟောင်း)တွေကို သူအသုံးပြုလိုစိတ်မရှိတော့တာပဲ ဖြစ်သည်။ ဒီရက်တွေမှာ အလိုလိုနေရင်း ပျော်ရွှင် (သက်တောင့်သက်သာဖြစ်)မှုတစ်ခုကို အလိုလိုနေရင်း ရနေခဲ့တာလည်း သူ့ဖာသာ သတိထားနေမိခဲ့သည်။ တကယ်တော့ ပျော်တယ်မပျော်ဘူးဆိုတာ အစာကြေညက်မှုရှိမရှိအပေါ်မှာပဲ မူတည်နေတာလည်း ဖြစ်နိုင်သည်။ သူ့ရှေ့ကလမ်းမှာ မိုးရေထဲထီးမပါပဲ သူလျှောက်သွားခဲ့ဘူးသည်။ ဆန္ဒပြပွဲတစ်ခုမှာ အားနာပါးနာလိုက်ပါခဲ့စဉ်ကလည်း မိုးရေထဲထီးမဆောင်းပဲ လျှောက်ခဲ့ရသည်ကို မှတ်မိနေသည်။ မိုးရေစိုစွတ်ပြီးလက်နေတဲ့ မီးရတားစက်ခေါင်း ပြီးတော့ တဖွဲဖွဲကျဆင်းနေသာ မိုးစက်တွေကြား ပျံ့လွင့်နေတဲ့ မီးခိုးတွေ.. ဒါတွေကို သူကိုယ်တိုင်မြင်ခဲ့တာလား၊ ဒီဗွီဒီတစ်ချပ်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုလား။ အတိတ်ကို ပြန်တွေးရင် ကြည်ကြည်လင်လင်မှတ်မိတယ်ဆိုတဲ့လူတွေကို သူအံ့သြသည်။ သူအံ့သြတာကို သူများလည်း အံ့သြမှာပဲဆိုပြီး စာထဲထည့်ရေးတာမဟုတ်ပါ။ တကယ်တော့ သူနေထိုင်ရာ နေရာ၏ နောက်ခံကားမှာ သတ်မှတ်ထားတဲ့အခန်းအကူးအပြောင်းတွေနဲ့ ပြဇာတ်တစ်ပုဒ်လို ဖြစ်သည်။ ၄၈၊ ၅၈၊ ၆၂၊ ၇၄၊ ၈၈၊ ၁၁၀ ဇာတ်လမ်းရဲ့အရေးကြီးတဲ့အခန်းတချို့ဟာ ကျောင်းသုံးစာအုပ်ထဲကဖြစ်စေ၊ ပြတင်းပေါက်ကတဆင့်ဖြစ်စေ သူ့ရဲ့ သိမှုနယ်ပယ်ထဲကို ၀င်ရောက်လာလေ့ရှိသည်။ ဒီ ပြဇာတ်အိုကြီးက သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းနဲ့ ဆက်စပ်မှုရှိနေမည်ဟု တခါတလေတွေးမိသော်လည်း အဲဒီလောက်အထိပဲဖြစ်သည်။ လူတွေဟာ စိတ်လှုပ်ရှားတတ်ကြသည်။ ထုံပေပေဖြစ်သွားတ်ကြသည်။ ဆိုင်ရှေ့ ဗာဒံပင်က သစ်ရွက်တွေ စိမ်းစိုနေသည်။ သူမှာထားသော အကြော်ပူပူနွေးနွေးတစ်ခုရောက်လာသည်။ အစမ်းစာ/essay /၀တ္ထုဆောင်းပါး ဘယ်လိုခေါ်ခေါ် ရေးမည်ဆိုလျှင် လွမ်းဆွတ်တဲ့အငွေ့လေး (ရှိသည်ဟုထင်ရသည့် အမှန်တရားကို လွမ်းတာပဲဖြစ်ဖြစ်)ထည့်ရသည်။ ဒီအချက်ကိုတော့ တော်တော်များသိကြပေမယ့် အစားအသောက်အကြောင်းလေး ထည့်ထည့်ရေးပေးရသည်ဆိုတာတော့ စာရေးစား(ဖို့ကြိုးစားနေ)သူတချို့ သိပုံမရ။ ဒါပေမယ့် အပြစ်တင်စောလို့လည်း မဖြစ်ပြန်။ ဒါမျိုးဆိုတာက သင်ရိုးနဲ့ဘာနဲ့ ဆို အလွယ်လေးကိုး။ ဒီမှာက တိုက်ရင်းလေ့ကျင့်..အဲ..ထားပါ။ သူ့မှာ ပခုံးတွန့်တတ်သောအကျင့်ကလည်း မရှိပြန်တော့ ဗယာကြော်ကို ချဉ်ရေထဲ နာနာနှစ်လိုက်သည်။

Read Full Post »

ချိုးများ ဆူညံစွာကူနေသည်

ငှက်ပျောရွက်တွေ မိုးရေနဲ့ လေးလံအိကျ

ဒီနေ့မနက် ကျွန်တော်ရခဲ့တာ

အခွန်လွတ်ဈေးထဲမှာ

အသား တန်းစီဝယ်သူများ

အဲဒီတုံးကအဖြစ်တွေကို

အားအားယားယား

ပြန်မြင်ယောင် ခံစားကြည့်ဖို့

အေးစက်တဲ့ ပဲပြုတ်ထမင်းဟာ

ဒီနေ့မနက် ကျွန်တော်ရခဲ့တာ

လူတွေစိတ်လှုပ်ရှားကြတယ်

ကျွန်တော်အပါအ၀င်

ကြာတော့သည်လည်း …

ကျွန်တော်ဒီမှာ နေသွားရမယ်

သူငယ်ချင်းတစ်ယောက်က

ဆိုရှယ်မီဒီယာမှတဆင့်

ဒီနေ့မနက် ကျွန်တော်ရခဲ့တာ

ပညာရှိဆိုတာ

ပတ်ဝန်းကျင်ကို မဆန့်ကျင်ဘဲ

ပတ်ဝန်းကျင်ကို ပြုပြင်ပြင်ပြင်

ကဲပါ.. သိပ်များနေပီ

ဒီနေ့မနက် ကျွန်တော်ရခဲ့တာ

 

မဆ

Read Full Post »