သူ့ရှေ့က လူကူးမျဉ်းကြားကို သူငေးစိုက်ကြည့်နေသည်။ ရန်ကုန်မြို့တွင် ဤနေရာမှ သူ အကြိမ်အများဆုံး လမ်းဖြတ်ကူးခဲ့သည်။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်က သင်တန်းတက်ရန် အကြောင်းပြချက်ဖြင့် ရန်ကုန်သို့ သူရောက်ရှိလာခဲ့သည်။ ထိုအချိန်မှစ၍ ရန်ကုန်သို့ရောက်တိုင်း သို့မဟုတ် ရန်ကုန်တွင်နေထိုင်စဉ်အတွင်း ဆူးလေနှင့် ပန်းဆိုးတန်းကို ကူးချည်သန်းချည်လုပ်ရန် အကြောင်းတစ်စုံတစ်ရာတော့ သူ့တွင် ရှိနေခဲ့စမြဲ။
ယနေ့လည်း ပန်းဆိုးတန်းဘက်တွင် စာအုပ်တစ်အုပ်လိုက်ရှာပြီးနောက် ဘုရင့်ရုံအောက်တွင် ဒီဗွီဒီခွေအနည်းငယ်ဝယ်ရန် ဆူးလေဘက်သို့ တက်လာခဲ့ခြင်းဖြစ်သည်။ ထုံးစံအတိုင်း ကြေးနန်းရုံးရှေ့မှ ဖြတ်လျှောက်သည်။ ထို့နောက် ဧမာနွေလကျောင်းရှေ့မှ မဟာဗန္ဓုလလမ်းကို ဖြတ်ကူးကာ ဘားလမ်းထဲသို့ဝင်မည်။ များမကြာမီနှစ်များအထိ ဧမာနွေလကျောင်းရှေ့ရှိ သစ်ပင်များဘေးမှ အုတ်ခုံပေါ်တွင် သူထိုင်လေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် ငွေကြေးအရောင်းအ၀ယ်လုပ်သူများဖြင့် ရှုပ်ယှက်ခတ်နေသော ထိုနေရာတွင် ထိုင်ရန် စိတ်ကူးကို သူစွန့်လွှတ်ခဲ့သည်။
ရန်ကုန်သို့ ပထမဆုံးအကြိမ်လာရောက်ခဲ့သည့်ကာလကတော့ ထိုနေရာတွင် ယခုကဲ့သို့ လူများရှုပ်ထွေးခြင်းမရှိသေး။ တခါတရံ ဧမာနွေလကျောင်းရှေ့တွင် မထိုင်ဘဲ ဘားလမ်းကိုဖြတ်ကာ ပန်းခြံထဲတွင် သွားထိုင်လေ့ရှိသည်။ ထိုစဉ်က၀င်ကြေးငါးကျပ်တစ်ဆယ်သာရှိသည်ဟုသူထင်သည်။ ညနေဘက်ဆိုလျှင်တော့ ဘားလမ်းထဲမ၀င်ဘဲ ခန်းမရှေ့မှ ဖြတ်လျှောက်ကာ ဒေါ်ရိပ်ကြီးဆိုင်ဘက်သို့ သူခြေဦးလှည့်တတ်သည်။ ညနေဘက်ဆိုလျှင် ကားပေါ်တက်ရန် တန်းစီစောင့်ဆိုင်းနေသော လူတန်းရှည်ကြီးကို တွေ့ရတတ်သည်။ ညပိုင်းဆိုလျှင်တော့ ဆူးလေဘုရားဘက်သို့ ကူးဖြစ်သည်။ ထိုစဉ်ကတော့ ရုံးဖွင့်ရက်တိုင်း ဆူးလေဘုရားသို့ ရောက်ဖြစ်သည်။
ဆူးလေဘုရားတွင် စပယ်ပန်းဝယ်ကာ ပန်းဆိုးတန်းဘက်သို့ ပြန်လျှောက်လေ့ရှိသည်။ ညခုနာရီကျော်ခန့်ဆိုလျှင်ပင် ပန်းဆိုးတန်းသည် တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပြီ ဖြစ်သည်။ ဟိုက်ကုတ်ကို မျက်နှာမူထားသော ပလက်ဖောင်းတစ်ဘက်တွင် လက်ဘက်ရည်သောက်မည်။ ထိုမှတဆင့် လွစ္စလမ်း အောက်ဘလောက်ဆီသို့။
ဧမာနွေလကျောင်းရှေ့မှ လမ်းဖြတ်ကူးခဲ့ရသော အကြောင်းအရင်းများစွာအနက် ဂျူးဂျူးအတွက် စံပယ်ပန်းဝယ်ပေးရခြင်းသည်လည်း အကြောင်းအရင်းတစ်ခုဖြစ်ခဲ့သည်။ ဂျူးဂျူးက သူတက်ခဲ့သော ကွန်ပျူတာသင်တန်းမှ သင်တန်းဆရာမဖြစ်သည်။ ဆရာမဆိုပေမယ့် အသက်က သူ့ထက်ပင်ငယ်ဦးမည်။ သင်တန်းနှစ်ခုလောက်တက်လိုက်လျှင် လက်ထောက်ဆရာမဖြစ်ပြီပဲ။
သင်တန်းနောက်ကျတတ်ခြင်းက ဂျူးဂျူးနှင့် သူ့ကို နီးစပ်အောင် ဖန်တီးခဲ့သည်။ မမီသော စာများကို ရှင်းပြရန် ဆရာက လက်ထောက်များကို တာဝန်ပေးသည်။ ကတ်သီးကပ်သတ်မေးခွန်းများ မေးတတ်သော သူ့ကို ကိုင်တွယ်ရန် ကျန်လက်ထောက်များက ဂျူးဂျူးကိုလွှဲချသည်။
သင်တန်းကာလနှစ်လသည် သူနှင့် ဂျူးဂျူးကို အတွဲဘ၀သို့ ပို့ဆောင်ရန် လုံလောက်ခဲ့သည်။ ရည်းစားဘ၀ရောက်သည်နှင့် ထုံးစံအတိုင်း အကြိုတော်ထောက်ရတော့သည်။ ညရှစ်နာရီဆိုလျှင် ဂျူးဂျူးအလုပ်သိမ်းသည်။ အပိုတာဝန်တစ်ခုက စပယ်ပန်းကြိုက်တတ်သော ဂျူးဂျူးအတွက် ရက်ခြားဆိုသလို ပန်းဆက်ရခြင်းပင်။
တနင်္ဂနွေနေ့သည် သူတို့အတွက် စပယ်ရှယ်ဒေးဖြစ်သည်။ လည်မည်၊ စားမည်၊ ရုပ်ရှင်ကြည့်မည်။ တနင်္ဂနွေတစ်ရက်တွင်တော့ ဂျူးဂျူးကသူ့ကို အိမ်ကခိုင်းလိုက်လို့..လိုက်ခဲ့ပါဟု ဆိုလာသည်။ သူတို့နှစ်ယောက် ရန်ကင်းဘက်က တိုက်ခန်းတစ်ခုသို့ရောက်သွားသည်။ အခန်းထဲဝင်လိုက်သည်နှင့် သူမှင်သက်မိသွားသည်။ တိုက်ခန်းမှာ ဟောလ်တိုက်ဟု ခေါ်သည်ခန်းမကျယ်ပုံစံမျိုးဖြစ်ပြီး ကော်ဇောတစ်မျိုးခင်းထားသည်။ ထူးဆန်းသည်ကတော့ အခန်းတစ်ခန်းလုံးတွင် ဘာပရိဘောဂ၊ ဘာပစ္စည်းမှ မရှိဘဲ စန္ဒယားတစ်လုံးသာ ရှိခြင်းဖြစ်သည်။ အခြားအိမ်ထောင်ပစ္စည်းဆို၍ မီးဖိုခန်းမှ မီးဖိုနှင့် ရေခဲသေတ္တာကိုသာ ညွှန်ပြစရာရှိသည်။ ဒီအခန်းက သူ့အစ်ကိုရဲ့အခန်းလို့ ဂျူးဂျူးကပြောသည်။ အတိအကျပြောရလျှင် သူ့အစ်ကိုစန္ဒယားတီးသည့်အခန်းဟု ဆိုရမည်။ ယခုသူ့အစ်ကိုက နိုင်ငံခြားမှာ။ ဂျူးဂျူးက ဒီအခန်းကို ရံဖန်ရံခါဆိုသလို လာကြည့်ပေးရသည်။
နောက်ပိုင်းတော့ သူတို့နှစ်ယောက် ထိုအခန်းသို့ တနင်္ဂနွေနေ့တိုင်း ရောက်ဖြစ်ကြသည်။ စားစရာလေးဘာလေးဝယ်ကာ ချက်ပြုတ်စားကြသည်။ ညနေစောင်းမှ အခန်းက ခွာဖြစ်ကြသည်။ တခြားဘာပဲလုပ်လုပ် သူတို့လုံးဝမလုပ်ဖြစ်တာကတော့ စန္ဒယားကြီးကို တီးကြည့်ခြင်းပင်။ တခါတရံ ဂျူးဂျူးက ချက်ပြုတ်နေစဉ်တွင် သူက စန္ဒယားကြီးကို စိုက်ကြည့်နေတတ်သည်။ စန္ဒယားမှာ Steinway & Sons တံဆိပ်ဖြစ်သည်ကို သူယခုထိ မှတ်မိနေသည်။ စန္ဒယားကို အခန်း၏ အလယ်တည့်တည့်တွင် နေရာချထားခြင်းဖြစ်သည်။ တခန်းလုံးတွင် ထိုင်စရာခုံဟူ၍ စန္ဒယားတီးသည့်ခုံသာရှိသဖြင့် ထိုခုံပေါ်တွင်ထိုင်မိသည်။ ဆယ်ခါ့တစ်ခါဆိုသလိုတော့ အဖုံးကို ဖွင့်ကာ ဖြူဖွေးသော ခလုတ်များကို ကြည့်မိသည်။ သူမှတ်မိသလောက်တော့ စန္ဒယား၏ ခလုတ်များကို သူထိတွေ့ခဲ့ခြင်း မရှိပါ။
ဤအခန်းကျယ်ကြီးအတွင်း တစ်ယောက်ထည်းထိုင်၍ စန္ဒယားတီးနေမည့် ပုဂ္ဂိုလ်ကို သူ့မြင်ယောင်ကြည့်မိသည်။ တီးခတ်နေစဉ် စန္ဒယားကိုယ်ထည်ပေါ်တွင် ၀ီစကီခွက်များ တင်ထားလေမလား။ သူနှင့်အတူ လိုက်ပါလာမည့် အဖော်တစ်ယောက်ယောက်လည်း ရှိနေနိုင်သည်။ ထိုအဖော်ကတော့ အနားမှာ မတ်တပ်ရပ်လျှင်ရပ်၊ မရပ်ချင်လျှင် ကော်ဇော်ပေါ်လှဲနေရုံသာ ရှိသည်။ အခန်းတစ်ခန်းဝယ်ပြီး စန္ဒယားတစ်လုံးထဲ ထားသော ပုဂ္ဂိုလ်ကြီးတွင် အဖော်မရှိဖို့က များသည်ဟု သူ့ဟာသူ ပြန်ကောက်ချက်ဆွဲလိုက်သည်။
စန္ဒယားပေါ်တွင် ဂျူးဂျူး၏ အရိပ်ထင်လာသည်။
အချိန်များ ကုန်ဆုံးသွားသည်။
သူနယ်သို့ ပြန်သွားရန် အကြောင်းတစ်ခု ပေါ်လာသည်။ ဂျူးဂျူးကိုပင် နှုတ်မဆက်ဖြစ်ခဲ့ပဲ နယ်သို့ ပြန်ခဲ့သည်။ တစ်ဖန် မြန်မာပြည်အလယ်ပိုင်းမြို့တစ်မြို့တွင် ခေတ္တသွားရောက်နေထိုင်ရန် အကြောင်းဖန်လာပြန်သည်။ ထိုမြို့မှာ နှစ်နှစ်ခန့်ကြာသွားသည်။ ရန်ကုန်ရောက်သော်လည်း ဂျူးဂျူးဆီသို့ မရောက်ဖြစ်တော့။ မှတ်မှတ်ရရ ဂျူးဂျူးဆီမှာလည်း သူ့ကိုဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ် တစ်စုံတစ်ရာမရှိခဲ့ပေ။ ထိုအချိန်က မြန်မာပြည်မှာ အင်တာနက်လည်းမရှိသဖြင့် အီးမေးသုံး၍လည်း မရသေး။
အဖြစ်အပျက်များစွာက ဒစ်စကာဗာရီချန်နယ်တွင် ပြသသည့် တိမ်တွေရွေ့သလို လျင်မြန်စွာဖြစ်ပျက်ခဲ့သည်ဟု ထင်ရသည်။ သူ့အတွက်တော့ အဲ့ဒီတိမ်တွေကြားမှာ စန္ဒယားတစ်လုံး မျောပါနေတာ တွေ့ကောင်း တွေ့နေရဦးမည် ဖြစ်သည်။
Archive for September, 2010
စန္ဒယား
Posted in Prose on September 29, 2010| Leave a Comment »
ခွင့်မဲ့ပျက်ကွက်ခြင်း
Posted in Prose on September 27, 2010| 1 Comment »
နေရောင်က လမ်းများပေါ်သို့ အတားအဆီးမဲ့ ကျရောက်နေသည်။ ယခင်ကလယ်ကွင်းများဖြစ်ခဲ့သည့် နေရာတွင် မြို့သစ်ကို တည်ဆောက်ခဲ့ကြခြင်းဖြစ်၍ အရိပ်အာဝါသနည်းလှသည်။ ထိုအထဲ လွန်ခဲ့သည့် နှစ်နှစ်ကျော်က ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ရာ သစ်ပင်များ မကျန်သလောက်ပင်ဖြစ်သည်။
ဘတ်စ်ကားသည် တဂူးဂူးတဂဲဂဲ အော်မြည်လျက် ပြေးလွှားနေသည်။ သူသည် ပြတင်းပေါက်နှင့် ကပ်လျက် ထိုင်ခုံတွင် နေရာရလိုက်သဖြင့် ပတ်ဝန်းကျင်ကို ငေးမောကြည့်ရှုလိုက်ပါလာခဲ့သည်။ ကားဝပ်ရှော့များ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းများ၊ အသုပ်ဆိုင်များ၊ ဆိုက်ကားဂိတ်များ၊ အုတ်နီခဲဖို့ထားသော လမ်းသွယ်များ၊ လူတရပ်ခန့်အမြင့်အထိ တွဲကျနေသော ဓာတ်ကြိုးများ၊ ၀ါးတောင်းကိုရွက်၍ လမ်းလျှောက်သွားသည့် ဈေးသည်များ၊ သံချောင်းများ ထိုးထွက်နေသည့် ဆောက်လက်စတိုက်များ… ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ပြီး ဖြစ်သော်လည်း အချို့သော ဆိုင်နာမည်များကို မှတ်မိနေသည်မှလွဲ၍ မြင်ကွင်းများသည် သူ့အတွက် အသစ်အဆန်းလိုပင်။
မကြာမီ သူ့ကိုသယ်ဆောင်လာရာဘတ်စ်ကားသည် လမ်းမကြီးမှ ချိုးဖဲ့၍ လမ်းသွယ်တစ်ခုထဲသို့ ၀င်ရောက်တော့မည်ကို သူသိနေသည်။ သူလိုက်ပါရာဘတ်စ်ကားသည် လမ်းတလျှောက် မည်သည့် မှတ်တိုင်တွင်မှ ရပ်နားခြင်းမရှိ။ ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များကလည်း လမ်းတွင် အတက်အဆင်းပြုလုပ်ရန် တောင်းဆိုကြခြင်းမရှိ။ ကားပေါ်ပါလာသူအားလုံး၏ ခရီးဆုံးပန်းတိုင်မှာ တူညီလျက်ရှိကြသည်။
ဘတ်စ်ကားပေါ်တွင် သူနှင့်အသိအကျွမ်းတစ်ဦးမျှမပါ။ သူကကားအတွင်းဘက်သို့ ငဲ့စောင်းမကြည့်သဖြင့် မတွေ့ခြင်းလည်း ဖြစ်နိုင်သည်။ ကားဒရိုင်ဘာအနေဖြင့် သီချင်းတစ်ပုဒ်တစ်လေ ဖွင့်လျှင် ကောင်းမည်ဟုပင် သူအတွေးပေါက်မိသည်။ စိတ်ထဲမှာပေါ်လာသော အတွေးကို နောက်ထပ်စိတ်ထဲမှာပေါ်လာသော အတွေးက ပြုံးမိသည်။ ဒီလိုဘတ်စ်ကားပေါ်မှာ သီချင်းသံသာ ထွက်ပေါ်လာခဲ့ရင်…။
မကြာမီပင် ဘတ်စ်ကားသည် ခရီးဆုံးနေရာသို့ ဆိုက်ရောက်လာသည်။ သူလိုက်ပါလာသော ကားပေါ်မှ ဆင်းလာသော လူများသည် အခြားကားများပေါ်မှ ဆင်းလာသော လူအုပ်နှင့်အတူ ရောနှောသွားသည်။ အခုအချိန်မှာတော့ သူသည် လူအုပ်ထဲက လူတစ်ယောက်ပဲဖြစ်သည်။ ဘတ်စ်ကားပေါ်မှာတုံးကလို သီချင်းသံကို တောင့်တခြင်းမရှိတော့။ လူအုပ်ရဲ့နောက်ဘက်အစွန်နားမှာ သူရပ်နေလိုက်သည်။ လူတွေသည် အရှေ့ဘက်သို့ လှမ်းကြည့်နေကြသည်။ ဆက်တိုက်မဟုတ်တောင် တချက်တချက်လှမ်းကြည့်ကြသည်။ သူ့နံဘေးက လူတချို့ စကားပြောနေသည်ကို သူကြားနေရသည်။
သူတို့ပြောနေသည်မှာ လူတစ်ယောက်၏ အကြောင်းဖြစ်ပုံရသည်။ အတိအကျပြောရလျှင် သူလိုက်ပါစီးနင်း လာခဲ့သော အသုဘပို့ယာဉ်၏ အသုဘရှင်..ထိုကဲ့သို့ သုံးနှုန်းရန်လည်း မဖြစ်သေး..ထိုသူသည် အသုဘရှင် မဟုတ်..အသုဘကိုယ်တိုင်ပင်ဖြစ်သည်။ ထိုသူသည် မသေခင်က အလုပ်များစွာကြိုစားခဲ့သူဖြစ်သည်။ သို့ရာတွင် ကြိုးစားသလောက် မအောင်မြင်ခဲ့သူလည်းဖြစ်သည်။ လမ်းဘေးတွင် ဂစ်တာတီးနေရာမှာ ထုတ်လုပ်သူတစ်ယောက်က သူ့လက်သံကိုကြားက စီးရီးထုတ်ပေးသဖြင့် အဆိုတော် ဖြစ်လာသည်။ နောက်တော့ မူးယစ်ဆေးမှုဖြင့် ထောင်ကျသည်။ သူ့ဇနီးကိုယ်ဝန်ရှိနေချိန်တွင် အနှိပ်ခန်းက ကောင်မလေးနှင့် သွားအိပ်သည်ကို သိသွားသဖြင့် ယောက္ခမက အိမ်ပေါ်က မောင်းချတာကြုံရဖူးသည်။ ထိုသူသည် လမ်းထိပ်မှာ ခိုးကူးခွေရောင်းဖူးသူဖြစ်သည်။ ထို့နောက် နိုင်ငံခြားတွင် ကျောင်းသွားတက်ရာမှ ပြည်ပနိုင်ငံတစ်ခုမှ ၀န်ကြီးတစ်ယောက်၏ သားနှင့် ခင်မင်ရင်းနှီးသွားပြီး ထိုမှတဆင့် ကျိကျိတက် ချမ်းသာလာခဲ့သူတစ်ယောက်၏ ကုမ္ပဏီတွင် အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုမတိုင်မီက ကျောင်း ဆယ့်ခုနှစ်နှစ်တက်ခဲ့ကြောင်း၊ အတန်းများတွင် နှစ်စဉ် ထိပ်ဆုံးမှ အောင်မြင်ခဲ့ကြောင်းများကိုပါ ဆက်လက်ပြောဆိုနေကြသည်။ မည်သို့ပင်ဖြစ်စေ တံခါးရွက်ကတော့ပိတ်သွားပြီဖြစ်သည်။ တံခါးရွက်မှာ အတော်ပင် လုံခြုံပုံရသဖြင့် မည်သို့ပင် ဝေဖန်နေကြသည်ဖြစ်စေ ထိုသူကတော့ ကြားနိုင်တော့မည်မဟုတ်ဟု သူကထင်မိသည်။
ဘုန်းကြီးဝတ်သွားသော မင်းသားကြီးကို သူသွားသတိရသည်။ ဒီနေရာကို ရောက်လာတိုင်း ထိုမင်းသားကြီးကို သူသတိရမိတတ်သည်။ အကြောင်းမှာ ဒီနေရာကိုရောက်လာရင် ထိုမင်းသားကြီးရေးခဲ့သည့် “ပြာ”ဟူသော ၀တ္ထုကို သူသတိရမိသောကြောင့်ဖြစ်သည်။ သူလည်း အခုရေးနေသော စာကို “မီးခိုး”ဟု နာမည်ပေးလျှင်ကောင်းမည်။ လူတွေဟာ နောက်ဆုံးတော့ မီးခိုးဖြစ်သွားတာပဲ။ အနည်းဆုံးတော့ ဒီလိုမြို့ကြီးပြကြီးမှာပေါ့။ တချို့က ဘောလုံးကောင်းကောင်းမကန်တတ်ခင်အရွယ်မှာပဲ မီးခိုးဘ၀ရောက်သွားကြသည်။ တချို့က လူမချတတ်ခင် မီးခိုးဘ၀ရောက်သွားသည်။ တချို့က ဒဏ်ရာနှင့်နားနေစဉ် မီးခိုးဘ၀ရောက်သွားသည်။ တချို့က နည်းပြတွေလိုမျိုး ကိုယ်ကလွဲရင် (ကစားသမား၊ ဒိုင်၊ သူဌေးနဲ့ သတင်းထောက်)ဘယ်ကောင်မှ စောက်သုံးမကျဘူးလို့ ပြောနေရင်း မီးခိုးဘ၀ ရောက်သွားကြသည်.. ..ဘာညာ လျှောက်ရေးမည်။ ခေါင်းတိုင်ဝမှ မီးခိုးတွေလွင့်နေဆဲမှာပင် လူအုပ်ကြီးက ကားပေါ်ပြန်တက်ကြသည်။ သူလည်း လူအုပ်နောက်က ခပ်သုတ်သုတ်လိုက်ပါသွားသည်။ ပြတင်းပေါက်နားမှာ နေရာပြန်ရဦးမည်လား မသေချာတော့။
ကားပေါ်ရောက်ပြီး မကြာခင် ကားဘီးစလှိမ့်တော့သည်။ တစ်စုံတစ်ခုကို သတိရသွားသဖြင့် သူ့အိပ်ကပ်ကို သူစမ်းမိသွားသည်။ သူ့အိပ်ကပ်ထဲတွင် သတင်းစာဖြတ်ပိုင်းတစ်ခုရှိနေသည်။ ထို့နောက် စိတ်ပြောင်းသွားပြီး လက်ကို ပြန်ချထားလိုက်သည်။ ဟုတ်သည်..သူ့အနေဖြင့် ယခင်အကြိမ်များစွာကဲ့သို့ပင် ထိုသူ၏အမည်ကို သိရန်မလိုအပ်ဟု ပြန်လည်သတိပြုမိသွားခြင်းကြောင့်ဖြစ်သည်။
ပီလောပီနံအိပ်မက်
Posted in Prose on September 22, 2010| Leave a Comment »
အိမ်ထဲတွင် သူ့အပြင် တခြားတစ်စုံတစ်ယောက်ရှိနေသည်ဟု ခံစားမိသောကြောင့် သူအိပ်ယာမှ နိုးလားသည်။ စက္ကန့်အတော်ကြာသည်အထိ အကြားအာရုံကို အစွမ်းကုန်ဖွင့်လှစ်လျက် သူငြိမ်သက်နေခဲ့သည်။ မှန်ပြတင်းမှ ၀ိုးတိုးဝါးတာမြင်နေရသော အလင်းရောင်ကြောင့် ညကိုသုံးပိုင်းခွဲခွဲ၊ လေးပိုင်းစိတ်စိတ် နောက်ဆုံးပိုင်းသို့ ရောက်နေပြီဟု ခန့်မှန်းလိုက်သည်။ တစ်အိမ်လုံးတွင် သူမှတပါး တခြားတစ်ယောက်ယောက် ရှိနေသည်ဟူသော ခံစားချက်မှာ တဖြည်းဖြည်းမှုန်ဝါးလာသည့်အခိုက်မှာပင် နိုးမထမီ သူအိပ်မက်မက်ခဲ့သည်ကို သတိရလာခဲ့သည်။ အိပ်မက်ထဲတွင် သူဟာ ဈေးရောင်းနေခဲ့သည်။ အကျဉ်းထောင်တစ်ခုထဲမှာ ရှိနေခဲ့သည်။ ရန်ပွဲတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့သည်။ ညစ်ပေသော စောင်များနှင့်အတူအိပ်စက်နေခဲ့သည်။ ကဲ..မှတ်မိသမျှကို နည်းနည်းပြန်စီကြည့်ရအောင်။ အရင်ဆုံးအကျဉ်းထောင်အခန်းတစ်ခုထဲမှာ သူအိပ်စက်နေခဲ့သည်။ အကျဉ်းခန်းနှင့်ပတ်သက်ပြီး သူမှတ်မိသမျှမှာ ညစ်ပေပြီး စုတ်ပြဲနေသော ဂွမ်းစောင်အစင်းကြားများသာဖြစ်သည်။ အကျဉ်းခန်းထဲတွင် အကြောင်းအရာတစ်ခုကို ရေးကြီးသုတ်ပြာတိုင်ပင်ဆွေးနွေးနေသော အကျဉ်းသားနှစ်ယောက်ရှိသည်။ သူတို့ဘာအကြောင်းပြောနေခဲ့ကြသလဲဆိုသည်ကိုတော့ သူမမှတ်မိတော့ပေ။ ထို့နောက် အကျဉ်းသားများကို မိသားစုဝင်များလာရောက်တွေ့ဆုံသည့်နေ့။ အကျဉ်းထောင်တစ်ခုလုံးစည်ကားနေသည်။ အကျဉ်းသားများကို မိသားစုဝင်များ၊ မိတ်ဆွေများက အစားအသောက်မျိုးစုံ ကျွေးမွေးလျက်ရှိကြသည်။ သူလည်း စီးကရက်တစ်လိပ်ကို မီးမညှိဘဲ တော်တော်ကြာကြာပါးစပ်မှာခဲရင်း လမ်းလျှောက်နေခဲ့သည်။ အတန်ကြာသည်အထိ သူ့ကို တွေ့ဆုံမည့်သူပေါ်မလာသေး။ နောက်တော့ အကျဉ်းသားတစ်ယောက်ဆီက မီးခြစ်တောင်းကာ စီးကရက်ကို မီးညှိလိုက်သည်။ ထိုခဏမှာပင် သူမ သူ့ထံသို့ လာနေတာကို သူတွေ့လိုက်ရသည်။ သူအနေနဲ့ စဉ်းစားသည့်အလုပ်ကို လုပ်ရန်အချိန်များများမရခင်မှာပဲ သူမ၏နောက် မလှမ်းမကမ်းတွင် သူ၏မိန်းမကို တွေ့လိုက်ရသည်။ သူသည် သူမကို မမြင်ချင်ယောက်ဆောင်ကာ ကျော်ဖြတ်၍ သူ့မိန်းမထံ လျှောက်သွားလိုက်သည်။ သူ့မိန်းမကို တစ်နေရာသို့ ကမန်းကတန်းဦးဆောင်ခေါ်ယူကာ နေရာချထားလိုက်သည်။ ထို့နောက်ရှုပ်ထွေးနေသော လူအုပ်အကြား သူမထံသို့ ပြန်လည်တိုးဝှေ့လာရောက်ခဲ့သည်။ နင်ပြန်ပါတော့ဟာဟု သူကလက်ကို အဝေးသို့ဝှေ့ယမ်းရင်း ပြောလိုက်သည်။ သူဒီမှာ ရှိနေတာ သူမဘယ်လိုသိသားသလဲဆိုသည့် အတွေးနှင့်အတူ သူ့အိမ်သို့ သူပြန်ရောက်သွားသည်။ အိမ်ပြန်ရောက်တော့ သူ့အဖေက ဗီရိုအဟောင်းတစ်လုံးကို အိမ်ထဲမှာ အပြင်သို့ ထုတ်ရန် ကြိုးစားနေသဖြင့် သူဝိုင်းပြီး ထုတ်ပေးလိုက်သည်။ ဗီရိုကို အိမ်အပြင်မှာ ဒီအတိုင်းထားမယ့်အစား တစ်ယောက်ယောက်ကို ပေးပစ်လိုက်ဖို့ သူ့အဖေကို သူပြောသည်။ ငါးတွေလည်း တော်တော်သေကုန်ပြီလို့ သူ့အဖေက ပြန်ပြောသည်။ သူက ငါးကန်ထဲကရေအရောင်ကိုကြည့်ရင်း တစ်ခုခုပြန်ပြောမိသည်ထင်သည်။ ထို့နောက်လာရင်းကိစ္စကို သတိရလာသည်။ အဖေရောအမေပါ ဧည့်ခန်းထဲမှာ ရှိနေခိုက် ဘယ်သူပြောလိုက်တာလဲလို့ သူက သူတို့ကို မေးလိုက်သည်။ အဲဒီအချိန်မှာ သူ့အမရဲ့ အသံကို သူကြားလိုက်ရသည်။ သူ့အမအိမ်ထဲမရောက်ခင် သူကအထဲကို ဆွဲခေါ်လာခဲ့သည်။ သူ့အမ၏ မျက်နှာကို သူလက်သီးဖြင့် ထိုးလိုက်သည်။ သူ့အမကလည်း သူ့ကို ပြန်လည်ကုတ်ဖဲ့သည်။ သူကနောက်တစ်ချက်ထပ်ထိုးသည်။ အနားတွင်တွေ့ရသော ပစ္စည်းတစ်ခုနှင့်လည်း ထပ်ရိုက်သည်။ နောက်တော့ သူဈေးတစ်ခုထဲသို့ရောက်လာခဲ့သည်။ အမှန်တကယ်က ဈေးလို့ပြောရမှာထက် လမ်းဘေးလို့ပြောရမှာဖြစ်သည်။ ဈေးလမ်းအဲ.. လမ်းဈေးကလေးအပေါ် နေရောင်ဖြာကျနေသည်။ အဖြူရောင်နှင့်အညိုရောင် လွှမ်းမိုးထားသော ဈေးထဲမှာ သူက ငွေရောင်ပြောင်ပြောင်လက်လက်အရာတစ်ခုကို ရောင်းချနေခဲ့သည်။ သူဘေးနှစ်ဘက်လုံးမှ ဈေးသည်များက သိပ်အဆင်မပြေ။ ဘယ်ဘက်ကတစ်ယောက် သူ့ဆိုင်ရှေ့ကို ပိတ်ရန်ကြိုးစားသည်။ သူ့ညာဘက်ကငနဲက သူလစ်ရင်လစ်သလို သူ့ဆိုင်းဘုတ်ကိုယူ၍ ပစ္စည်းများကို နေကာရန်လုပ်သည်။ ညာဘက်ကငနဲကို သူဆွဲမထိုးမိခင်မှာပဲ အခန်းထဲမှာ တစ်စုံတစ်ယောက်ရောက်နေသည်ဟု သူထင်လိုက်မိတာဖြစ်သည်။
အချစ်ဝတ္ထု
Posted in Prose on September 11, 2010| 2 Comments »
ကိုမိုးခိုင်နှင့် ကျွန်တော် ပထမဆုံးစတင်ပြီး တွေ့ဆုံသည့်နေ့ကို မှတ်မိနေသည်။ အဲသည်နေ့က နွေနေ့လည်ခင်းတစ်ခုဖြစ်ပြီး ကမ်းနားက ငါးခြောက်လှမ်းစင်တွေမှာ ယင်ကောင်တွေ ပျံဝဲနေခဲ့သည်။ ကျွန်တော်နှင့် ကျော်နိုင်က ဓနိဝယ်ဘို့သွားရင်း ဒညင်းဆိပ်ရွာထဲက အရက်ဆိုင်တ၀က်၊ လက်ဘက်ရည်ဆိုင်တ၀က်ဆိုင်ကလေးထဲမှာ ထိုင်နေခဲ့ကြသည်။ လက်ဘက်ရည်သောက်ရင်း မျက်စေ့ကစားလိုက်လျှင် မှန်ပုံးထဲအပြည့်တန်းစီထားသည့် ငံပြာရည်ပုလင်းပုံစံ အရက်ပုလင်းများကို တွေ့ရမည်။
အဲ့ဒီမှာ ကိုမိုးခိုင်နဲ့ စတွေ့ခြင်းဖြစ်သည်။ ကိုမိုးခိုင်၏ လေးထောင့်စပ်စပ် ဖြူနုသော မျက်နှာက ဒီအနီးအပါးက မဟုတ်ကြောင်း ဖော်ပြလျက်ရှိသည်။ ပိုပြီးဂရုစိုက်မိစရာက သူ့နံဘေးက အသားညိုညိုကောင်မလေးပဲ ဖြစ်သည်။ ကောင်မလေးက ညိုသော်လည်း ပြည့်ပြည့်ဖြိုးဖြိုးရှိသည်။ ကောင်မလေးကို စူးစိုက်ကြည့်အပြီး မျက်လုံးလွှဲလိုက်တော့ ကျွန်တော့်ကို စိုက်ကြည့်နေသည့် ကိုမိုးခိုင်နှင့် မျက်လုံးချင်းဆုံမိသွားသည်။ ကျွန်တော်က ဘာရယ်မဟုတ်ရှက်ရယ် ရယ်ပြလိုက်သည်။ နောက်တော့ ကိုမိုးခိုင်က ကိုဌေးလွင်သူငယ်ချင်းဖြစ်ကြောင်း သိလာရသည်။
ကိုဌေးလွင်ဆိုတာ ဒညင်းဆိပ်က ဆေးထိုးဆရာ။ အဲ..ဆေးထိုးဆရာဆိုတာက ဆေးထိုးတဲ့ဆရာပေါ့ဗျာ။ ဆရာဝန်မဟုတ်မှန်းတော့ ကျွန်တော်တို့သိပါသည်။ အနီးဆုံးမြို့ကလာရင် မော်တော်လေးငါးနာရီစီးပြီး မိုးတွင်းဆိုရင် ဗွက်ထဲ တနာရီနှစ်နာရီ လမ်းဆက်လျှောက်မှ ရောက်တဲ့ရွာတွေမှာ ဘယ်ဆရာဝန်က လာနေမှာတုံး။ ကျွန်တော်တို့အတွက် အားကိုးစရာမှာ ဆေးထိုးဆရာပင်။ ကိုဌေးလွင်က ဆေးထိုးဆရာတွေထဲမှာမှ အနည်းငယ်ထူးခြားမှုရှိသည်။ သူနိုင်သလောက်သာ သူကုသည်။ အခြေမလှလျှင် မြို့ဆေးရုံပို့ဖို့ပြောတတ်သည်။ တချို့ဆရာတွေက မျက်လုံးနာလျှင် မျက်လုံးဆေးထိုး၊ နားနာလျှင် နားဆေးထိုးတတ်ကြတာမျိုးနဲ့စာလျှင် ကိုဌေးလွင်က နာမည်ရသည်။
ကိုမိုးခိုင်အကြောင်း ပြန်ကောက်ရလျှင် သူကလည်း ဆေးထိုးဆရာတစ်ယောက်ဖြစ်သည်။ မအူပင်အဂါးဘက်က ဖြစ်သည်။ အခုဒညင်းဆိပ်ရောက်လာရတာက မိန်းမခိုးလာတာဖြစ်သည်။ သူလို ခပ်ချောချော ဆေးထိုးဆရာတစ်ယောက်က ဒီလိုခပ်တောင့်တောင့် ကောင်မလေးတစ်ယောက်ကို ခိုးပြေးလာတာဘာမှမဆန်း။ ဆန်းတာက ကိုမိုးခိုင်မှာ အိမ်ထောင်ကြီးရှိနှင့်တာပဲဖြစ်သည်။ မယားကြီးနှင့် သားသမီးလေးယောက်ပင် ပွားစည်းခဲ့ပြီးဖြစ်သည်။ အခုကောင်မလေးက သူ့လူနာတစ်ယောက်၏ သမီးဖြစ်သည်။ ကောင်မလေး၏ အစ်ကိုတွေမောင်တွေက လက်စလက်နရှိကြသည်မို့ ကိုမိုးခိုင်တစ်ယောက် ဒီလောက်အဝေးကြီးအထိ ပြေးလာခြင်းဖြစ်သည်။
လိုရင်းကို ချုပ်လျှင်တော့ ကိုမိုးခိုင်မှာ လောလောဆယ် ခိုကိုးစရာမရှိ။ ကျွန်တော်နှင့် ကျော်နိုင်ကလည်း ဒီတစ်မိုး ငါးသလောက်တော်တော်ရထားပြီး သောင်သာနေခိုက်မို့ ကိုမိုးခိုင်ကို ကျွန်တော်တို့ တာဝန်ယူမည်ဟု တာဝန်ခံလိုက်သည်။ ဟုတ်သည်။ ကျွန်တော်တို့ရွာမှာက ဆေးထိုးစရာမရှိ။ အဖျားအနာရှိလျှင် သုံးလေးနာရီခရီးရှိသည့် ဒညင်းဆိပ်သို့ ဆရာလာပင့်ရသည်။ အသွားအပြန်နှင့်ဆိုလျှင် တွက်သာကြည့်ပေရော့။ ကိုမိုးခိုင်၏အရည်အချင်းကို ကိုဌေးလွင်က အာမခံသည်။ သူ့ထက်ပင် သာသည့်အချက်မှာ ကိုမိုးခိုင်က မြန်မာဆေးပါ ကိုင်တတ်ခြင်းပင်။
ဒီလိုနှင့် ကိုမိုးခိုင်တစ်ယောက် ကျွန်တော်တို့ ရွာသားဖြစ်လာသည်။ ပထမတစ်နှစ်တော့ ကျွန်တော်တို့ရွာက ၀ိုင်းပြီး နေရေးစားရေး ထောက်ရသေးသည်။ နောက်တော့ သူ့ဖာသာရပ်တည်နိုင်လာသည်။ အနီးအနားရွာများမှလည်း လူနာအပင့်အဖိတ်ရောက်လာကြသည်။ ရာသီဥတုဘယ်လောက်ဆိုးဆိုး ကိုမိုးခိုင်ကတော့ မြစ်ကူချောင်းခြား လိုက်သည်သာ။ ကိုမိုးခိုင်က ရွာထဲမှာ ရောရောနှောနှော သိပ်မနေပေမင့် ကျွန်တော့်အပေါ်တော့ ခင်မင်ရင်းစွဲရှိသည်။ သူရွာမှာရှိလျှင် ညနေဘက်ဆို ကျွန်တော့်အိမ်ကို ပေါက်ချလာသည်။ မိုးသံလေသံနာခံရင်း ရေဒီယိုလေးဖွင့်ပြီး စကားစမြည်ပြောကြသည်။ အိမ်ကမိန်းမကလည်း ကျော်လွင်တို့နဲ့ဝိုင်းတာနဲ့စာလျှင် ကိုမိုးခိုင်နှင့် ထိုင်တာကို ပိုကြိုက်သည်။ ရေနွေးကြမ်းနှင့် အသုပ်တစ်ခုခု မပြတ်စေရ။ ဆယ်ခါ့တစ်ခါဆိုသလို ရေနွေးကြမ်းမှ ရေအေးကြမ်းသို့ ပြောင်းကြသည်။ အမြည်းကတော့ မပြောင်း။
ညီမလေးဟာ လောကကြီးနဲ့ ကျွန်တော့်ကို ဆက်ထားပေးတဲ့ နောက်ဆုံးကြိုးလေးပဲဗျဟု မူးမူးနှင့် သူပြောလေ့ရှိသည်။ ကျွန်တော်က အေးလေ တခြားကြိုးတွေကို ခင်ဗျားဖာသာဖြတ်ခဲ့တာပဲလို့ စိတ်ထဲက ပြန်ပြောလေ့ရှိသည်။ ပါးစပ်ကတော့ အလိုက်သင့်အလျားသင့် တစ်ခုခု ပြန်ပြောခဲ့သည်ထင်သည်။ ခင်ဗျား မိန်းမကို တစ်ယောက်ထည်း ထားခဲ့ပြီး ညအိပ်ညနေ မလိုက်တာကောင်းမယ်လို့ သူ့ကိုပြောခဲ့သည်။ သူကတော့ သူ့ကြိုးလေးသူ စိတ်ချပုံရသည်။ သူကြိုးလေးက သူ့ထက်ငယ်ကလည်းငယ် ရုပ်ကလေးကလည်းရှိသည်။ ကျွန်တော်က ကြားထဲက၀င်ပြီး ကုက္ကုစ ပွားခြင်းဖြစ်သည်။ ကိုမိုးခိုင်ကတော့ စိတ်ချလက်ချပင်။ တခါတရံ လေးငါးည ကြာသည်ပင်ရှိသည်။ ဒီလိုနဲ့ သူတို့ကလေးတစ်ယောက်ရလာသည်။ မွေးလာသည်ကလေးက ကိုမိုးခိုင်လို ဖြူဖြူချောချောလေးပင် ဖြစ်သည်။
ဒီလိုနှင့် အချိန်တွေ ကုန်မှန်းမသိကုန်လာသည်။ ကိုမိုးခိုင်တစ်ယောက် ရွာမှ လေးငါးည ပျောက်ပျောက်သွားသည့် အကြောင်းကိုလည်း ကျွန်တော်သိလာသည်။ အစကတော့ ကိုမိုးခိုင်တစ်ယောက် ညောင်ဝိုင်းတို့၊ မရမ်းတောတို့ဘက် ဆေးကုလိုက်နေတာပဲဟု ယူဆထားခဲ့သည်။ လေနဲနဲကြမ်းသည့် တစ်ညမှာ ကိုမိုးခိုင်ကို ကျွန်တော်မေးကြည့်တော့ သူကလွယ်လင့်တကူဝန်ခံသည်။ သူ အဂါးက မယားကြီးဆီ ပြန်ပြန်နေတာ သုံးလေးလရှိပြီတဲ့။ သူပြန်ရသည့်အကြောင်းကလည်း တဆင့်စကားတဆင့်နားဖြင့် သူ့မိသားစုအဆင်မပြေပုံကြားရသောကြောင့်ဖြစ်သည်ဟု တဆက်တည်းဖြေရှင်းသည်။ တကယ်တော့ သူ့မိန်းမကတစ်သက်လုံး သူ့လုပ်စာထိုင်စားလာခဲ့တာမို့ ခုလိုမျိုးကြုံတော့ ဘယ်လောက် ရုန်းကန်ရမယ်ဆိုတာ တဆင့်စကားမလိုဘဲကို သိနိုင်ပါတယ်။
မကြာခင် ဒုတိယကလေးတစ်ယောက် ထပ်မွေးသည်။ ကိုမိုးခိုင်ပုံစံက တဖြည်းဖြည်းနွမ်းဖတ်လာသည်။ ဖြစ်ချင်တော့ ဒုတိယကလေးက အတော်ချူခြာသည်။ ဆေးထိုးဆရာ ကလေးချီလျက် မြို့ဆေးရုံပြေးရသည်။ ပြန်လာတော့လည်း တရှောင်ရှောင်ဖြစ်မြဲ။ သူ့မိန်းမကတော့ အပြင်ထွက်သည်ဟု သိပ်မရှိ။ အလုပ်လုပ်သည် ဟုလည်း လုံးဝမတွေ့ရ။ ကျွန်တော်အံ့အားသင့်မိသည့်အချက်က သူမပုံစံက နုနုဖတ်ဖတ် လုပ်စကိုင်စမရှိသည့် ရုပ်မျိုးမဟုတ်။ ကိုမိုးခိုင်ကိုယ်တိုင်က သူ့ကြိုးလေးကို အလုပ်မလုပ်စေခြင်းလော..သူမကိုယ်တိုင်က မလုပ်လို၍ မလုပ်ခြင်းလော။ ကလေးလေးယောက်ရသည်အထိ လင့်လုပ်စာထိုင်စားခဲ့သည့် ကိုမိုးခိုင်၏ မယားကြီးကိုလည်း သတိရမိသည်။ အဆင်ပြေနေချိန်ဆိုလျှင်တော့ကိစ္စမရှိ။ ကျွန်တော့်မိန်းမဆိုလျှင် အဆင်မပြေသည့်အခါ ကိုယ်ဝန်လေးငါးလနှင့်ပင် ကျွန်တော်မသိအောင် မျှင်၁ အရွက်လိုက်ခဲ့သည်။
ပြီးခဲ့တဲ့တစ်နှစ်တုံးကတော့ နာဂစ်မုန်တိုင်းတိုက်လိုက်သည်။ ရွာမှာ သေတဲ့လူသေ၊ ပျောက်တဲ့လူပျောက်ဖြစ်ကုန်သည်။ ကျွန်တော်လည်း လှေရော၊ ပိုက်တွေပါ ဆုံးကုန်သည်။ ကိုမိုးခိုင်ကတော့ အိမ်ပြိုသွားသော်လည်း မိသားစုဝင်များ ဘေးလွတ်ရာသို့ ရွှေ့နိုင်၍ အထိအခိုက်မရှိ။ သို့သော် အိမ်ပြန်မဆောက်နိုင်၍ ကုလားအုံ၂နှင့် အတော်ကြာနေလိုက်ရသည်။ နောက်တော့ တာလပတ်တစ်ခြမ်း၊ ဓနိတစ်ခြမ်းမိုးသည့် အိမ်ကလေးပြန်ဆောက်သည်။ နာဂစ်အပြီး သိပ်မကြာ မယားကြီးဆုံးသွားသဖြင့် ကလေးတွေ ကိုမိုးခိုင်ရှိရာသို့ လိုက်လာကြသည်။ ပြန်ဆောက်ထားသည့်အိမ်က ကွပ်ပျစ်တစ်ခြမ်း၊ မီးဖိုခန်းတစ်ခြမ်းဖြစ်သည်။ ကွပ်ပျစ်ဘက်အခြမ်းတွင် ကိုမိုးခိုင်တို့လင်မယားနှင့် သားသမီးတွေ တန်းစီအိပ်ကြသည်။ သူ့အိမ်အရွယ်နှင့်ဆိုလျှင် မိသားစုဝင်အရေအတွက်နှင့် ကျောတစ်ခင်းစာနေရာမှာ ကွက်တိဖြစ်လိမ့်မည်။
ကျွန်တော်လည်း ကိုယ်တိုင်ကလည်း မနေချင်၊ မိန်းမကလည်း နောက်တခါ မုန်တိုင်းလာမှာ တော်တော် သွေးပျက်နေပုံရသဖြင့် အစ်မတစ်ယောက်ရှိသည့် ရန်ကုန်လှိုင်သာယာသို့ ပြောင်းခဲ့သည်။ မိုးရွာသည့်ညနေခင်းများဆိုလျှင်တော့ ကိုမိုးခိုင်ကို သတိရမိသည်။ နှစ်နှင့်ချီ၍ ရေနွေးကြမ်းဝိုင်းဖွဲ့ခဲ့ကြသည် မဟုတ်လား။ ရွာနှင့်တော့ အဆက်အသွယ် ကျဲတစ်ချက်၊ စိပ်တစ်ခါ။ တစ်နေ့ကတော့ ရွာကငါးပိလာပို့သူ တစ်ယောက်ဆီက ကြားလိုက်ရသည်။ ကိုမိုးခိုင်မိန်းမတစ်ယောက် ကိုယ်ဝန်ကြီဲးနဲ့ ဖြစ်နေပြန်ပြီတဲ့။