သူ့ရှေ့က လူကူးမျဉ်းကြားကို သူငေးစိုက်ကြည့်နေသည်။ ရန်ကုန်မြို့တွင် ဤနေရာမှ သူ အကြိမ်အများဆုံး လမ်းဖြတ်ကူးခဲ့သည်။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်က သင်တန်းတက်ရန် အကြောင်းပြချက်ဖြင့် ရန်ကုန်သို့ သူရောက်ရှိလာခဲ့သည်။ ထိုအချိန်မှစ၍ ရန်ကုန်သို့ရောက်တိုင်း သို့မဟုတ် ရန်ကုန်တွင်နေထိုင်စဉ်အတွင်း ဆူးလေနှင့် ပန်းဆိုးတန်းကို ကူးချည်သန်းချည်လုပ်ရန် အကြောင်းတစ်စုံတစ်ရာတော့ သူ့တွင် ရှိနေခဲ့စမြဲ။
ယနေ့လည်း ပန်းဆိုးတန်းဘက်တွင် စာအုပ်တစ်အုပ်လိုက်ရှာပြီးနောက် ဘုရင့်ရုံအောက်တွင် ဒီဗွီဒီခွေအနည်းငယ်ဝယ်ရန် ဆူးလေဘက်သို့ တက်လာခဲ့ခြင်းဖြစ်သည်။ ထုံးစံအတိုင်း ကြေးနန်းရုံးရှေ့မှ ဖြတ်လျှောက်သည်။ ထို့နောက် ဧမာနွေလကျောင်းရှေ့မှ မဟာဗန္ဓုလလမ်းကို ဖြတ်ကူးကာ ဘားလမ်းထဲသို့ဝင်မည်။ များမကြာမီနှစ်များအထိ ဧမာနွေလကျောင်းရှေ့ရှိ သစ်ပင်များဘေးမှ အုတ်ခုံပေါ်တွင် သူထိုင်လေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် ငွေကြေးအရောင်းအ၀ယ်လုပ်သူများဖြင့် ရှုပ်ယှက်ခတ်နေသော ထိုနေရာတွင် ထိုင်ရန် စိတ်ကူးကို သူစွန့်လွှတ်ခဲ့သည်။
ရန်ကုန်သို့ ပထမဆုံးအကြိမ်လာရောက်ခဲ့သည့်ကာလကတော့ ထိုနေရာတွင် ယခုကဲ့သို့ လူများရှုပ်ထွေးခြင်းမရှိသေး။ တခါတရံ ဧမာနွေလကျောင်းရှေ့တွင် မထိုင်ဘဲ ဘားလမ်းကိုဖြတ်ကာ ပန်းခြံထဲတွင် သွားထိုင်လေ့ရှိသည်။ ထိုစဉ်က၀င်ကြေးငါးကျပ်တစ်ဆယ်သာရှိသည်ဟုသူထင်သည်။ ညနေဘက်ဆိုလျှင်တော့ ဘားလမ်းထဲမ၀င်ဘဲ ခန်းမရှေ့မှ ဖြတ်လျှောက်ကာ ဒေါ်ရိပ်ကြီးဆိုင်ဘက်သို့ သူခြေဦးလှည့်တတ်သည်။ ညနေဘက်ဆိုလျှင် ကားပေါ်တက်ရန် တန်းစီစောင့်ဆိုင်းနေသော လူတန်းရှည်ကြီးကို တွေ့ရတတ်သည်။ ညပိုင်းဆိုလျှင်တော့ ဆူးလေဘုရားဘက်သို့ ကူးဖြစ်သည်။ ထိုစဉ်ကတော့ ရုံးဖွင့်ရက်တိုင်း ဆူးလေဘုရားသို့ ရောက်ဖြစ်သည်။
ဆူးလေဘုရားတွင် စပယ်ပန်းဝယ်ကာ ပန်းဆိုးတန်းဘက်သို့ ပြန်လျှောက်လေ့ရှိသည်။ ညခုနာရီကျော်ခန့်ဆိုလျှင်ပင် ပန်းဆိုးတန်းသည် တိတ်ဆိတ်ခြောက်ကပ်နေခဲ့ပြီ ဖြစ်သည်။ ဟိုက်ကုတ်ကို မျက်နှာမူထားသော ပလက်ဖောင်းတစ်ဘက်တွင် လက်ဘက်ရည်သောက်မည်။ ထိုမှတဆင့် လွစ္စလမ်း အောက်ဘလောက်ဆီသို့။
ဧမာနွေလကျောင်းရှေ့မှ လမ်းဖြတ်ကူးခဲ့ရသော အကြောင်းအရင်းများစွာအနက် ဂျူးဂျူးအတွက် စံပယ်ပန်းဝယ်ပေးရခြင်းသည်လည်း အကြောင်းအရင်းတစ်ခုဖြစ်ခဲ့သည်။ ဂျူးဂျူးက သူတက်ခဲ့သော ကွန်ပျူတာသင်တန်းမှ သင်တန်းဆရာမဖြစ်သည်။ ဆရာမဆိုပေမယ့် အသက်က သူ့ထက်ပင်ငယ်ဦးမည်။ သင်တန်းနှစ်ခုလောက်တက်လိုက်လျှင် လက်ထောက်ဆရာမဖြစ်ပြီပဲ။
သင်တန်းနောက်ကျတတ်ခြင်းက ဂျူးဂျူးနှင့် သူ့ကို နီးစပ်အောင် ဖန်တီးခဲ့သည်။ မမီသော စာများကို ရှင်းပြရန် ဆရာက လက်ထောက်များကို တာဝန်ပေးသည်။ ကတ်သီးကပ်သတ်မေးခွန်းများ မေးတတ်သော သူ့ကို ကိုင်တွယ်ရန် ကျန်လက်ထောက်များက ဂျူးဂျူးကိုလွှဲချသည်။
သင်တန်းကာလနှစ်လသည် သူနှင့် ဂျူးဂျူးကို အတွဲဘ၀သို့ ပို့ဆောင်ရန် လုံလောက်ခဲ့သည်။ ရည်းစားဘ၀ရောက်သည်နှင့် ထုံးစံအတိုင်း အကြိုတော်ထောက်ရတော့သည်။ ညရှစ်နာရီဆိုလျှင် ဂျူးဂျူးအလုပ်သိမ်းသည်။ အပိုတာဝန်တစ်ခုက စပယ်ပန်းကြိုက်တတ်သော ဂျူးဂျူးအတွက် ရက်ခြားဆိုသလို ပန်းဆက်ရခြင်းပင်။
တနင်္ဂနွေနေ့သည် သူတို့အတွက် စပယ်ရှယ်ဒေးဖြစ်သည်။ လည်မည်၊ စားမည်၊ ရုပ်ရှင်ကြည့်မည်။ တနင်္ဂနွေတစ်ရက်တွင်တော့ ဂျူးဂျူးကသူ့ကို အိမ်ကခိုင်းလိုက်လို့..လိုက်ခဲ့ပါဟု ဆိုလာသည်။ သူတို့နှစ်ယောက် ရန်ကင်းဘက်က တိုက်ခန်းတစ်ခုသို့ရောက်သွားသည်။ အခန်းထဲဝင်လိုက်သည်နှင့် သူမှင်သက်မိသွားသည်။ တိုက်ခန်းမှာ ဟောလ်တိုက်ဟု ခေါ်သည်ခန်းမကျယ်ပုံစံမျိုးဖြစ်ပြီး ကော်ဇောတစ်မျိုးခင်းထားသည်။ ထူးဆန်းသည်ကတော့ အခန်းတစ်ခန်းလုံးတွင် ဘာပရိဘောဂ၊ ဘာပစ္စည်းမှ မရှိဘဲ စန္ဒယားတစ်လုံးသာ ရှိခြင်းဖြစ်သည်။ အခြားအိမ်ထောင်ပစ္စည်းဆို၍ မီးဖိုခန်းမှ မီးဖိုနှင့် ရေခဲသေတ္တာကိုသာ ညွှန်ပြစရာရှိသည်။ ဒီအခန်းက သူ့အစ်ကိုရဲ့အခန်းလို့ ဂျူးဂျူးကပြောသည်။ အတိအကျပြောရလျှင် သူ့အစ်ကိုစန္ဒယားတီးသည့်အခန်းဟု ဆိုရမည်။ ယခုသူ့အစ်ကိုက နိုင်ငံခြားမှာ။ ဂျူးဂျူးက ဒီအခန်းကို ရံဖန်ရံခါဆိုသလို လာကြည့်ပေးရသည်။
နောက်ပိုင်းတော့ သူတို့နှစ်ယောက် ထိုအခန်းသို့ တနင်္ဂနွေနေ့တိုင်း ရောက်ဖြစ်ကြသည်။ စားစရာလေးဘာလေးဝယ်ကာ ချက်ပြုတ်စားကြသည်။ ညနေစောင်းမှ အခန်းက ခွာဖြစ်ကြသည်။ တခြားဘာပဲလုပ်လုပ် သူတို့လုံးဝမလုပ်ဖြစ်တာကတော့ စန္ဒယားကြီးကို တီးကြည့်ခြင်းပင်။ တခါတရံ ဂျူးဂျူးက ချက်ပြုတ်နေစဉ်တွင် သူက စန္ဒယားကြီးကို စိုက်ကြည့်နေတတ်သည်။ စန္ဒယားမှာ Steinway & Sons တံဆိပ်ဖြစ်သည်ကို သူယခုထိ မှတ်မိနေသည်။ စန္ဒယားကို အခန်း၏ အလယ်တည့်တည့်တွင် နေရာချထားခြင်းဖြစ်သည်။ တခန်းလုံးတွင် ထိုင်စရာခုံဟူ၍ စန္ဒယားတီးသည့်ခုံသာရှိသဖြင့် ထိုခုံပေါ်တွင်ထိုင်မိသည်။ ဆယ်ခါ့တစ်ခါဆိုသလိုတော့ အဖုံးကို ဖွင့်ကာ ဖြူဖွေးသော ခလုတ်များကို ကြည့်မိသည်။ သူမှတ်မိသလောက်တော့ စန္ဒယား၏ ခလုတ်များကို သူထိတွေ့ခဲ့ခြင်း မရှိပါ။
ဤအခန်းကျယ်ကြီးအတွင်း တစ်ယောက်ထည်းထိုင်၍ စန္ဒယားတီးနေမည့် ပုဂ္ဂိုလ်ကို သူ့မြင်ယောင်ကြည့်မိသည်။ တီးခတ်နေစဉ် စန္ဒယားကိုယ်ထည်ပေါ်တွင် ၀ီစကီခွက်များ တင်ထားလေမလား။ သူနှင့်အတူ လိုက်ပါလာမည့် အဖော်တစ်ယောက်ယောက်လည်း ရှိနေနိုင်သည်။ ထိုအဖော်ကတော့ အနားမှာ မတ်တပ်ရပ်လျှင်ရပ်၊ မရပ်ချင်လျှင် ကော်ဇော်ပေါ်လှဲနေရုံသာ ရှိသည်။ အခန်းတစ်ခန်းဝယ်ပြီး စန္ဒယားတစ်လုံးထဲ ထားသော ပုဂ္ဂိုလ်ကြီးတွင် အဖော်မရှိဖို့က များသည်ဟု သူ့ဟာသူ ပြန်ကောက်ချက်ဆွဲလိုက်သည်။
စန္ဒယားပေါ်တွင် ဂျူးဂျူး၏ အရိပ်ထင်လာသည်။
အချိန်များ ကုန်ဆုံးသွားသည်။
သူနယ်သို့ ပြန်သွားရန် အကြောင်းတစ်ခု ပေါ်လာသည်။ ဂျူးဂျူးကိုပင် နှုတ်မဆက်ဖြစ်ခဲ့ပဲ နယ်သို့ ပြန်ခဲ့သည်။ တစ်ဖန် မြန်မာပြည်အလယ်ပိုင်းမြို့တစ်မြို့တွင် ခေတ္တသွားရောက်နေထိုင်ရန် အကြောင်းဖန်လာပြန်သည်။ ထိုမြို့မှာ နှစ်နှစ်ခန့်ကြာသွားသည်။ ရန်ကုန်ရောက်သော်လည်း ဂျူးဂျူးဆီသို့ မရောက်ဖြစ်တော့။ မှတ်မှတ်ရရ ဂျူးဂျူးဆီမှာလည်း သူ့ကိုဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ် တစ်စုံတစ်ရာမရှိခဲ့ပေ။ ထိုအချိန်က မြန်မာပြည်မှာ အင်တာနက်လည်းမရှိသဖြင့် အီးမေးသုံး၍လည်း မရသေး။
အဖြစ်အပျက်များစွာက ဒစ်စကာဗာရီချန်နယ်တွင် ပြသသည့် တိမ်တွေရွေ့သလို လျင်မြန်စွာဖြစ်ပျက်ခဲ့သည်ဟု ထင်ရသည်။ သူ့အတွက်တော့ အဲ့ဒီတိမ်တွေကြားမှာ စန္ဒယားတစ်လုံး မျောပါနေတာ တွေ့ကောင်း တွေ့နေရဦးမည် ဖြစ်သည်။
စန္ဒယား
September 29, 2010 by Kanyan
Leave a Reply