မိုးအေးအေးနဲ့ ဒီနေ့ဟာ ကမ္ဘာ့ကန္တာရများနေ့တဲ့။ မီးပွိုင့်က ဝေဇယန္တာဘက်ကို ၉၀ ပေးပြီး လေးထောင့်ကန်ဘက်ကို ၆၀ပဲပေးတယ်။ ကံကံ၏အကျိုးဆိုတာ ဒါပဲထင်ရဲ့။ ဇာတ်လမ်းလဲရှိတယ်။ ဇာတ်လမ်းရဲ့ အဖွင့်စာကြောင်းလဲရှိတယ်။ “နင့်အလှက ယောကျာ်းတစ်ယောက်အတွက်နဲ့ မလုံလောက်ဘူး”။ အဲဒါက ညီအမနှစ်ယောက် ဇာတ်လမ်းပါ။ ဘယ်တော့မှ အကျယ်တ၀င့်ဖြစ်မလဲတော့ မသိ။ လောလောဆယ်တော့ (ခြေးချွတ်ကျောက်နဲ့ အမြဲတိုက်ထားတယ်လို့နောက်မှသိရတဲ့) သူမရဲ့ ခြေမျက်စိလေး၊ ခြေဖမိုးလေးတွေကိုပဲ အရင်ပေးထားတယ်(မီးပြင်းပြင်းဖြင့်ချက်ပြုတ်လျှင်..ရှု)။ အဲနောက်တစ်ခုရှိသေးတယ်။ အဲဒါကတော့ ရွှေအမြုတေ ဇာတ်မျိုး။ ကောင်မလေး (မှတ်ရလွယ်အောင် မိုးဝတ်မှုန်ချစ်လို့ ဆိုပါစို့) က သူ့အမေကို အရမ်းကြောက်ရတယ်။ ဆယ်တန်းဖြေတော့ ဆေးမှတ်မီအောင် အတင်းလုပ်ခိုင်းတယ်။ အောင်စာရင်းထွက်လို့ ဆေးမှတ်မမီမှန်းလဲသိရော မိုးဝတ်မှုန်ချစ်ကို သူ့(ဒီနေရာမှာလဲ သူမရဲ့ သုံးရမလား သူ့ပဲသူ့ရမလား ခဏစဉ်းစားလိုက်ရတယ်) အမေက သူနာပြုလုပ်ခိုင်းတယ်။ ဘာဖြစ်လို့လဲဆိုတော ဆရာဝန်နဲ့ရအောင်တဲ့။ ဒါပေမယ့် မိုးဝတ်မှုန်ချစ်တစ်ယောက် ဆရာဝန်နဲ့မရဘဲ လူနာနဲ့ရသွားတယ်။ ဒီလောက်နဲ့ ခင်ဗျားသွားပို့ရင် အရေးအသားသင့်သော်လည်း ဇာတ်လမ်းရိုးလွန်းသည်။ ဆက်ပြီးကြိုစားစေချင်ပါသည်နဲ့ ညားသွားမှာပေါ့ဘာညာ။ ဟိုးထား။ ကံကြမ္မာ (နှစ်လုံးအတိတ်ကောက်နည်းနဲ့ဆို ၂၂၅ ကိုန၀င်းကျေတယ်)ဇာတ်ဆရာ ဒီလောက်မလွယ်ဘူး။ ၂၁ရာစုအိုဟင်နရီတွေလောက် မလွယ်ဘူး။ မိုးဝတ်မှုန်ချစ်က အဘိုးကြီးတစ်ယောက်ကို လူနာစောင့်ရင်း အဘိုးကြီးရဲ့ (ဒီနေရာမှာ သူ့လို့မရတော့ဘူး) သားနဲ့ကြိုက်တယ်။ အဘိုးကြီးက သေမှာသေချာတယ်ဆိုတော့ သူ့(ဒီသူ့ကို မှတ်မိမယ်ထင်)အမေက မိုးဝတ်မှုန်ချစ်ကို သားကို ပစ်ပီး အဖေကို ရအောင်လုံးခိုင်းတယ်။ နောက်ဆုံး မိုးဝတ်မှုန်ချစ်က သူ့အမေညွှန်ကြားချက်အတိုင်းလိုက်နာလိုက်တယ်။ အဲဒါတွေက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဖြစ်ခဲ့တာ။ တကယ်လို့ ရုပ်ရှင်ဆိုရင်တော့ အခုလို မိုးဦးကျကျောင်းဖွင့်ချိန်မှ ကျောင်းတစ်ကျောင်းရှေ့မှာ ကလေးလာပို့တဲ့ မိုးဝတ်မှုန်ချစ်ကို စပြပီးမှ ပြောခဲ့တဲ့အခန်းတွေ ပြန်သွားရမယ်။ ဘာဖြစ်လဲဆိုတော့ အဘိုးကြီးကမသေဘူး။ သေမယ်သေမယ်နဲ့ မသေဘူး။ အဘိုးကြီးသေမယ်ဆိုတော့ ယူထားလိုက်တဲ့မယားတွေ မိုးဦးကျမှိုတွေလို၊ တီဗွီက သီချင်းဆိုပြိုင်ပွဲတွေလို၊ ကိုးဆယ်ရွေးကောက်ပွဲတုံးက ပါတီတွေလို အလျှိုအလျှို ပေါ်လာကြတယ်။ အဲဒါတွေ ခွဲခြမ်းပေးလိုက်တာ တိုက်လေးနှစ်ခန်းသုံးခန်းနဲ့ ကားတစ်စီးပဲကျန်တယ်။ သူ့သားကလည်း နောက်ပိုင်းလုပ်ငန်းတွေ အဆင်ပြေလိုက်တာ စလုံးမှာ ရုံးတွေဘာတွေဖွင့် (အဘိုးကြီးလန်းခဲ့တဲ့အချိန်ထက်တောင်ပိုလန်း)ပေါ့။ မိုးဝတ်မှုန်ချစ်ကတော့ အဘိုးကြီးကိုပြုစု၊ အဘိုးကြီးနဲ့ရတဲ့ကလေးကို ကျောင်းပို့၊ ကျန်တဲ့တိုက်ခန်းတစ်ခန်းနှစ်ခန်းငှားထားတဲ့အခန်းခလေးနဲ့ ဘ၀ကို ဖြတ်သန်းနေတယ်ပေါ့။ (ဒီနေရာမှာ ကိုစောငြိမ်းရဲ့ ပွင့်ဦးလေးများ Soundtrack ထည့်ရကောင်းနိုး)။ သူ့အမေကတော့ သူ့(မိုးဝတ်မှုန်ချစ်)ဆီလာလည်တိုင်း ငိုတယ်တဲ့။ ကျွန်တော်ကတော့ ကမ္ဘာ့ကန္တရာများနေ့ပေါ် မိုးတွေတဖွဲဖွဲလွင့်ကျနေတာကို ကြည့်နေမိတယ်။
Archive for June, 2011
ကျွန်တော်က သုတစွယ်စုံဖတ်ပြီး ကြီးလာတာပါ
Posted in Prose on June 20, 2011| 2 Comments »
အပေါစားပျော်ရွှင်မှုတဲ့လား..အေး..အဲဒါတစ်ပွဲချ
Posted in Poem on June 10, 2011| Leave a Comment »
ဒီနေရာမှ မေးစရာရှိတာက ရေပွက်ပမာဆိုရင်လည်း ဘယ်လိုရေပွက်မျိုးလဲ..နှစ်မိနစ်ငြိမ်သက်ပြီး တစ်သက်စာကြုံတွေ့ခဲ့သမျှ ရေပွက်များကို ပြန်စဉ်းစားရန်..ဗွက်..ဗွက်..
မေသက်ခိုင်နှင့်အတူ မဒမ်တူးဆော့ပြတိုက်သို့..
မဆ
ဖြစ်ရပ်မှန် စ/ဆုံး
Posted in Poem on June 8, 2011| Leave a Comment »
သောကြာနေ့ညကစားထားတဲ့ မာလကာသီးဟာ တနင်္ဂနွေမနက်မှာ
Posted in Poem on June 6, 2011| Leave a Comment »
ဒါဟာ ရေးတတ်ရင် ၀တ္ထုဖြစ်တယ်ဆိုသလို မာလကာသီးတစ်လုံးရဲ့ အထုပ္ပတ္တိအဖြစ် မာလကာသီးရဲ့ပေါက်ဖွားရာရင်းမြစ် မာလကာသီးဖြတ်သန်းလာရာ ခရီးလမ်းတလျှောက်ရှိ လူမှုဘ၀ဒုက္ခစုံလင်များ မာလာကသီးရဲ့ သိပ္ပံအမည်လေးလဲ ဂူးဂဲထဲခေါက်ရှာ မာလကာသီးတလုံးကြောင့် ဒီလောက်ထိ စိတ်ဆင်းရဲမခံပါနဲ့ ရုပ်သံကြော်ညာ ရိုက်ကူး
ခြောက်လတစ်ကြိမ် အမြို့မြို့အနယ်နယ်အရပ်ရပ် အကွက်ကွက် အက်ဗန့်စ်ပိုအက်ထရီ မရေးနိုင်သော်လည်း အက်ဗန့်စ် အိပ်ဆဲတော့ တတ်ထားမှ ဖြစ်မယ်ဆိုတဲ့ ဇောနဲ့ ဆယ့်ငါးပေပဲလိုချင်တယ် ကြာသာပတေးကိုမလိုချင်ဘူး အနုပညာမဲ့ချင်မဲ့ ဘေစင်တော့ မမဲ့စေနဲ့ ကိုယ့်ကိုယ်ကိုယ် ပီပီပြင်ပြင်တင်ဆက်နိုင်ရန် ရေချိုးခန်းထဲ ကြည့်မှန်တပ်ရမည် ဖယောင်းပဆိုး နှစ်ထောင် မီးချောင်း လေးထောင့်ရှစ်ရာ ခြေသုတ်ခုံ ကိုးရာ မိုးသောက်ပန်းဆိုတာ သူ့ရဲ့ ငယ်ဘ၀ထဲ ထိုးထိုးထောင်ထောင် တေဇ နိုင်ငံတကာရေးရာစာစဉ်တို့ ဆိုတာ မိုးခြိမ်းတဲ့ ညနေခင်းထဲဝင်ရောက်ခဲ့လို့ ခုတော့ မော်တာလဲပေးရရင် မီးဖိုခုံတော ပြင်မပေးနိုင်ဘူး နောက်ခြောက်လမတိုင်ခင် ဘယ်စာအုပ်တွေ ဖတ်မလဲ မြေပြင်ကနေ ၆ x ၉ = ၅၄ ပေအမြင့်ရှိတဲ့ နေရာမှာ ပါတီးကူးလား နေ၀င်ချိန်ကိုဖြစ်ဖြစ် အစီရင်ခံစာရေးနည်း၊ ဈေးကွက်ရှာဖွေထူထောင်နည်း၊ နန်းအိအိဇာရဲ့ ယောဂလေ့ကျင့်နည်း တနည်းနည်းနဲ့ ဟိုတုံးက မဆုံမိအောင်ရှောင်ခဲ့တဲ့ မောင်/ကို/ဦးလှေကားဆိုတာ လိုက်ရှာ အထုပ်ထဲ မာလကာသီးဖတ်များနှင့် အစပ်မှုန့်များ သမသွားအောင်မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်းမွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေရင်း မွှေ..
မဆ