Feeds:
Posts
Comments

Archive for July, 2011

တဖြည်းဖြည်းနှင့် မြစ်ပြင်ကို လရောင်နှင့် တံတားပေါ်မှ မီးရောင်တို့က တ၀က်စီ သိမ်းပိုက်လိုက်သည်။ သူ့ရဲ့ ခရေပွင့်တွေလည်း ပျက်စီးကုန်ပီ။ ဘယ်လို့မှ မခံနိုင်တော့တဲ့အဆုံး ငြင်းရမလားဆိုပီး ဓားနဲ့ထိုးသတ်လိုက်ကြတယ်။ မြင်ကွင်းထဲသို့ ဈေးသင်္ဘောကြီးဝင်ရောက်လာသည်။ နဲနဲလှမ်းနေသဖြင့် သင်္ဘောပေါ်တွင် ဘာကုန်တွေပါလဲဆိုတာ မမြင်ရ။ သူပြောတဲ့ ဆယ့်ရှစ်ယောက်ဆိုတာ အိုဗာတင်းဖြစ်ချင်လည်းဖြစ်မယ်။ ဒါပေမယ့် အပွင်မတွေက မိန်းမတွေထက်တော့ အန္တရာယ်ပိုများတာ အမှန်ပဲ။ သူတို့က တပြိုင်တည်းအများဆုံး သုံးယောက်လောက်ပဲကြုံကြရတာ။ မြစ်ဝကျွန်းပေါ်ဘက်က တောင်းတွေ ပလုံးတွေပါလာတတ်တယ်။ ဒီလိုပဲတစ်နေရာကတစ်မျိုးပေါ့။ ညောင်ဦးရောက်ရင် ပုံးရည်ကြီး။ ပခုက္ကူရောက်ရင် သနပ်ခါး။ နှစ်နံစပ်လုံချည်တွေ။ မန္တလေးရောက်ရင်တော့ တရုတ်တွေပေါ့။ သူတို့ကလည်း မျှားတာပဲ။ အလန်းလေးဆိုပီလိုက်သွား။ ဟိုရောက်မှာ တအုပ်ကြီး။ ရောက်သွားမှ ငြင်းဖို့မလွယ်ဘူး။ ဖြိုရတာပဲ။ ဓားတွေ ချိန်းကြိုးတွေ မိုးထားတာ။ အဲဒီအခါမျိုးကျရင်တော့ စိတ်ထဲမှာ ကိုရီးယားမင်းသားရိန်းကိုပဲ စိတ်ကူးနေလိုက်တယ်။ ဆိုကရေးတီးပေါ့။ အကုန်လုပ်မှ တစ်အုပ်လုံးပြိုတာ။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်လည်း ဈေးသင်္ဘောတွေနဲ့ လျှောက်လိုက်ဘူးတယ်။ ကျွန်တော်တို့ကတော့ မြစ်ရိုးတလျှောက် ဈေးသင်္ဘောကြီးနဲ့ တရွာဝင်တရွာထွက် လျှောက်သွားရတာမျိုးကို စိတ်ကူးယဉ်ကြည့်နေတာ။ ဈေးသင်္ဘောပေါ်က တကယ့်ဈေးသည်တွေကတော့ ဘယ်ရောက်ရင် ဘာရောင်းပီး ဘာဝယ်လို့ ဘယ်လောက်ကျန်မလဲပဲ တွက်နေရတာ။ မြစ်ပြင်ပေါ် လရောင်ဖျာတာလည်း သိမှာမဟုတ်ဘူး။ မီးတွေလင်းထိန်နေတဲ့ တံတားကြီးအောက်က ဖြတ်သွားတာလည်း သတိပြုမိမှာ မဟုတ်ဘူး။ ဒီလိုပဲတစ်နေရာမှာ ကြာရှည်တည်မြဲလာတော့လည်း အပြောင်းအလဲ လုပ်ဖို့ကမလွယ်တော့ဘူး။ ခင်ဗျားတို့ အလုပ်ပြုတ်တော့မယ်လို့ ပြောပေမယ့် သူကတော့ ဘာမှမဖြစ်ဘူး။ သူ့မှာအတွေ့အကြုံ့ ရင့်နေတာကိုး။ ဒီဆယ်နှစ်အတွင်းမှ သုံးခါလောက်တော့ ပြောင်းခဲ့ပြီလေ။ မဟုတ်လား။ အဓိကကတော့ အိမ်ထောင်စုထဲမှာ ပိုက်ဆံရှာတဲ့လူတစ်ယောက်ပဲရှိရင်တော့ ဒုက္ခရောက်မှာပဲ။ ရုံးပတီကင်၊ ပဲပြားကင်၊ အာလူးကင်တို့ရောက်လာသည်။ ညခင်းလေးကား အေးမြစိုပြည်ခဲ့ပြီ။ ကျွန်တော့ကတော့ အချစ်နဲ့ အိမ်ထောင်ရေးကို ခွဲထားစေချင်တယ်။ အိမ်ထောင်ရေးထဲမှာ အချစ်ဟာ မရှင်သန်နိုင်တော့ရင် သူ့ကို အပြင်တစ်နေရာမှာ မွေးမြူရမှာပဲ။ မျက်လုံးလေးတွေပိတ်သွားတတ်တဲ့ သူ့အပြုံးကို ဘယ်လိုမှ မမေ့နိုင်ဘူးဖြစ်နေတယ်။ ခင်ဗျားပြောတဲ့ ဘူးသီးကို လက်သည်းနဲ့ဆိတ်ထားတဲ့ပုံလေးပေါ့။ ဟာ..ငါးကင်ပါ မှာထားတာလား။ သူများတွေကို ဒုက္ခလိုက်ပေးနေပေမယ့် ကိုယ့်ကိုကို သူတော်ကောင်းလို့ ထင်နေတာတော့ အဆိုးဆုံးပဲ။ ဒီလောက်ကြီး ဒုက္ခပေးဖို့ဆိုတာကလည်း သူငယ်ချင်းအရင်းကြီးမို့ပေါ့။ ဟဲဟဲ။ ဘေးလူကတော့ ဒီလောက်ထိကပ်လို့ရမလားဗျ။ ယိုးဒယားဟင်းချိုလေ..ဟို တစ်ယောက်စာခွက်လေးတွေနဲ့ အဲဒါ။ ဟုတ်တယ်။ ဈေးသင်္ဘောကြီးက တံတားရဲ့ ဟိုဘက် အမှောင်ရိပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

Read Full Post »

I’m Still a Virgin

အဲဒါ ဘာအရောင်လဲဟု ပန်းချီဆရာကို မေးလိုက်သည်။ မက်ဂနက်တာဗျ။ ဟာ…ကျွန်တော်သိချင်တာ မြန်မာလို ..မရမ်းစေ့ရောင်လား။ ခရမ်းနုရောင်လား။ ပန်းချီဆရာက တိတ်ဆိတ်နေသည်။ သူ/သူမမွေးဖွားကြီးပြင်းရာ တောင်ပေါ်ရွာကလေးမှ ဒီမြေလတ်မြို့ဆီ ရောက်ရှိလာသည့် ခရီးစဉ်ကို သိချင်နေမိသည်။ တဖြည်းဖြည်းနှင့် မဂနက်တာတွေက နက်မှောင်လာသည်။ သူကတော့ ပူနွေးဆဲ ညနေခင်းကို သူ့ရဲ့မှတ်ညဏ်ထဲမှာ စနစ်တကျ သိမ်းထုပ်နေမိသည်။ အဘွားအိုတစ်ယောက် ခေါင်းလောင်းကို ထိုးနှက်လိုက်သည်။ ထို့နောက်တွင်မူ ရင်ပြင်တစ်ခုလုံးကို ဆည်းလည်းသံကသာ လွှမ်းမိုးထားတော့သည်။ ကင်မရာအပါချာကို ချိန်ညိရင်း ဆည်းဆာကို မျက်နှာမူလိုက်သည်။ ရုပ်သံလွှင့်တိုင်နှစ်ခုကို မြင်နေရသည်။ ထရိုင်ပေါ့ပါမလာသဖြင့် လှေကားလက်ရမ်းပေါ်တင်ကာ ၁၉၇၄ခုနှစ်ကဆောက်လုပ်ထားခဲ့သော သံတတား ထို့နောက် တလူလူလွင့်နေသော မီးခိုးစများ ထို့နောက် ထုံးဖြူဖြူစေတီလေး။ တကယ်တမ်းတော့ သူမဟာ ချစ်စရာ မကောင်းဘူးဆိုလျှင်တောင် စွန့်ပစ်ထားခဲ့ရက်စရာလည်း မရှိဘူးမဟုတ်လား။ vulnerable သူမ။ ဒါပေမယ့် သူမ၏ နေ့ရက်များကို ခြောက်ကပ်သော အိပ်မက်များနှင့် ဖြတ်သန်းနေရသည်။ သူမမှာအားနည်းချက်ရှိသည်ဆိုလျှင် လူတွေကို ဒုက္ခမပေးတတ်သလောက် အကူအညီလည်း မပေးတတ်တာပဲ ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူမမှ တောင့်တသော ဆန္ဒတွေရှိသည်။ ဆာလောင်မှုတွေရှိနေသည်။ ဒါတွေကို ဘယ်လိုပင် ဖုံးဖိထားသောလည်း တစွန်းတစတော့ ပေါ်ထွက်နေမည်သာ ဖြစ်သည်။ ရှုခင်းသာဆိုပီး ပန်းခြံသေးသေးလေးတစ်ခုကို ခြံခတ်ထားသည်။ ရှုခင်းသာ၏ လမ်းတစ်ဘက်တွင် ဓာတ်ဆီဆိုင်ရှိသည်။ ဓာတ်ဆီဆိုင်ရှင်အမျိုးသမီးသည် ထန်းလက်ကုလားထိုင်ပေါ်တွင်ထိုင်ရင်း လမ်းမကို ငေးနေသည်။ သူ၏ zoom အတွင်း ၀င်ရောက်နေထိုင်မိသည်ကို သူမသတိပြုမိပုံမရ။ လမ်းတစ်ဘက်ရှိ တောင်ကုန်းလေးပေါ်သို့တက်သော အုတ်လှေကားလေးပေါ်သို့ တက်လာခဲ့သည်။ ရှုခင်းသာပန်းခြံလေးအတွင်း စိုက်ပျိုးထားသော သစ်ပင်များ၏ ထိပ်ဖျားနှင့် ကင်းလွတ်သောအမြင့်တစ်နေရာသို့ရောက်သည်နှင့် ကျယ်ပြန့်သော မြစ်ပြင်ရှုခင်းကို တွေ့လိုက်ရသည်။ အုတ်လှေကားထစ်များအတိုင်း ပြန်ဆင်းအလာတွင် ပန်းချီဆရာနှင့် သူမတို့ တက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့က အပေါ်ပြန်တက်လိုက်လာဖို့ ခေါ်သည်။ ခဏနေတော့ ပြန်ဆင်းလာကြသည်။ အပေါ်မှာ လူနေအိမ်တွေနဲ့ဗျ။ သူ့အတွက်တော့ အုတ်လှေကားလေးအတိုင်း တက်သွားသော တောင်ကုန်းလေးပေါ်တွင် ဘာမဆို ရှိနေနိုင်သည်ဟူသည့် ခံစားမှုက ပျောက်ပျက်မသွား။

Read Full Post »

တစ်လနှစ်လသုံးလေလေးလငါးလခြောက်လ.. တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်.. ဆယ်နှစ်နှစ်နှစ်ဆယ်နှစ်သုံးဆယ်.. လျှင်တစ်ကြိမ် ကိုယ်နဲ့သိကျွမ်းခဲ့ဘူးသူများနှင့် ပြန်လည်တွေ့ဆုံကာ ကိုယ်ရုပ်ကိုယ်ပြန်ဖမ်းရန်..အော်အင်းအင်း..လိုက်..ဒါကြောင့်မို့လဲ အော်ဇီက အုတ်ကလန်က နယူးရော့နယူဂျာစီက စိန့်ပီတာစဘတ်က ပြန်ပြန်လာတာနေမှာ..၀ီစကီပုလင်းကို ဗဟိုပြု၍ တစ်နာရီ တစ်နှစ်သုံးလေးငါး..မိုင်ထက်မနည်း တိုက်ခတ်ကာ ငါတို့ရှိတယ် ငါတို့ဆိုတာရှိတယ် အပြန်အလှန်အသိအမှတ်ပြုလက်ဆွဲနှုတ်ဆက် အကျီလက်ထဲ ပေတံဖွက်ထား မျက်လုံးကို မှေးထားသယောက်ပြုရင်း သူများရဲ့ ဖြစ်တည်မှုကို တိုက်ရိုက်သို့တဆင့်တိုင်းတာရင်း ကိုယ့်ရဲ့တည်ရှိမှုကို ကိုယ့်ဟာကိုပြန်လည်အသိအမှတ်ပြုနိုင်ရန်..

 

မဆ

Read Full Post »