Feeds:
Posts
Comments

Archive for August, 2011

“အလကားပေးတာ ယူမယ့်လူမှ မရှိတာ။ ရောင်းလိုက်ဖို့ပဲ ရှိတော့တယ်”

သူမက ငြိမ်နေလိုက်သည်။

“ခက်တာက အဖေကလည်း ပေးလိုက်ပြီးရင် ရံခါဆိုသလို သူ့မိုးသီးကို သွားကြည့်ချင်သေးတာ။ ရောင်းလိုက်ရင်တော့ အဲဒီအခွင့်အရေး ဘယ်ရတော့မလဲ”

ဇော်က ပြောရင်း သူမရဲ့အခန်းကို လိုက်ကြည့်နေသည်။ ရိုးရိုးပဲ ကြည့်တာလား။ ဒီလောက်ခန်းအကျယ်ကြီးမှာ မိုးသီး နေရာမပေးနိုင်ဘူးလားဆိုပြီး ကြည့်တာလား။ ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ အခန်းထဲမှာ တိရိစ္ဆာန်တစ်ကောင်နဲ့ အတူနေဖို့ စိတ်ကူးလို့မရနိုင်ပေ။

“ကိုယ် မှော်ဘီဘက်က အန်ကယ်တင့်ဆီ သွားကြည့်လိုက်ဦးမယ်။ မင်းလိုက်မလား”

“မလိုက်တော့ဘူး။ ငါ ဂရင်းမီးရထားမှာ ယောဂအတန်းရှိတယ်”

အခန်းထဲက ထွက်သွားသည်အထိ မိုးသီးက သူမကို အားကိုးသော မျက်လုံးအစုံဖြင့် ကြည့်နေဆဲ။ သူမအတန်းဖျက်ပြီး ဇော်နှင့် လိုက်သွားပေးရင် အကောင်းသားလို့ တွေးနေမိသည်။ မဖြစ်သေးပါဘူး။ သူမအတန်းမှာ သင်တန်းသားက သိပ်မများသေး။ တော်ကြာ ပိုင်ရှင်က နောက်တစ်တန်းအတွက် မငှားပဲနေဦးမည်။ သူမအတွက် အခုအချိန်မှာ ယောဂတန်းက ၀င်ငွေကလည်း အရေးကြီးနေသည်။ လောလောဆယ်သူမတွင် အင်္ဂလိပ်စာအတန်းက တစ်ခုသာရှိသည်။ သူမရောက်ခါစနှစ်တွေကလောက် အဆင်မပြေလှ။ ထိုစဉ်ကတော့ သူမအနေဖြင့် သံရုံးသင်တန်းတချို့ရော..အပြင်က သင်တန်းတွေမှာပါ အလုပ်တွေရခဲ့သည်။ နောက်တော့ နာဂစ်မုန်တိုင်းတိုက်သည်။ နာဂစ်တိုက်ပြီးနောက်ပိုင်း တစ်နှစ်ကျော်နှစ်နှစ်လောက်အထိကတော့ နာဂစ်နဲ့ပတ်သက်တဲ့ အလုပ်တွေ တစ်ခုပြီး လုပ်နေခဲ့ရသည်။ အစီရင်ခံစာတွေ ရေးပေးရတာ၊ စာအုပ်တွေတည်းဖြတ်ပေးရတာ၊ အကြံပေးလုပ်ရတာ။ အဲဒီတုံးကဆို ဇော်နှင့်လည်း ကတောက်ကဆ ခဏခဏ ဖြစ်ရသည်။ အလုပ်တွေရှုပ်လိုက်၊ ဇော်နှင့်ရန်ဖြစ်လိုက်၊ ဇော်နှင့်ရန်ဖြစ်ထားတုံး ဗီဇာကလည်း ကုန်တော့ တော်ပြီ..ပြန်မလာတော့ဘူးဆိုပြီး သူမရဲ့နိုင်ငံအထိ ပြန်သွားလိုက် ဖြစ်နေခဲ့သေးသည်။

နောက်တော့လည်း မနေနိုင်ပါဘူး။ ဒီမှာနေနေစဉ် မသိသာပေမဲ့ ဒီနိုင်ငံကနေထွက်သွားရင် ဇော့်ကိုပဲ သူမ သတိရနေမိသည်။ အိုင်ဗရီကို့စ်ဘက်သွားဖို့ အလုပ်တစ်ခုလျှောက်ထားတာ အင်တာဗျူးတဆင့်အောင်ပြီးမှ ဆက်မဖြေဖြစ်တော့။ သူမရဲ့ ခြေလှမ်းတွေက ဇော်နဲ့ ဝေးရာဆီသို့ လှည့်၍မရ။

နောက်ဆုံးတခေါက်လာတာကတော့ တကယ့်ကို အားတင်ပြီးလာခဲ့ရတာဖြစ်သည်။ သံရုံးက သူမကို အလုပ်ပေးသော်လည်း အတန်းတတန်းစာသာဖြစ်ပြီး လခအတော်နည်းနေသည်။ အပြင်က သင်တန်းတွေမှာကလည်း မွေးရာပါအင်္ဂလိပ်စကားပြောတတ်တာကလွဲလို့ ဘာပညာရေးအတွေ့အကြုံနောက်ခံမှ မရှိတဲ့သူတွေ အတော်များများက ဈေးကွက်ကို ဖျက်ထားကြသည်။ သူမကတော့ သူတို့ဈေးနှင့်မသင်နိုင်။ နောက်ပြီး သူတို့တွေနဲ့လည်း ရောပြီး မသင်နိုင်။ ဒီလိုနဲ့ သူမယောဂကောင်းကောင်းတတ်တာ သိထားတဲ့ သူငယ်ချင်းတစ်ယောက် ချိတ်ပေးတာနဲ့ ဂရင်းမီးရထားမှာ ယောဂဆရာမ ဖြစ်လာတာဖြစ်သည်။ အဲဒီအတန်းကလည်း အခြေအနေသိပ်အကောင်းကြီးမဟုတ်။ သင်တန်းသား သိပ်မရ။ သူမရဲ့ သင်တန်းသားတစ်ယောက်ကတော့ နေပြည်တော်မှာ သွားလုပ်ချင်ရင် ချိတ်ပေးမည်ဟု ပြောသည်။ နေရေးလည်းအဆင်ပြေ၊ လစာလည်းကောင်းစေရမည်ဟု အာမခံသည်။ တကယ်သွားလို့ ဖြစ်နိုင်မဖြစ်နိုင်တော့ မစုံစမ်းကြည့်ရသေး။

နေ့လည်စာကို အခန်းထဲမှာပဲ စားလိုက်ပြီး အပြင်ထွက်ရန်ပြင်သည်။ မြို့ထဲက ပြန်လျှင်တော့ မြေနီကုန်းစီးတီးမတ်က ပေါ်ပြူလာစာအုပ်ဆိုင်မှာ စာအုပ်ဈေးပွဲဝင်ရမည်။ ပေါ်ပြူလာက ပုံမှန်အားဖြင့် ဈေးကြီးပေမယ့် ဈေးပွဲတော်မှာတော့ တန်တန်ရာရာလေးတွေ ရချင်လည်းရနိုင်သည်။

တက္ကစီက အင်းလျားကန်ဘေးက ဖြတ်မောင်းနေတုံး မိုးဖွဲလေးတွေကျလာသည်။ သူမနေခဲ့သည့် လေးငါးနှစ်အတွင်း ရန်ကုန်မှာ မတ်လကြီး မိုးရွာခဲသည်။ အခုတော့ နှစ်ပတ်လောက်ရှိပြီ။ သုံးလေးရက်လောက် မိုးရွာလိုက်။ နေပြန်ပွင့်လာလိုက်။ ပြန်ရွာလိုက်။ ရွှေဂုံတိုင်ပွိုင့်မှာ မိနေတုံး ဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ ဇော့်ဆီက။ မိုးကပိုသည်းလာနေသဖြင့် မှန်ကို အပြည့်ပိတ်လိုက်ရသည်။ တော်သေးသည်။ ငှားလာသည့်ကားက ထူးထူးဆန်းဆန်း အဲကွန်းကောင်းနေပေလို့။ မိုးသံကြောင့်လား ဇော့်ဖုန်းက လိုင်းသိပ်မမိလို့လားမသိ။ ကောင်းကောင်းမကြားရ။ မိုးသီးကို အန်ကယ်တင့် ခြံနီးချင်းတစ်ယောက်က လက်ခံမည်တဲ့။ တစ်လတခါဆိုသလိုလည်း လာကြည့်လို့ရသည်။ အင်း..ဇော့်အဖေက နောက်ဆို ဇော့်ပဲ လွှတ်နေမှာ လို့ သူမက ပြောလိုက်သည်။ ဇော်ကရယ်လျက် အေး..နောက်တခေါက်ဒီကိုလာရရင်တော့ မင်းလဲလိုက်မှ ဖြစ်မှာ..။ ဖုန်းကျသွားသည်။

 

Advertisements

Read Full Post »

တံခါးကို ဟလိုက်သည်နှင့် ၀မ်းနည်းအားငယ်မှုတို့ အထင်းသားပေါ်လွင်နေသည့် မျက်ဝန်းအစုံကို တွေ့လိုက်ရသည်။ တံခါးတွင် ချိတ်ထားသော သံကြိုးလေးကို သူမ ဖြုတ်လိုက်သည်။

“ဒါက ဘယ်လိုဖြစ်တာလဲ”

“ဘယ်လိုဖြစ်ရမလဲ။ အဖေတို့က အိမ်ပြောင်းတော့မှာလေ..။ သူတို့ပြောင်းမဲ့ကွန်ဒိုမှာ ခွေးမွေးလို့မရဘူးတဲ့”

မိုးသီးက ဇော့်ခြေထောက်နှစ်ချောင်းကြားမှ နေ၍သူမကို စိုက်ကြည့်နေသည်။ သူကလည်း အခြေအနေကို နားလည်သဘောပေါက်နေသည့်အလားပင်။

တောင်းပန်တိုးလျှိုးနေသော မျက်ဝန်းအစုံကို မျက်နှာလွှဲလိုက်ပြီး ဇော့်ကို သူပြောလိုက်သည်။

“နိုး..နိုး၊ ဇော်..မရဘူး၊ ဒါတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

သူမ၏ ငြင်းဆိုမှုကို ကြားလိုက်ရသော်လည်း ဇော့်မျက်နှာက သိသိသာပြောင်းလဲမသွား။ ဇော့်ပုံစံက အမှတ်စစ်သည့်ဆရာမများထံ အမှတ်ဘယ်နှမှတ်အတွက် ငွေဘယ်လောက်ဆိုတာမျိုး ပေးခဲ့ပြီးဖြစ်၍ အောင်စာရင်းတကယ်ထွက်သည့်အခါ ရင်ခုန်မှုမရှိသည့် ကျောင်းသားတစ်ယောက် အသွင်ကို ဆောင်နေသည်။

မိုးသီး၏ ကျောကို သူမသပ်ပေးနေစဉ် ဇော်က မီးဖိုဆောင်ဘက်သို့ ထွက်သွားသည်။ ပြန်ထွက်လာတော့ ကော်ဖီနှစ်ခွက်ယူလာသည်။ သူမလည်း ဆံပင်များခြောက်အောင် တဘက်ဖြင့် သေချာသုတ်နေလိုက်သည်။ “စူးစူးကိုကော ဘယ်လိုလုပ်ထားသလဲ”။ စူးစူးမှာ ဇော့်တို့မွေးထားသည် နောက်ထပ်ခွေးတစ်ကောင် ဖြစ်သည်။ စူးစူးက စပင်နီယယ်ဖြစ်ပြီး မိုးသီးက အယ်ဇေးရှင်းဖြစ်သည်။

“စူးစူးက ယူမယ့်လူရှိတယ်”

“အင်း…မိုးသီးကျတော့ ဘယ်လိုဖြစ်လို့လဲ”

“အသိထဲမှာက ခြံရှိတဲ့လူက သိပ်မရှိဘူးလေ။ ကိုယ်တော့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး”

သူမ တိတ်ဆိတ်နေသည်။ ဒီစကားကို ဇော်ပြောလိုက်သည်က သူမထံမှ အကြံညဏ်လိုချင်၍ မဟုတ်ဆိုသည်ကို သူမသိပြီးသား။ ဒီလိုပဲ အကြံအိုက်စရာ ကြုံလျှင် ဇော် သူမဆီ ပြေးလာစမြဲ။ ကိုယ်တော့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူးဟု ပြောစမြဲ…။ နောက်တော့ သူ့ဖာသာသူ ဆုံးဖြတ်ချက်တစ်ခုချစမြဲ။ အစပိုင်းကတော့ သူမက ၀င်ပြီး အကြံပေးတာတွေ ဘာတွေလုပ်သေးသည်။ ရွေးစရာလမ်းနှစ်ခုရှိလျှင် သူမပြောသည်ကို မရွေးဘဲ သူထင်ရာကိုပဲ ရွေးတတ်တာမို့ နောက်တော့ သူမ ဘာမှ ၀င်မစွက်တော့။

ဇော်နှင့် သူမ ပတ်သက်ခဲ့သည်မှာ ကြာပြီ။ ချစ်သူတွေ ဖြစ်ခဲ့ကြသည်မှာလည်း ကြာပြီဖြစ်သည်။

စိတ်ကူးတွေက အတိတ်ဆီသို့ ပြန်ပြေးသွားသည်။ ၂၀၀၇ခုနှစ်က ဒီနိုင်ငံသို့ သူမ ပထမဆုံးရောက်လာပြီး တစ်ပတ်မပြည့်ခင် ဇော်နှင့် စတင်ဆုံဆည်းခဲ့သည်။ အဲဒီနေ့က အသိတစ်ယောက်က အပြင်မထွက်ဖို့ မေးပို့ထားပေမယ့် ဂျာနယ်လစ်တစ်ယောက်အဖြစ် အသက်မွေးခဲ့ဘူးသည့် သူမရဲ့ ဗီဇက တိုက်တွန်းသဖြင့် သူမအပြင်သို့ထွက်လာခဲ့သည်။ ကမ္ဘာအေးဘုရားလမ်းတလျှောက် ဖြတ်သန်းလာပြီး မြို့ထဲသို့ ရောက်လာသည်အထိ ဘာတစ်ခုမျှ ထူးထူးခြားခြားမတွေ့ရ။ ဆူးလေးဘုရားလမ်းတွင်တွေ့ရသည့် ကော်ဖီဆိုင်တစ်ဆိုင်တွင် ၀င်ပြီး မနက်စာစားတော့ နံနက် ကိုးနာရီကျော်ကျော်ခန့်ရှိမည်။ နာရီဝက်ခန့်အကြာတွင် လမ်းမတလျှောက် မြင်ကွင်းမှာ ပြောင်းလဲလာသည်။  ဂျာနယ်လစ်တစ်ယောက်အဖြစ် ငါးနှစ်ခန့်လုပ်ကိုင်ခဲ့သည့် အလေ့အကျင့်က သူမကို ဆိုင်ပြင်သို့ တွန်းပို့လိုက်သည်။

သူမတွင်ပါလာသော ကင်မရာဖြင့် လူအုပ်ကြီးကို ဓာတ်ပုံရိုက်သည်။ သူမသတင်းထောက်လုပ်ခဲ့စဉ်က သူမနေထိုင်ရာနိုင်ငံရှိ မြို့ပြသတင်းများကိုသာ ရေးသားခဲ့ခြင်းဖြစ်သည်။ ဒီလို တတိယကမ္ဘာနိုင်ငံတစ်ခုရဲ့ အဓိကရုဏ်း မျိုးကတော့ ၀ပ်ရှော့တွေမှာ တခြားသူတွေ ပြောတာကိုသာ နားထောင်ခဲ့ရတာဖြစ်သည်။ လူအများ၏ အော်ဟစ်သံက ဆူညံလျက်ရှိသည်။ ဘုန်းတော်ကြီးများက ဗုဒ္ဒ၏ ပုံများကို ကိုင်ဆောင်ထားကြသည်။ လုံခြုံရေးတပ်ဖွဲများ ချီတက်လာသည်ကိုလည်း တွေ့မြင်နေရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်က လက်ကိုင်အသံချဲ့စက်ဖြင့် တစ်စုံတစ်ရာကို အော်ဟစ်နေသည်။

အခြေအနေမှာ ထင်ထားသည်ထက် အများကြီး ဆိုးရွားနေမှန်းသူမ သတိထားလိုက်မိသည်။ ထို့နောက် သေနတ်သံများထွက်ပေါ်လာသည်။ စောစောက တစုတစည်းတည်း ရှိနေသော ဘုန်းကြီးများနှင့် လူအုပ်ကြီးမှာ ဖရိုဖရဲ ဖြစ်သွားသည်။ ပြေးလွှားနေသော လူအုပ်မှာ သူမနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော်လည်း မကြာမီ သူမရှိရာသို့ ရောက်လာတော့မည်ဖြစ်သည်။ အနောက်ဘက်ရှိ ဆိုင်ခန်းတစ်ခုခုထဲသို့ ခွင့်တောင်းဝင်ရောက်ရန် ကြည့်လိုက်သော်လည်း တံခါးများ ပိတ်ထားသည်ကို တွေ့ရသည်။ ခပ်လှမ်းလှမ်းရှိ သူမစောစောက ထိုင်ခဲ့သော ကော်ဖီဆိုင်မှာ ဘယ်အချိန်က အလူမီနီယံလိပ်တံခါးကို ချလိုက်မှန်းပင်မသိလိုက်ရ။

ထိုစဉ်မှာပင် သူမကျောဘက်ဆီမှ ဟေး..ဒီကို လာခဲ့ဆိုသော ပီသသည့် အင်္ဂလိပ်စကားသံကို ကြားလိုက်ရသည်။ ဘေးဘီကို လည့်ကြည့်တော့ သူမကို ကြည့်နေသူ ဘယ်သူမှမတွေ့ရ။ ဟေး..အပေါ်မှာ..ဒီမှာ။ အပေါ်ကို မော့ကြည့်လိုက်တော့ ပထမထပ်အခန်းတစ်ခုမှ လူငယ်တစ်ယောက်က သူမကို လက်ယပ်ကို ခေါ်နေသည်။   သူမလည်း ကမန်းကတန်းအပေါ်သို့ ပြေးတက်ခဲ့သည်။ သူမထက် ငါးနှစ်ခန့်ငယ်ပုံရသော ထိုလူငယ်က သူ့ကိုယ်သူ ဇော်ဟု မိတ်ဆက်ရင်း လိပ်စာကဒ်ပြားတစ်ခု ကမ်းပေးသည်။

Read Full Post »