Feeds:
Posts
Comments

Archive for August, 2010

ဗုဒ္ဓဟူးနေ့ညနေစောင်းမှာ နင့်အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် ရူးမိုက်ရာကျလိမ့်မယ်လို့ ဂျူလီယာ့ကို ကျမပြောလိုက်တယ်။ သူက အင်းလိုက်နေတယ်။ ငါပြောတာ လက်ခံတဲ့ပုံပဲလို့ ကျမက ထင်လိုက်မိတယ်။ နောက်နှစ်ရက်နေတော့ သူအခန်းကနေထွက်သွားတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ရူးမိုက်ရာကျတဲ့ အလုပ်တွေကို လုပ်ဖို့ ၀န်မလေးဘူးဆိုတာ ကျွန်မကို ပြလိုက်တယ်။
ကျွန်မပြောရမယ်။ သူငယ်ချင်းတွေကို ကျွန်မတော့ ရူးမိုက်တာ တစ်ခုခုလုပ်တော့မယ်လို့ ပြောဖြစ်ရင်တောင် အဲဒါကို တကယ်လုပ်ဖို့ စိတ်မကူးပါဘူး။
ကျမရဲ့ လိပ်ပြာကို ကျမကယ်တင်ရမယ်။ တုန်လှုပ်နေရှာတဲ့ လေကလေး။
တချို့ညတွေမှာ ကျမ ဂျူလီယာ့ကို ဆံပင်ကနေ ဆွဲလာတယ်လို့ အိပ်မက်မက်တယ်။ သူ မြစ်ထဲခုန်မချခင်ကလေးပေါ့။ ဒါမှမဟုတ် သူ့ကို မြစ်ထဲမှာတွေ့တယ်လို့ အိပ်မက်မက်တယ်။ ကျမကတော့ ခေါင်မိုးပေါ်မှာ။ နယူးဂျာစီကို မျက်နှာချင်းဆိုင်လို့ ။ အောက်ကို ငုံ့ကြည့်လိုက်တော့ သူ ပေါလောပေါ်နေတာတွေ့လိုက်တယ်။ ကျမ ခေါင်မိုးပေါ်ကနေ ခုန်ချလိုက်တယ်။ အောက်ကို ထိုးကျသွားရင်း ငှက်တစ်ကောင်လို ၀ဲလိုက်တယ်။ သူ့ကို ဆံပင်ကနေဆွဲပြီး ရေထဲကနေဆယ်လိုက်တယ်။
ဂျူလီယာ၊ ချစ်တဲ့ ဂျူလီယာ၊ နင်ဟာ တွင်းထဲကို ထပ်ပြီး ငုံ့ကိုင်းနေဖို့ မသင့်တော့ပါဘူး။ စိတ်ကောင်းနှလုံးကောင်းနဲ့ ခပ်ရဲရဲတစ်ယောက်က အနားကို လာပြီး မင်းကိုကယ်ဖို့.. .ကြင်နာဖို့။ အနည်းဆုံးတော့ နင်ဟာ နွေးထွေးတဲ့ အိပ်ယာထဲမှာဘဲ သေသင့်ပါတယ်.. တိတ်တိတ်ဆိတ်ဆိတ်။ အပြစ်တွေ၊ နင့်ကို ချစ်တဲ့ ပုံမကျ ပန်းမကျလူတွေ ၀ိုင်းရံလို့၊ နောက်ဆုံးအချိန်အထိ သူတို့ နင်ကြောင့် စိတ်တွေတိုကြ၊ မခံချင်တွေဖြစ်ကြပေါ့။
နင့်ကို ပြန်မတွေ့ခင် နင်ရဲ့ကိုယ်ခန္ဓာကို ညစ်တစ်တစ် ဟဒ်ဆန်မြစ်ရေက ဘာများ လုပ်လိုက်မလဲလို့ ငါမတွေးတော့ပါဘူး။
ဂျူလီယာ… ဖယောင်းတိုက်ထားတဲ့ အခေါင်းထဲက ပလတ်စတစ်သားမျက်နှာ…နင့်အသက်ရှိသလောက် ဘယ်လို အိုမင်းနိုင်ပါ့မလဲ။ ၀ိုက်ဒနာ စာကြည့်တိုက်ရဲ့ လှေကားထစ်တွေပေါ် ခပ်ကြောင်ကြောင် ပညာတတ်စကားတွေ စပြောခဲ့တဲ့ ၂၃ နှစ်အရွယ်အတိုင်း ရှိတုံးပါပဲ။ ခပ်ပါးပါး၊ ခပ်မိုက်မိုက်၊ ဖြတ်ခနဲ၊ လွင့်ခနဲ။ ငါ့ထက်နင်က နုပျိုလို့။ တကယ်တမ်းကျ နင်က ငါ့ထက် လေးနှစ်ပိုကြီးတာလေ။ ငါကတော့ နွမ်းနယ်လို့၊ ပင်ပန်းလို့၊ စိတ်တွေလှုပ်ရှားလို့။ ငါ နင့်ကို ပိတ်ရိုက်ပစ်ချင်ခဲ့တယ်။
ငါတို့ရဲ့ ခင်မင်မှု ၀န်ထုပ်ဝန်ပိုးအောက်မှာ ငါဘယ်လောက် ငိုညဉ်းခဲ့ရသလဲ။ ဒါပေမယ့် နင့်ရဲ့သေခြင်းက ငါ့အတွက် ပိုပြီးလေးလံခဲ့တယ်။
မင်းဘာကြောင့် အလျှော့ပေးလိုက်သလဲ။ တခြားသူတွေ သူတို့ရဲ့ဘ၀ထဲက ပျောက်ကွယ်ချိန်မှာ။ ရှင်ကျန်ဖို့ဟာ ငါ့အတွက် ပဟေဠိဆန်တယ်။
ဆိုပါစို့ ငါတို့ အားလုံး အိပ်မောကျနေတယ်။ ငါတို့ နိုးထချင်သလား။
ငါတယောက်ထဲနိုးထပြီး နင်ကတော့ မပါဘူးဆိုရင်ကော..တရားပါ့မလား။ မျှတမှုကရော ဘာအသုံးကျသလဲ။ ဒါပေမယ့် နင်မပါဘဲ ငါနိုးမထချင်ဘူး..

Susan Sontag ရဲ့ I,etcetera မှ

Read Full Post »

အရိုးကို အသားနဲ့ ဖုံးလိုက်တယ်
ပြီး အဲဒီမှာ
စိတ်တစ်ခုထည့်တယ်
တခါတလေ ၀ိညဉ်တစ်ခု
မိန်းမတွေက ပန်းအိုးတွေ
နံရံမှာ ပစ်ပေါက်ခွဲကြ
ယောက်ျားတွေ
အရက်အလွန်အကျွံသောက်ကြ
ဒါပေမယ့် ဘယ်သူမှ
ရှာဖွေမတွေ့ကြဘူး
ကြည့်ပဲကြည့်နေရ
အိပ်ယာထဲ/က
တွားဝင်/တွားထွက်
အသားက အရိုးကို ဖုံးထားတယ်
အသားက
အသားထပ်ရှာတယ်။

မျှော်လင့်ချက်မဲ့
ငါတို့ဟာ
တစ်ခုတည်းသော
ကြမ္မာထဲ
ပိတ်မိခဲ့။

ဒါပေမယ့် ဘယ်သူမှ
ရှာဖွေမတွေ့ကြဘူး။

မြို့ပြအမှိုက်ပုံးတွေပြည့်
အမှိုက်ပုံတွေပြည့်
အရူးထောင်တွေပြည့်
ဆေးရုံတွေပြည့်
သင်္ချိုင်းတွေပြည့်။

တခြားဘာကမှ မဖြည့်နိုင်ခဲ့။

Read Full Post »

သူမ အရက်စွဲပြီးသေခဲ့
ပင်လယ်ကူးသင်္ဘောတစ်စီးပေါ်
စားပွဲနဲ့တွဲလျက်သား ကုလားထိုင်ပေါ်
စောင်တထည် ပတ်လျက်သား။

သူမရဲ့စာအုပ်မှန်သမျှ
ခြောက်ခြားနေတဲ့ အထီးကျန်မှု။

သူမစာအုပ်တွေအားလုံး
မေတ္တာမပါတဲ့ အချစ်ရဲ့
ရက်စက်မှုအကြောင်း။

အဲဒါတွေသာ
သူမ ချန်ထားနိုင်ခဲ့။

ကုန်းပတ်ပေါ်လမ်းလျှောက်ထွက်လာတဲ့
ခရီးသည်တစ်ယောက်က
သူမရဲ့ ခန္ဓာကို တွေ့ခဲ့။

သင်္ဘောကပ္ပတိန်ကို အကြောင်းကြား။

သင်္ဘောပေါ်က တခြားတစ်နေရာကို
အလျင်အမြန်ရွှေ့ထားလိုက်ကြတယ်။

အရာအားလုံးဟာ
သူမရေးသားခဲ့တဲ့အတိုင်း
ခရီးဆက်ခဲ့။

Read Full Post »

ကော်ရိုနာဒိုလမ်း ဒုတိယထပ်မှာ
ကျုပ်မူးလာရင်
ဖွင့်ထားတဲ့ ရေဒီယိုကို
ပြတင်းပေါက်က ပစ်ထုတ်လိုက်တယ်
ရေဒီယိုက ပြတင်းပေါက်မှန်ကို ခွဲ
ပြီးတော့ အမိုးပေါ်ကျ
အဲဒီမှာလည်း ရေဒီယိုဟာ ဆက်ပြီး လာနေရဲ့
မိန်းမကို ကျုပ်ပြောလိုက်တယ်
“ဟေ့… သတ္တိကောင်းတဲ့ရေဒီယိုပဲကွ”
နောက်နေ့မနက်ကျ ပြတင်းပေါက်ကို
ပတ္တာကနေဖြုတ်
လမ်းအောက်ဘက်က
မှန်သမားဆီသယ်သွား
သူက မှန်တချပ်လဲပေးတယ်
ကျုပ်မူးတဲ့အခါတိုင်း
ရေဒီယိုကို ပြတင်းပေါက် ပစ်ထုတ်မြဲ
ပြီးတော့ အမိုးပေါ်ကျ
ရေဒီယို ဆက်ပြီးလာနေ
မှော်ဆန်တဲ့ ရေဒီယို
သတ္တိကောင်းတဲ့ ရေဒီယို
မနက်ကျရင် ပြတင်းပေါက်ကို
မှန်သမားဆီ ကျုပ်သယ်သွား
အဲဒါ ဘယ်လိုအဆုံးသတ်သွားသလဲ ကျုပ်သေချာ မမှတ်မိတော့
ကျုပ်တို့အဲဒီကလပြောင်းလာကြတာပဲ
သိတော့တယ်
အဲဒီမှာ အောက်ထပ်က အမျိုးသမီး
ခြံဝင်းထဲ ရေချိုးဝတ်စုံနဲ့အလုပ်လုပ်ရဲ့
ငန်းပြားနဲ့ဟိုထိုးဒီဆွ
သူမရဲ့ အနောက်ပိုင်းဟာ လေထဲမြောက်တက်လို့
ကျုပ်က ပြတင်းပေါက်မှာထိုင်
သီချင်းလေးဖွင့်ပြီး
အဲဒီဟာပေါ် နေရောင်ဖြာကျတာ ကြည့်ရဲ့

Read Full Post »