ကိုမိုးခိုင်နှင့် ကျွန်တော် ပထမဆုံးစတင်ပြီး တွေ့ဆုံသည့်နေ့ကို မှတ်မိနေသည်။ အဲသည်နေ့က နွေနေ့လည်ခင်းတစ်ခုဖြစ်ပြီး ကမ်းနားက ငါးခြောက်လှမ်းစင်တွေမှာ ယင်ကောင်တွေ ပျံဝဲနေခဲ့သည်။ ကျွန်တော်နှင့် ကျော်နိုင်က ဓနိဝယ်ဘို့သွားရင်း ဒညင်းဆိပ်ရွာထဲက အရက်ဆိုင်တ၀က်၊ လက်ဘက်ရည်ဆိုင်တ၀က်ဆိုင်ကလေးထဲမှာ ထိုင်နေခဲ့ကြသည်။ လက်ဘက်ရည်သောက်ရင်း မျက်စေ့ကစားလိုက်လျှင် မှန်ပုံးထဲအပြည့်တန်းစီထားသည့် ငံပြာရည်ပုလင်းပုံစံ အရက်ပုလင်းများကို တွေ့ရမည်။
အဲ့ဒီမှာ ကိုမိုးခိုင်နဲ့ စတွေ့ခြင်းဖြစ်သည်။ ကိုမိုးခိုင်၏ လေးထောင့်စပ်စပ် ဖြူနုသော မျက်နှာက ဒီအနီးအပါးက မဟုတ်ကြောင်း ဖော်ပြလျက်ရှိသည်။ ပိုပြီးဂရုစိုက်မိစရာက သူ့နံဘေးက အသားညိုညိုကောင်မလေးပဲ ဖြစ်သည်။ ကောင်မလေးက ညိုသော်လည်း ပြည့်ပြည့်ဖြိုးဖြိုးရှိသည်။ ကောင်မလေးကို စူးစိုက်ကြည့်အပြီး မျက်လုံးလွှဲလိုက်တော့ ကျွန်တော့်ကို စိုက်ကြည့်နေသည့် ကိုမိုးခိုင်နှင့် မျက်လုံးချင်းဆုံမိသွားသည်။ ကျွန်တော်က ဘာရယ်မဟုတ်ရှက်ရယ် ရယ်ပြလိုက်သည်။ နောက်တော့ ကိုမိုးခိုင်က ကိုဌေးလွင်သူငယ်ချင်းဖြစ်ကြောင်း သိလာရသည်။
ကိုဌေးလွင်ဆိုတာ ဒညင်းဆိပ်က ဆေးထိုးဆရာ။ အဲ..ဆေးထိုးဆရာဆိုတာက ဆေးထိုးတဲ့ဆရာပေါ့ဗျာ။ ဆရာဝန်မဟုတ်မှန်းတော့ ကျွန်တော်တို့သိပါသည်။ အနီးဆုံးမြို့ကလာရင် မော်တော်လေးငါးနာရီစီးပြီး မိုးတွင်းဆိုရင် ဗွက်ထဲ တနာရီနှစ်နာရီ လမ်းဆက်လျှောက်မှ ရောက်တဲ့ရွာတွေမှာ ဘယ်ဆရာဝန်က လာနေမှာတုံး။ ကျွန်တော်တို့အတွက် အားကိုးစရာမှာ ဆေးထိုးဆရာပင်။ ကိုဌေးလွင်က ဆေးထိုးဆရာတွေထဲမှာမှ အနည်းငယ်ထူးခြားမှုရှိသည်။ သူနိုင်သလောက်သာ သူကုသည်။ အခြေမလှလျှင် မြို့ဆေးရုံပို့ဖို့ပြောတတ်သည်။ တချို့ဆရာတွေက မျက်လုံးနာလျှင် မျက်လုံးဆေးထိုး၊ နားနာလျှင် နားဆေးထိုးတတ်ကြတာမျိုးနဲ့စာလျှင် ကိုဌေးလွင်က နာမည်ရသည်။
ကိုမိုးခိုင်အကြောင်း ပြန်ကောက်ရလျှင် သူကလည်း ဆေးထိုးဆရာတစ်ယောက်ဖြစ်သည်။ မအူပင်အဂါးဘက်က ဖြစ်သည်။ အခုဒညင်းဆိပ်ရောက်လာရတာက မိန်းမခိုးလာတာဖြစ်သည်။ သူလို ခပ်ချောချော ဆေးထိုးဆရာတစ်ယောက်က ဒီလိုခပ်တောင့်တောင့် ကောင်မလေးတစ်ယောက်ကို ခိုးပြေးလာတာဘာမှမဆန်း။ ဆန်းတာက ကိုမိုးခိုင်မှာ အိမ်ထောင်ကြီးရှိနှင့်တာပဲဖြစ်သည်။ မယားကြီးနှင့် သားသမီးလေးယောက်ပင် ပွားစည်းခဲ့ပြီးဖြစ်သည်။ အခုကောင်မလေးက သူ့လူနာတစ်ယောက်၏ သမီးဖြစ်သည်။ ကောင်မလေး၏ အစ်ကိုတွေမောင်တွေက လက်စလက်နရှိကြသည်မို့ ကိုမိုးခိုင်တစ်ယောက် ဒီလောက်အဝေးကြီးအထိ ပြေးလာခြင်းဖြစ်သည်။
လိုရင်းကို ချုပ်လျှင်တော့ ကိုမိုးခိုင်မှာ လောလောဆယ် ခိုကိုးစရာမရှိ။ ကျွန်တော်နှင့် ကျော်နိုင်ကလည်း ဒီတစ်မိုး ငါးသလောက်တော်တော်ရထားပြီး သောင်သာနေခိုက်မို့ ကိုမိုးခိုင်ကို ကျွန်တော်တို့ တာဝန်ယူမည်ဟု တာဝန်ခံလိုက်သည်။ ဟုတ်သည်။ ကျွန်တော်တို့ရွာမှာက ဆေးထိုးစရာမရှိ။ အဖျားအနာရှိလျှင် သုံးလေးနာရီခရီးရှိသည့် ဒညင်းဆိပ်သို့ ဆရာလာပင့်ရသည်။ အသွားအပြန်နှင့်ဆိုလျှင် တွက်သာကြည့်ပေရော့။ ကိုမိုးခိုင်၏အရည်အချင်းကို ကိုဌေးလွင်က အာမခံသည်။ သူ့ထက်ပင် သာသည့်အချက်မှာ ကိုမိုးခိုင်က မြန်မာဆေးပါ ကိုင်တတ်ခြင်းပင်။
ဒီလိုနှင့် ကိုမိုးခိုင်တစ်ယောက် ကျွန်တော်တို့ ရွာသားဖြစ်လာသည်။ ပထမတစ်နှစ်တော့ ကျွန်တော်တို့ရွာက ၀ိုင်းပြီး နေရေးစားရေး ထောက်ရသေးသည်။ နောက်တော့ သူ့ဖာသာရပ်တည်နိုင်လာသည်။ အနီးအနားရွာများမှလည်း လူနာအပင့်အဖိတ်ရောက်လာကြသည်။ ရာသီဥတုဘယ်လောက်ဆိုးဆိုး ကိုမိုးခိုင်ကတော့ မြစ်ကူချောင်းခြား လိုက်သည်သာ။ ကိုမိုးခိုင်က ရွာထဲမှာ ရောရောနှောနှော သိပ်မနေပေမင့် ကျွန်တော့်အပေါ်တော့ ခင်မင်ရင်းစွဲရှိသည်။ သူရွာမှာရှိလျှင် ညနေဘက်ဆို ကျွန်တော့်အိမ်ကို ပေါက်ချလာသည်။ မိုးသံလေသံနာခံရင်း ရေဒီယိုလေးဖွင့်ပြီး စကားစမြည်ပြောကြသည်။ အိမ်ကမိန်းမကလည်း ကျော်လွင်တို့နဲ့ဝိုင်းတာနဲ့စာလျှင် ကိုမိုးခိုင်နှင့် ထိုင်တာကို ပိုကြိုက်သည်။ ရေနွေးကြမ်းနှင့် အသုပ်တစ်ခုခု မပြတ်စေရ။ ဆယ်ခါ့တစ်ခါဆိုသလို ရေနွေးကြမ်းမှ ရေအေးကြမ်းသို့ ပြောင်းကြသည်။ အမြည်းကတော့ မပြောင်း။
ညီမလေးဟာ လောကကြီးနဲ့ ကျွန်တော့်ကို ဆက်ထားပေးတဲ့ နောက်ဆုံးကြိုးလေးပဲဗျဟု မူးမူးနှင့် သူပြောလေ့ရှိသည်။ ကျွန်တော်က အေးလေ တခြားကြိုးတွေကို ခင်ဗျားဖာသာဖြတ်ခဲ့တာပဲလို့ စိတ်ထဲက ပြန်ပြောလေ့ရှိသည်။ ပါးစပ်ကတော့ အလိုက်သင့်အလျားသင့် တစ်ခုခု ပြန်ပြောခဲ့သည်ထင်သည်။ ခင်ဗျား မိန်းမကို တစ်ယောက်ထည်း ထားခဲ့ပြီး ညအိပ်ညနေ မလိုက်တာကောင်းမယ်လို့ သူ့ကိုပြောခဲ့သည်။ သူကတော့ သူ့ကြိုးလေးသူ စိတ်ချပုံရသည်။ သူကြိုးလေးက သူ့ထက်ငယ်ကလည်းငယ် ရုပ်ကလေးကလည်းရှိသည်။ ကျွန်တော်က ကြားထဲက၀င်ပြီး ကုက္ကုစ ပွားခြင်းဖြစ်သည်။ ကိုမိုးခိုင်ကတော့ စိတ်ချလက်ချပင်။ တခါတရံ လေးငါးည ကြာသည်ပင်ရှိသည်။ ဒီလိုနဲ့ သူတို့ကလေးတစ်ယောက်ရလာသည်။ မွေးလာသည်ကလေးက ကိုမိုးခိုင်လို ဖြူဖြူချောချောလေးပင် ဖြစ်သည်။
ဒီလိုနှင့် အချိန်တွေ ကုန်မှန်းမသိကုန်လာသည်။ ကိုမိုးခိုင်တစ်ယောက် ရွာမှ လေးငါးည ပျောက်ပျောက်သွားသည့် အကြောင်းကိုလည်း ကျွန်တော်သိလာသည်။ အစကတော့ ကိုမိုးခိုင်တစ်ယောက် ညောင်ဝိုင်းတို့၊ မရမ်းတောတို့ဘက် ဆေးကုလိုက်နေတာပဲဟု ယူဆထားခဲ့သည်။ လေနဲနဲကြမ်းသည့် တစ်ညမှာ ကိုမိုးခိုင်ကို ကျွန်တော်မေးကြည့်တော့ သူကလွယ်လင့်တကူဝန်ခံသည်။ သူ အဂါးက မယားကြီးဆီ ပြန်ပြန်နေတာ သုံးလေးလရှိပြီတဲ့။ သူပြန်ရသည့်အကြောင်းကလည်း တဆင့်စကားတဆင့်နားဖြင့် သူ့မိသားစုအဆင်မပြေပုံကြားရသောကြောင့်ဖြစ်သည်ဟု တဆက်တည်းဖြေရှင်းသည်။ တကယ်တော့ သူ့မိန်းမကတစ်သက်လုံး သူ့လုပ်စာထိုင်စားလာခဲ့တာမို့ ခုလိုမျိုးကြုံတော့ ဘယ်လောက် ရုန်းကန်ရမယ်ဆိုတာ တဆင့်စကားမလိုဘဲကို သိနိုင်ပါတယ်။
မကြာခင် ဒုတိယကလေးတစ်ယောက် ထပ်မွေးသည်။ ကိုမိုးခိုင်ပုံစံက တဖြည်းဖြည်းနွမ်းဖတ်လာသည်။ ဖြစ်ချင်တော့ ဒုတိယကလေးက အတော်ချူခြာသည်။ ဆေးထိုးဆရာ ကလေးချီလျက် မြို့ဆေးရုံပြေးရသည်။ ပြန်လာတော့လည်း တရှောင်ရှောင်ဖြစ်မြဲ။ သူ့မိန်းမကတော့ အပြင်ထွက်သည်ဟု သိပ်မရှိ။ အလုပ်လုပ်သည် ဟုလည်း လုံးဝမတွေ့ရ။ ကျွန်တော်အံ့အားသင့်မိသည့်အချက်က သူမပုံစံက နုနုဖတ်ဖတ် လုပ်စကိုင်စမရှိသည့် ရုပ်မျိုးမဟုတ်။ ကိုမိုးခိုင်ကိုယ်တိုင်က သူ့ကြိုးလေးကို အလုပ်မလုပ်စေခြင်းလော..သူမကိုယ်တိုင်က မလုပ်လို၍ မလုပ်ခြင်းလော။ ကလေးလေးယောက်ရသည်အထိ လင့်လုပ်စာထိုင်စားခဲ့သည့် ကိုမိုးခိုင်၏ မယားကြီးကိုလည်း သတိရမိသည်။ အဆင်ပြေနေချိန်ဆိုလျှင်တော့ကိစ္စမရှိ။ ကျွန်တော့်မိန်းမဆိုလျှင် အဆင်မပြေသည့်အခါ ကိုယ်ဝန်လေးငါးလနှင့်ပင် ကျွန်တော်မသိအောင် မျှင်၁ အရွက်လိုက်ခဲ့သည်။
ပြီးခဲ့တဲ့တစ်နှစ်တုံးကတော့ နာဂစ်မုန်တိုင်းတိုက်လိုက်သည်။ ရွာမှာ သေတဲ့လူသေ၊ ပျောက်တဲ့လူပျောက်ဖြစ်ကုန်သည်။ ကျွန်တော်လည်း လှေရော၊ ပိုက်တွေပါ ဆုံးကုန်သည်။ ကိုမိုးခိုင်ကတော့ အိမ်ပြိုသွားသော်လည်း မိသားစုဝင်များ ဘေးလွတ်ရာသို့ ရွှေ့နိုင်၍ အထိအခိုက်မရှိ။ သို့သော် အိမ်ပြန်မဆောက်နိုင်၍ ကုလားအုံ၂နှင့် အတော်ကြာနေလိုက်ရသည်။ နောက်တော့ တာလပတ်တစ်ခြမ်း၊ ဓနိတစ်ခြမ်းမိုးသည့် အိမ်ကလေးပြန်ဆောက်သည်။ နာဂစ်အပြီး သိပ်မကြာ မယားကြီးဆုံးသွားသဖြင့် ကလေးတွေ ကိုမိုးခိုင်ရှိရာသို့ လိုက်လာကြသည်။ ပြန်ဆောက်ထားသည့်အိမ်က ကွပ်ပျစ်တစ်ခြမ်း၊ မီးဖိုခန်းတစ်ခြမ်းဖြစ်သည်။ ကွပ်ပျစ်ဘက်အခြမ်းတွင် ကိုမိုးခိုင်တို့လင်မယားနှင့် သားသမီးတွေ တန်းစီအိပ်ကြသည်။ သူ့အိမ်အရွယ်နှင့်ဆိုလျှင် မိသားစုဝင်အရေအတွက်နှင့် ကျောတစ်ခင်းစာနေရာမှာ ကွက်တိဖြစ်လိမ့်မည်။
ကျွန်တော်လည်း ကိုယ်တိုင်ကလည်း မနေချင်၊ မိန်းမကလည်း နောက်တခါ မုန်တိုင်းလာမှာ တော်တော် သွေးပျက်နေပုံရသဖြင့် အစ်မတစ်ယောက်ရှိသည့် ရန်ကုန်လှိုင်သာယာသို့ ပြောင်းခဲ့သည်။ မိုးရွာသည့်ညနေခင်းများဆိုလျှင်တော့ ကိုမိုးခိုင်ကို သတိရမိသည်။ နှစ်နှင့်ချီ၍ ရေနွေးကြမ်းဝိုင်းဖွဲ့ခဲ့ကြသည် မဟုတ်လား။ ရွာနှင့်တော့ အဆက်အသွယ် ကျဲတစ်ချက်၊ စိပ်တစ်ခါ။ တစ်နေ့ကတော့ ရွာကငါးပိလာပို့သူ တစ်ယောက်ဆီက ကြားလိုက်ရသည်။ ကိုမိုးခိုင်မိန်းမတစ်ယောက် ကိုယ်ဝန်ကြီဲးနဲ့ ဖြစ်နေပြန်ပြီတဲ့။
အချစ်ဝတ္ထု
September 11, 2010 by Kanyan
၁။ မျှင်-ငါးပိလုပ်သည့် မျှင်ကောင်
၂။ ကုလားအုံ-တရွက်ဖျင်တဲ သဏ္ဍန် မြေစိုက်တဲ။ နံရံမပါဘဲ အမိုးစွန်းနှစ်ဘက်ကို မြေသို့ချထားသည်။
ကြိုက်ပါတယ်..ဇာတ်လမ်းလေးကို