ညဥ့်နက်ထဲ သူ့မိန်းမက သူ(သူ့မိန်းမ)သူ့မိန်းမစားဖို့ ၀ယ်ထားသော ကွတ်ကီးဖြူဖြူလေးများကို တစ်ခုပီးတစ်ခု ယူစားနေရင်း ဒီစာကြောင်းတွေကို ရေးနေမိသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်ကလည်း သူ့အတွင်းကလီစာများထဲမှ သွေးများ ယိုစိမ့်ထွက်ခဲ့သည်။ ထိုသွေးစက်များက သူ့မိန်းမနှင့်ဖြစ်စေ၊ သူ့ကလေးငယ်လေးနှင့်ဖြစ်စေ အတူနေထိုင်ရန် အချိန်များ သူ့အတွက် များစွာ သိပ်မကျန်တော့ကြောင်း သတိပေးခဲ့ကြသည်။ ထိုအချိန်မတိုင်ခင်ကတော့ သူ့မိသားစုနှင့် အတူနေထိုင်ရန် အချိန်များကို သူရေတွက်ကြည့်ခဲ့ဘူးဖူးခြင်းမရှိပေ။
အသက်နှစ်ဆယ်ဝန်းကျင်ကစလို့ လူဖြစ်ရတဲ့အဓိပ္ပါယ်ကို ရှာမတွေ့နိုင်ဖြစ်နေခဲ့တဲ့ သူ့အတွက် မိသားစုဆိုတာကလည်း တံလျှပ်တစ်ခုမျှပင်ဖြစ်မလာခဲ့။ ဒီလိုနဲ့ အချက်ပေးခေါင်းလောင်းသံ မြည်ဟည်းလာတော့ သူလည်း ခါးကိုနည်းနည်းပြင်ထိုင်ပြီး ပတ်ဝန်းကျင်ကို တခေါက်ပြန်စူးစမ်းကြည့်ခဲ့ရသည်။
ကံအားလျော်စွာပင် မေးခွန်းတွေကို စိတ်ကူးထဲက ကျောက်သင်ပုန်းပေါ်ချရေးကြည့်နေတုံး ပင်လယ်ကမ်းစပ်ရွာလေးတစ်ရွာသို့ သွားရောက်ရန် အကြောင်းဖန်လာခဲ့သည်။
ဘ၀ဆိုတာ ပိုက်ဆံမရှိတော့လည်း ပိုက်ဆံရှာရတာပဲ။ ပိုက်ဆံတွေရှိလာတော့လည်း နောက်ထပ်ပိုက်ဆံရှာရတာပဲ။ တခုမဟုတ် တခုတော့ မရပ်မနားပေါ့။ ရပ်နားလိုက်တဲ့သူဟာ စက်ဝိုင်းရဲ့အပြင်ဘက်ကို ရောက်သွားတော့တာပဲ။ အရှေ့မှာ ရေးခဲ့တဲ့စာကြောင်းတွေက ပိုက်ဆံဆိုတဲ့နေရာမှာ ဂုဏ်ပကာသန၊ မိန်းမ၊ ယောကျာ်း၊ ရောဂါ အစရှိသည့် စကားလုံးများကို အစားထိုးထည့်သွင်းကြည့်လို့ရသည်။
သူလည်း ပင်လယ်ကမ်းစပ်မှာ ဒန်းဖိုက်တစ်လုံးကို ဆင်နှစ်ကောင်ပေးသောက်ရင်း မှော်ဆရာမ/နတ်သမီး/ရေသူမလေးများ အကြောင်းကို တွေးသည်။ တွေးလက်စ ဘ၀ရဲ့အကြောင်းက ငါးမုန့်ကြော်အိတ်ခွံနှင့်အတူ ပင်လယ်ထဲသို့ လွင့်ကျသွားသည်။
နောက်နေ့မနက်ကျတော့ သူနှင့်ယုတို့ ပင်လယ်ဘက်သွားသည့် လှေတစ်စီးနှင့်လိုက်ခဲ့ကြသည်။ နေရောင် သိပ်မပြင်းခင် ယုတစ်ယောက် အိပ်မောကျသွားသည်။ ယု၏ သွေးရောင်လျှမ်းနေသော ခြေဖ၀ါးကိုကြည့်ရင်း သူစက်လှေပေါင်းမိုးအပြင်သို့ ထွက်ခဲ့သည်။ လေက ဒီမှာ သန့်ရှင်းနေသည်။ သူတံတွေးများထဲတွင်လည်း သွေးမပါတော့သည်ကို သူသတိထားမိသည်။
ညနေခင်းတွင် ရွာထဲသို့ပြန်လာသည်။ နေမစောင်းခင် စေတီလေးတစ်ဆူရှိရာ ကုန်းကလေးပေါ်သို့ တက်ခဲ့သည်။ ဒီတခါတော့ သူနဲ့အတူ ခွာညိုပါလာသည်။ စေတီရှိရာ ကုန်းစောင်းလေးပေါ်မှ ပင်လယ်ထဲသို့ စီးမိုးမြင်နေရသည်။ စေတီနံဘေးတွင် အင်္ဂါချို့ယွင်းနေသော ဆင်းတုငယ်များကို စွန့်ပစ်ထားသည်။ ခွာညိုက ကုန်းကလေး၏ အောက်ဘက်ရှိ ကမ်းစပ်သို့ ဆင်းပြီး ခရုကောက်ကြရအောင်ဟု ပြောသည်။ သူက ခေါင်းကို အသာယမ်းပြလိုက်သည်။ နေလုံးက ပင်လယ်ပြင်ဆီ တဖြည်းဖြည်းချဉ်းကပ်လာပြီး နောက်တော့ လျင်မြန်စွာ ငုပ်လျှိုးသွားသည်။
ညကျတော့ ၀ါးတစ်ရိုက်လောက်အကွာက ပင်လယ်လှိုင်းသံကို နားထောင်ရင်း ပါလာသည့် ၀တ္ထုတစ်အုပ်ကို ဖတ်နေမိသည်။ ညဥ့်က တဖြည်းဖြည်းနက်လာသည်။ မန်ယူပွဲကြည့်သူတွေ ပြန်လာသည်။ မဟာဝန်ရှင်တော်မင်းကြီးနှင့် သွားတွေ့သူတွေ ပြန်လာသည်။ ဘ၀ဆိုတာ ပြက်လုံးတစ်ခုပဲ ခွာညို..မဟုတ်သေးဘူး။ ဘ၀ဆိုတာ ပြက်လုံးတစ်ခုပဲ ယုရဲ့..မရယ်ရတဲ့ပြက်လုံးပေါ့။ နောက်တော့ ဘင်အိုခရီ၏ စာသားတွေကို ရေရွတ်ရင်း သူအိပ်ပျော်သွားခဲ့သည်။