၁။
တာချီလိတ်လေဆိပ်ကို မနက် ၁၁နာရီလောက်ရောက်တယ်။ အကောက်ခွန်ဖြတ်တာ နာရီဝက်လောက်စောင့်ပြီး လာကြိုနေတဲ့ ဗင်နဲ့ ကျိုင်းတုံကို ထွက်ခဲ့တယ်။ တာလေရောက်တော့ နေ့လယ်စာစားကြတယ်။ ရာသီဥတုက မအေးပေမယ့် အပူဓာတ်လည်း လုံးဝမရှိဘူး။ ဒါနဲ့ ကျွန်တော်နဲ့ ကိုခင်မောင်လည်း တခုခုသောက်ရအောင်လို့ တိုင်ပင်ကြတယ်။ ဗင်ဆရာကြီးက ဆာအက်ဒွပ် မဆိုးဘူးလို့ပြောတယ်။ ဟိုက်နဲ့ယှဉ်ရင်ဘယ်လိုနေလဲလို့ ပြန်မေးကြည့်တော့ ဟာပိုကောင်းတာပေါ့ဆရာရဲ့။ ဟိုက်က အတုတွေများပါတယ်လို့ ပြန်ပြောတယ်။ ဆာအက်ဒွပ်နှစ်ပက်စီလောက် အကုန်မှာ ချဉ်စပ်ကျော်ရောက်လာတယ်။ နောက်တခြားဟင်းတွေ ထပ်ရောက်လာတယ်။ ဟင်းတွေထဲမှာ ရှောက်ရွက်တွေပါတာတော့ သတိထားမိတယ်။ ကျွန်တော်က ရှောက်ရွက်မကြိုက်ပဲကိုး။ ဆောစ့်လိုဟာမျိုးလေးတွေ လာချပေးလို့ ကြည့်လိုက်တော့ ခရမ်းချဉ်သီး ပန်ထွေဖျော်ဆန်ဆန်ပဲ။ ကြက်သွန်ဖြူရယ်၊ ပဲပုတ်ရယ် ဆော့စ်ထဲမှာ ပါတယ်။
စားပြီးသောက်ပြီးတော့ ခရီးပြန်စတယ်။ ကားဆရာက ခပ်ဖြေးဖြေးပဲ။ လမ်းက ကုမ္ပဏီလမ်းဆိုတော့ တော်တော်ကောင်းတယ်။ လမ်းခတော့ ဈေးကြီးတာပေါ့။ ကားဆရာကို မေးကြည့်တော့ တစ်ကြောင်းကို ဗင်ဆို ရှစ်ထောင်လောက်ကျတယ်လို့ ပြောတယ်။ ကားလမ်းနေရာတော်တော်များများမှာ ဘေးက ချောင်းတစ်ချောင်း အပြိုင်စီးနေတာတွေ့ရတယ်။ ရှမ်းနာမည်ရှိပေမယ့် မသိရဘူး။ တာလေနားနီးရင်တာလေချောင်း ကျိုင်းတုံနားနီးရင် ကျိုင်းတုံချောင်းလို့ ခေါ်ကြတာပဲဆိုတဲ့ အဖြေပဲရတယ်။ လမ်းတလျှောက်လုံး တစ်ဘက်က ချောင်းရေထိုးတာ၊ တစ်ဘက်က တောင်ပြိုတာတွေကြောင့် ပျက်စီးတဲ့နေရာတွေ တွေ့ရတယ်။ တချို့နေရာမှာ ချောင်းရေထိုးတာခံနိုင်အောင် နံရံတွေအခိုင်အခန့် ဆောက်ထားတယ်။ ချောင်းရေက နီရဲနေတယ်။ မိုးရွာထားလို့တဲ့။ ချောင်းထဲမှာ ကျောက်တုံးတွေအများကြီးတွေ့ရတာလည်း မြေပြန့်နဲ့ မတူတဲ့အချက်ပဲ။
မိုင် တစ်ရာ့နှစ်ဆယ်ရှိတဲ့ ဒီတာချီလိတ်-ကျိုင်းတုံလမ်းကို အရင်က တစ်လသွားရတယ်လို့ ဗင်ဆရာက ပြောတယ်။ သူက ၁၉၈၀ကျော်ကတည်းက ဒီလမ်းမှာ မောင်းလာတာ။ သူပုန်နဲ့ နှစ်ခါဆုံဘူးတယ်။ ဆောက်လုပ်ရေးက လမ်းမပြင်ဘဲ လမ်းဆိုးလို့ ပျက်ကုန်တဲ့ကားတွေကို ကရိန်းဆွဲစားတာ သူဌေးဖြစ်ကုန်တဲ့အကြောင်း၊ ကပက ကားဆရာကြီးတွေကို ရှမ်းမငယ်ငယ်လေးတွေကယူ ပင်စင်စားတဲ့အချိန်ကြတော့ ရှမ်းမလေးတွေက ပစ်ထားခဲ့တဲ့အကြောင်းတွေ ပြောပြတယ်။ ကျိုင်းတုံကို ညနေသုံးနာရီလောက်ရောက်သွားတယ်။ တည်းတဲ့ ဘန်ဂလိုမှာ အထုပ်အပိုးတွေချပြီး ကျွန်တော်နဲ့ ကိုအောင်ဌေးနှစ်ယောက် လက်ဘက်ရည်ဆိုင်လိုက်ရှာပြီး လက်ဘက်ရည်သောက်ကြတယ်။ ပလာတာမှာစားတော့ ဆီနည်းလို့ ခြောက်တောက်တောက်ဖြစ်နေတယ်။ မြို့ထဲကလမ်းတွေ အတက်အဆင်းများတာ သတိပြုမိတယ်။
ညဦးပိုင်းလောက်ကျတော့ ကျိုင်းတုံက မြို့ခံတွေဖြစ်တဲ့ ကိုဇော်မြင့်တို့ ၊ ကိုစိုင်းတို့ ရောက်လာပြီး “အောင်ခိုင်”ဆိုတဲ့ ဆိုင်မှာ ထမင်းသွားစားကြတယ်။ အရက်တော့အရက်ဆိုင်ပဲ အမြည်းတွေကတော့ သိပ်မထူးဘူး။ အရက်ကတော့ ထူးတယ်။ “စပါး”လို့ခေါ်တဲ့ ဒေသချက်အရက်ကို ဒီမှာသိပ်သောက်ကြတယ်။ စပါးနဲ့ချက်တာမို့ စပါးခွံကဓာတ်တွေလားမသိဘူး။ ပူရှရှဖြစ်နေတယ်။ ဘီယာဆိုရင်တော့ ပုလင်းစိမ်းနဲ့ တရုတ်ဘီယာအသောက်များကြတယ်။ ၀ိုင်လည်းတော်တော်စုံတယ်။ မက်မန်း၊ စတော်ဘယ်ရီ၊ ချယ်ရီ။ စတောဘယ်ရီ၊ချယ်ရီရောရင်..ဆိုတဲ့သီချင်းဆရာ ဒီဘက်ကို ရောက်ခဲ့ပုံရတယ်။ ဖုန်းကတော့ ရန်ကုန်ခေါ်တစ်မိနစ်တစ်ရာပဲ။ ပြီးတော့ ဆရာစိုင်းတို့နဲ့ ကေတီဗွီရောက်သွားတယ်။ ရှမ်းမလေး သုံးယောက်လာတယ်။ ဘုရားစူးရှမ်းမတွေနဲ့တူပါရဲ့။ တော်တော်ပုံမလာဘူး။ ဘန်ဂလိုမပြန်ခင် နောင်တုံကန်ကို ဆိုင်ကယ်ပတ်စီးကြသေးတယ်။ ပတ်သာပတ်တာ မှောင်မဲနေလို့ ဘာမှတော့ မမြင်ရဘူး။ ပြန်ရောက်တော့ ဗိုက်ကထပ်ဆာနေပေမယ့် ကျိတ်မှိတ်ပြီးအိပ်လိုက်တယ်။
ပုံပြောနေတယ်။ ပုံလဲ မပါဘူး။။
ဘလော့လုပ်တာ တစ်နှစ်ကြာ…
ပုံမထည့်တတ်သေးပါဗျာ…
travellogue တွေ သဘောကျပါတယ်.. ပုံတင်တတ်ပီဆိုရင် travellogue တွေမှာ ပုံလေးပါ ထည့်ပေးပါ..