နေရောင်က လမ်းများပေါ်သို့ အတားအဆီးမဲ့ ကျရောက်နေသည်။ ယခင်ကလယ်ကွင်းများဖြစ်ခဲ့သည့် နေရာတွင် မြို့သစ်ကို တည်ဆောက်ခဲ့ကြခြင်းဖြစ်၍ အရိပ်အာဝါသနည်းလှသည်။ ထိုအထဲ လွန်ခဲ့သည့် နှစ်နှစ်ကျော်က ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ရာ သစ်ပင်များ မကျန်သလောက်ပင်ဖြစ်သည်။
ဘတ်စ်ကားသည် တဂူးဂူးတဂဲဂဲ အော်မြည်လျက် ပြေးလွှားနေသည်။ သူသည် ပြတင်းပေါက်နှင့် ကပ်လျက် ထိုင်ခုံတွင် နေရာရလိုက်သဖြင့် ပတ်ဝန်းကျင်ကို ငေးမောကြည့်ရှုလိုက်ပါလာခဲ့သည်။ ကားဝပ်ရှော့များ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းများ၊ အသုပ်ဆိုင်များ၊ ဆိုက်ကားဂိတ်များ၊ အုတ်နီခဲဖို့ထားသော လမ်းသွယ်များ၊ လူတရပ်ခန့်အမြင့်အထိ တွဲကျနေသော ဓာတ်ကြိုးများ၊ ၀ါးတောင်းကိုရွက်၍ လမ်းလျှောက်သွားသည့် ဈေးသည်များ၊ သံချောင်းများ ထိုးထွက်နေသည့် ဆောက်လက်စတိုက်များ… ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ပြီး ဖြစ်သော်လည်း အချို့သော ဆိုင်နာမည်များကို မှတ်မိနေသည်မှလွဲ၍ မြင်ကွင်းများသည် သူ့အတွက် အသစ်အဆန်းလိုပင်။
မကြာမီ သူ့ကိုသယ်ဆောင်လာရာဘတ်စ်ကားသည် လမ်းမကြီးမှ ချိုးဖဲ့၍ လမ်းသွယ်တစ်ခုထဲသို့ ၀င်ရောက်တော့မည်ကို သူသိနေသည်။ သူလိုက်ပါရာဘတ်စ်ကားသည် လမ်းတလျှောက် မည်သည့် မှတ်တိုင်တွင်မှ ရပ်နားခြင်းမရှိ။ ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များကလည်း လမ်းတွင် အတက်အဆင်းပြုလုပ်ရန် တောင်းဆိုကြခြင်းမရှိ။ ကားပေါ်ပါလာသူအားလုံး၏ ခရီးဆုံးပန်းတိုင်မှာ တူညီလျက်ရှိကြသည်။
ဘတ်စ်ကားပေါ်တွင် သူနှင့်အသိအကျွမ်းတစ်ဦးမျှမပါ။ သူကကားအတွင်းဘက်သို့ ငဲ့စောင်းမကြည့်သဖြင့် မတွေ့ခြင်းလည်း ဖြစ်နိုင်သည်။ ကားဒရိုင်ဘာအနေဖြင့် သီချင်းတစ်ပုဒ်တစ်လေ ဖွင့်လျှင် ကောင်းမည်ဟုပင် သူအတွေးပေါက်မိသည်။ စိတ်ထဲမှာပေါ်လာသော အတွေးကို နောက်ထပ်စိတ်ထဲမှာပေါ်လာသော အတွေးက ပြုံးမိသည်။ ဒီလိုဘတ်စ်ကားပေါ်မှာ သီချင်းသံသာ ထွက်ပေါ်လာခဲ့ရင်…။
မကြာမီပင် ဘတ်စ်ကားသည် ခရီးဆုံးနေရာသို့ ဆိုက်ရောက်လာသည်။ သူလိုက်ပါလာသော ကားပေါ်မှ ဆင်းလာသော လူများသည် အခြားကားများပေါ်မှ ဆင်းလာသော လူအုပ်နှင့်အတူ ရောနှောသွားသည်။ အခုအချိန်မှာတော့ သူသည် လူအုပ်ထဲက လူတစ်ယောက်ပဲဖြစ်သည်။ ဘတ်စ်ကားပေါ်မှာတုံးကလို သီချင်းသံကို တောင့်တခြင်းမရှိတော့။ လူအုပ်ရဲ့နောက်ဘက်အစွန်နားမှာ သူရပ်နေလိုက်သည်။ လူတွေသည် အရှေ့ဘက်သို့ လှမ်းကြည့်နေကြသည်။ ဆက်တိုက်မဟုတ်တောင် တချက်တချက်လှမ်းကြည့်ကြသည်။ သူ့နံဘေးက လူတချို့ စကားပြောနေသည်ကို သူကြားနေရသည်။
သူတို့ပြောနေသည်မှာ လူတစ်ယောက်၏ အကြောင်းဖြစ်ပုံရသည်။ အတိအကျပြောရလျှင် သူလိုက်ပါစီးနင်း လာခဲ့သော အသုဘပို့ယာဉ်၏ အသုဘရှင်..ထိုကဲ့သို့ သုံးနှုန်းရန်လည်း မဖြစ်သေး..ထိုသူသည် အသုဘရှင် မဟုတ်..အသုဘကိုယ်တိုင်ပင်ဖြစ်သည်။ ထိုသူသည် မသေခင်က အလုပ်များစွာကြိုစားခဲ့သူဖြစ်သည်။ သို့ရာတွင် ကြိုးစားသလောက် မအောင်မြင်ခဲ့သူလည်းဖြစ်သည်။ လမ်းဘေးတွင် ဂစ်တာတီးနေရာမှာ ထုတ်လုပ်သူတစ်ယောက်က သူ့လက်သံကိုကြားက စီးရီးထုတ်ပေးသဖြင့် အဆိုတော် ဖြစ်လာသည်။ နောက်တော့ မူးယစ်ဆေးမှုဖြင့် ထောင်ကျသည်။ သူ့ဇနီးကိုယ်ဝန်ရှိနေချိန်တွင် အနှိပ်ခန်းက ကောင်မလေးနှင့် သွားအိပ်သည်ကို သိသွားသဖြင့် ယောက္ခမက အိမ်ပေါ်က မောင်းချတာကြုံရဖူးသည်။ ထိုသူသည် လမ်းထိပ်မှာ ခိုးကူးခွေရောင်းဖူးသူဖြစ်သည်။ ထို့နောက် နိုင်ငံခြားတွင် ကျောင်းသွားတက်ရာမှ ပြည်ပနိုင်ငံတစ်ခုမှ ၀န်ကြီးတစ်ယောက်၏ သားနှင့် ခင်မင်ရင်းနှီးသွားပြီး ထိုမှတဆင့် ကျိကျိတက် ချမ်းသာလာခဲ့သူတစ်ယောက်၏ ကုမ္ပဏီတွင် အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုမတိုင်မီက ကျောင်း ဆယ့်ခုနှစ်နှစ်တက်ခဲ့ကြောင်း၊ အတန်းများတွင် နှစ်စဉ် ထိပ်ဆုံးမှ အောင်မြင်ခဲ့ကြောင်းများကိုပါ ဆက်လက်ပြောဆိုနေကြသည်။ မည်သို့ပင်ဖြစ်စေ တံခါးရွက်ကတော့ပိတ်သွားပြီဖြစ်သည်။ တံခါးရွက်မှာ အတော်ပင် လုံခြုံပုံရသဖြင့် မည်သို့ပင် ဝေဖန်နေကြသည်ဖြစ်စေ ထိုသူကတော့ ကြားနိုင်တော့မည်မဟုတ်ဟု သူကထင်မိသည်။
ဘုန်းကြီးဝတ်သွားသော မင်းသားကြီးကို သူသွားသတိရသည်။ ဒီနေရာကို ရောက်လာတိုင်း ထိုမင်းသားကြီးကို သူသတိရမိတတ်သည်။ အကြောင်းမှာ ဒီနေရာကိုရောက်လာရင် ထိုမင်းသားကြီးရေးခဲ့သည့် “ပြာ”ဟူသော ၀တ္ထုကို သူသတိရမိသောကြောင့်ဖြစ်သည်။ သူလည်း အခုရေးနေသော စာကို “မီးခိုး”ဟု နာမည်ပေးလျှင်ကောင်းမည်။ လူတွေဟာ နောက်ဆုံးတော့ မီးခိုးဖြစ်သွားတာပဲ။ အနည်းဆုံးတော့ ဒီလိုမြို့ကြီးပြကြီးမှာပေါ့။ တချို့က ဘောလုံးကောင်းကောင်းမကန်တတ်ခင်အရွယ်မှာပဲ မီးခိုးဘ၀ရောက်သွားကြသည်။ တချို့က လူမချတတ်ခင် မီးခိုးဘ၀ရောက်သွားသည်။ တချို့က ဒဏ်ရာနှင့်နားနေစဉ် မီးခိုးဘ၀ရောက်သွားသည်။ တချို့က နည်းပြတွေလိုမျိုး ကိုယ်ကလွဲရင် (ကစားသမား၊ ဒိုင်၊ သူဌေးနဲ့ သတင်းထောက်)ဘယ်ကောင်မှ စောက်သုံးမကျဘူးလို့ ပြောနေရင်း မီးခိုးဘ၀ ရောက်သွားကြသည်.. ..ဘာညာ လျှောက်ရေးမည်။ ခေါင်းတိုင်ဝမှ မီးခိုးတွေလွင့်နေဆဲမှာပင် လူအုပ်ကြီးက ကားပေါ်ပြန်တက်ကြသည်။ သူလည်း လူအုပ်နောက်က ခပ်သုတ်သုတ်လိုက်ပါသွားသည်။ ပြတင်းပေါက်နားမှာ နေရာပြန်ရဦးမည်လား မသေချာတော့။
ကားပေါ်ရောက်ပြီး မကြာခင် ကားဘီးစလှိမ့်တော့သည်။ တစ်စုံတစ်ခုကို သတိရသွားသဖြင့် သူ့အိပ်ကပ်ကို သူစမ်းမိသွားသည်။ သူ့အိပ်ကပ်ထဲတွင် သတင်းစာဖြတ်ပိုင်းတစ်ခုရှိနေသည်။ ထို့နောက် စိတ်ပြောင်းသွားပြီး လက်ကို ပြန်ချထားလိုက်သည်။ ဟုတ်သည်..သူ့အနေဖြင့် ယခင်အကြိမ်များစွာကဲ့သို့ပင် ထိုသူ၏အမည်ကို သိရန်မလိုအပ်ဟု ပြန်လည်သတိပြုမိသွားခြင်းကြောင့်ဖြစ်သည်။
ခွင့်မဲ့ပျက်ကွက်ခြင်း
September 27, 2010 by Kanyan
…ကားဒရိုင်ဘာအနေဖြင့် သီချင်းတစ်ပုဒ်တစ်လေ ဖွင့်လျှင် ကောင်းမည်ဟုပင် သူအတွေးပေါက်မိသည်။ စိတ်ထဲမှာပေါ်လာသော အတွေးကို နောက်ထပ်စိတ်ထဲမှာပေါ်လာသော အတွေးက ပြုံးမိသည်။ ဒီလိုဘတ်စ်ကားပေါ်မှာ သီချင်းသံသာ ထွက်ပေါ်လာခဲ့ရင်…
အေးဗျ အမှန်မှာ ဒီလိုကားတွေမှာ သီချင်းတွေဖွင့်သင့်တယ်၊ အိုဗျာ သီချင်းတွေတောင် သံပြိုင်ဆိုသင့်တယ် ဒါမှ တပျော်တပါး လိုက်ပါပို့ဆောင်ကြလေသည် ဖြစ်မှာပေါ့ဗျ။