၁။
မီးခေါင်းကို စက္ကန့်အတန်ကြာ သူငေးကြည့်နေမိသည်။ မီးခေါင်းတွင် မီးလုံးရှိမနေ။ မိန်းမဘက်သို့ သူလှည့်ကြည့်လိုက်သည်။ မိန်းမကလည်းသူကို ပြန်ကြည့်နေသည်။ ဘယ်လိုဖြစ်တာလဲ သူ့နှုတ်မှ အသံထွက်လာသည်။ မိန်းမကလည်း သူ့ကို မေးခွန်ပြန်ထုတ်သည်။ နောက်ဆုံးတော့ ဒီမီးခေါင်းမှာ မီးလုံးမရှိတော့သည့် အကြောင်းရင်းကို ရှာမတွေ့။ ဒီအိမ်မှာ နေတာ သူနဲ့ သူ့မိန်းမနှစ်ယောက်တည်း။ သူတို့နှစ်ယောက်မဖြုတ်ဘဲ ဒီမီးလုံးက ဘယ်ကို ရောက်သွားသလဲ။ မီးလုံးကို မနေ့ညက ထွန်းသေးသည်။ တခြားတစ်ယောက်ယောက် ဖြုတ်ရအောင် ဒီနေ့အိမ်ကို ဘယ်သူမှမလာ။ သူခိုးယိုးစွပ်ရအောင်ကလည်း တခြားဘာတစ်ခုမျှ အရာမယွင်း။ သူတို့နှစ်ယောက်လည်း မီးလုံးမရှိတာ အခုမီးထွန်းမှပဲ သတိပြုမိကြတာဖြစ်သည်။
အဖြေရှာမရတဲ့ ပုစ္ဆာမှာ ပေးချက်တစ်ခုတော့လိုနေသေးသည်။ အဲဒါကတော့ သူတို့အိမ်မှာ ခိုင်းဖို့ခေါ်ထားတဲ့ ကုလားမလေးပဲ ဖြစ်သည်။ ကုလားမလေးပဲ ဖြုတ်လိုက်သလား။ ဒါမှမဟုတ် မီးလုံးက မီးခေါင်းကနေများ ကျွတ်ကျပြီးကွဲသွားလို့ ကုလားမလေး သိမ်းဆည်းလိုက်သလား။ မီးခေါင်းအောက်တည့်တည့်နေရာကို ဓာတ်မီးနဲ့ထိုးကြည့်တော့လည်း ဘာအစအနမှ မတွေ့သည့်အပြင် ဖုန်တက်နေသည်ကိုပင် အရာမယွင်းတွေ့ရသည်။ ကုလားမလေးက ဒီမီးလုံးကို ဖြုတ်စရာ အကြောင်းကတော့ ဘာမှ မရှိ။ အကြောင်းမရှိရသည့်အထဲ ဖြုတ်ခဲ့လျှင်လည်း သူ့မိန်းမကိုတော့ အသိပေးရမည်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ဘာတွေညာတွေ ရှောက်တွေးနေလို့မဖြစ်။ မနက်ကျလို့ ကုလားမလေးလာမှ မေးကြည့်ရမည်။
၂။
ယခုလောလောဆယ်တော့ ဖတ်လက်စ စာအုပ်ကို ပြန်ကောက်ကိုင်လိုက်သည်။ ခင်မောင်ရင်၏ “နောက်ဆုံးတော့ ကျွန်တော်တစ်ယောက်တည်း ကျန်နေမှာပဲ”ကို သူဖတ်နေ၏။ အခန်း (၂၀)အထိ ဖတ်ပြီးချိန်တွင် သည်စာအုပ်ကတော့ သူ့ကို လွှမ်းမိုးမှုတစ်စုံတစ်ရာ ရှိမည့် စာအုပ်ပဲဟု သူသိလိုက်သည်။ သူ့တသက်တွင် စာအုပ်ပေါင်းများစွာ ဖတ်ခဲ့သော်လည်း သူ့ကို တကယ်တမ်း လွှမ်းမိုးမှုရှိခဲ့သည့် စာအုပ်နှစ်အုပ်သာ ရှိခဲ့သည်။ ပထမတစ်အုပ်မှာ သူကိုးတန်းကျောင်းသားအရွယ်က ဖတ်ရှုခဲ့သည့် ထင်လင်းဘာသာပြန်သော စည်းအပြင်ကလူဖြစ်ပြီး ဒုတိယတစ်အုပ်မှာ သူအသက်နှစ်ဆယ်အရွယ်က ဖတ်ရှုခဲ့သည့် မြသန်းတင့်ဘာသာပြန်သော လေလွင့်သူဖြစ်သည်။
ခင်မောင်ရင်၏ စာအုပ်ကို မကိုင်ခင် မနက်က Alice Munro ၏ Too Much Happiness ကို ဖတ်ဖို့ ကြိုးစားခဲ့သည်။ Munro၏ လက်ရာထဲမှာ သူပျော်ဝင်လို့မရ။ ၂၀၀၉ ဘွတ်ကာဆုရ စာအုပ်ဆိုသည့် အရှိန်ဖြင့် ဖြစ်ညှစ်ဖတ်ဖို့ ကြိုးစားသော်လည်း မရ။ တကယ်တမ်းက အရင်ကတည်းက Munro လက်ရာကို သိပ်မကြိုက်ခဲ့ရာ အခု ဘွတ်ကာရလို့ နည်းနည်းရှိန်သွားပြီး ထပ်ကြိုးစားကြည့်ခြင်းဖြစ်သည်။ Munro မတိုင်ခင် သူဖတ်ဖြစ်သော Yiyun Li ကျတော့ ဒီလိုမဟုတ်။ ၀တ္ထုတိုတစ်ပုဒ် ဖတ်ဘူးကတည်းက အတော်သဘောကျသွားခဲ့သည်။ ဒါနဲ့ သူမရဲ့ A Thousand Years of Good Prayers ကို တွေ့တော့ ချက်ချင်းကောက်ဖတ်မိခဲ့သည်။ ပထမတစ်ပုဒ်မှာ တော်တော် အဆင်ပြေသော်လည်း တဖြည်းဖြည်းနဲ့ Li ရဲ့ ဖော်မြူလာကို သူမြင်လာသည်။ ဆာလောင်နေသော မိန်းမများ ခပ်ထူထူ+ နိုင်ငံရေး နောက်ခံ ခပ်ပါးပါး…။ သုံးပုဒ်နဲ့ Li ရဲ့စာအုပ်ကို ပိတ်လိုက်ရသည်။ တကယ်တမ်းက ပုံမလာတဲ့ ဆရာဝန်စာရေးဆရာမတစ်ယောက်ဆီက သူ ဒီထက်ပိုပြီး မမျှော်လင့်ခဲ့သင့်ပေ။ Li စာအုပ်ပြီးတော့ ကြားထဲမှာ The Aims of Argument ဆိုတဲ့စာအုပ်ကို ခပ်မြန်မြန် ဖတ်လိုက်သေးသည်။ စာဖတ်တဲ့အခါ rhetorical context ကို ကြည့်ရမယ် ဘာညာ..ပေါ့။ အဓိကကတော့ argument လုပ်တဲ့အခါ သုံးဖို့ Toulemin Model ဆိုတာကို ဆွေးနွေးထားသည်။ အဲဒီစာအုပ်ကိုင်ပြီး ထိုင်နေတုံး အသိတစ်ယောက်က ခင်ဗျား စာတော်တော်ဖတ်တယ်နော်လို့ လေယူလေသိမ်းနဲ့ မေးတာခံလိုက်ရသေးသည်။ ပိုဆိုးတာက ထိုသူကို ကျွန်တော် ကြိုက်လိုဖတ်တာပါလို့ ပြန်ဖြေမိတာပဲဖြစ်သည်။ ထိုသူက သူ့လက်ထက်က စာအုပ်ကို ဆွဲကြည့်ပြီး ဟား..ဒါဆို ခင်ဗျား ငြင်းဖို့ ခုံဖို့ ၀ါသနာပါတာပေါ့ဟု ထပ်ဆင့်မှတ်ချက်ချပြန်သည်။
၃။
တံခါးဖွင့်သံကြားရသည်။
ကုလားမလေး အိမ်ထဲပင်မ၀င်ရသေးခင် သူ့မိန်းမက လှမ်းမေးသည်။
“ဟဲ့..သန်းသန်းရီ..နင် မနေ့က ဘုရားစင်က မီးသီးဖြုတ်လိုက်သေးလား”
ဒါလေးတော့ သဘောကျသဗျာ။
ဒါနဲ့ “လေလွင့်သူ” ကို ကျတော်လည်း သတိတယရှိပါကြောင်း..