Feeds:
Posts
Comments

Archive for February, 2013

တစ်ယောက်ယောက်နဲ့ တစ်နေရာရာမှာ ပြန်တွေ့ကောင်းပြန်တွေ့မယ်။
ပထမတစ်ယောက်က သိပ်(ကို)ကြီး(မား)တဲ့ နို့တွေ ရှိတယ်။ အဲဒီတုံးကတော့ သူမရဲ့နို့တွေ ဘာဖြစ်လို့ (အဲ)ဒီလောက်ကြီး(နေ)ရလဲဆိုတာ မသိခဲ့ဘူး။ နေရောင်က ၀ါးထရံကွက်တွေကြားက တိုးဝင်နေတယ်။ အခန်းထဲက အပူချိန်ကလည်း ကျွန်တော်တို့ရဲ့ အသက်ရှုသံနဲ့အတူ မြင့်တက်လို့ပေါ့။ ကိစ္စ၀ိစ္စပြီးသွားရင် ခနောနီခနောနဲ့ အိမ်သာခန်းကိုသွားပြီး ဆေးကြောသန့်စင်မှုပြုရတယ်။ ကျွန်တော် ခုပြန်စဉ်းစားလိုက်တော့ မှတ်မိနေတဲ့ သူမရဲ့သွင်ပြင်က အဲဒီလိုဆေးကြောနေရင်း ကျွန်တော်ကို့ မော့ကြည့်ပြုံးပြတဲ့ အပြုံးပဲ။ တခါတော့ ပင်လယ်ကမ်းခြေဆီ သူမရဲ့ မိတ်ဆွေတွေနဲ့ ခရီးထွက်မယ်ဆိုလို့ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်ဆီက ရေဘင်မျက်မှန်တစ်လက်ယူပြီး ငှားရမ်းပေးလိုက်တယ်။ ကျွန်တော်သိတဲ့ ယဉ်ကျေးမှုရှိ(သည်ဆို)သော မိန်းမအများနဲ့ မတူ ရာဘာအစွပ်ကို ဖြုတ်ယူပေးခဲ့တာတွေကိုလည်း သူမအပေါ် ကျေးဇူးတင်ရှိကြောင်း ဒီနေရာမှာ တခုတ်တရ ပြောချင်တယ်။ သူမနဲ့ ကျွန်တော် ဆုံနေကြမဟုတ်တဲ့ တစ်နေရာမှာ ဆုံမိရင် မျက်လုံးနဲ့ပဲနှုတ်ဆက်ပြီး မျက်နှာလွှဲသွားတတ်ပုံကိုလည်း ခု ကျွန်တော် ပြန်လည်သတိတရပေါ့..။
ပင်လယ်ကဗွီးပင်တွေရဲ့ နောက်မှာ ညဟာတိတ်ဆိတ်နေခိုက် သူမ(ဒုတိယတစ်ယောက်)ရဲ့ ခြေမကို ကျွန်တော် နမ်းစုပ်ခဲ့တယ်။ အဲဒီရဲ့နောက်မှာတော့ ကျွန်တော်တို့နှစ်ယောက်ကြားက နေ့တွေဟာ လိုတာထက် ပိုပြီးရှည်လျားခဲ့တယ်။ ခန်းဆီးလိုက်ကာစတွေကို ဆွဲပိတ်ခဲ့တာ သူမလား ကျွန်တော်လားဆိုတာ အခုနေပြန်စဉ်းစားကြည့်တော့ ရေရေရာ မရှိလှဘူး။ မှာထားတဲ့အစားအစာကို အခန်းထဲလာပို့တဲ့အခါ တခါးထဖွင့်ပေးဖို့ ငြင်းဆန်တတ်တဲ့သူမဟာ ရေချိုးခန်းထဲမှာ လုပ်ငန်းအကောင်အထည်ဖော်တတ်သူဖြစ်တယ်။ Here Comes the Sun က ခပ်တိုးတိုး ပျံ့လွင့်နေခိုက် မာကျောပြောင်လက်နေတဲ့ အရောင်နုနု ကြွေပြားတွေပေါ်မှာ သူမရဲ့ စိတ်ထက်သန်မှုက ဒူးခေါင်းမှာ အသားမာတက်နေတဲ့ ကောင်မလေးတွေမြင်တိုင်း သူမကို ပြန်လည်အမှတ်တရ ဖြစ်စေလို့။
သူမ (တတိယတစ်ယောက်)ဟာ အလင်းရောင် ကြောက်သူဖြစ်တယ်။ အလင်းရောင်နဲ့ မတွေ့တာ ကြာလို့ အလင်းရောင်ကို စိုးရွံ့သွားတာလဲ ဖြစ်(ကောင်းဖြစ်)မယ်။ သူမရဲ့ ထူးခြားချက်ကတော့ တစ်လ ဒါမှမဟုတ် နှစ်လတခါ နာမည်ပြောင်းတတ်တာပဲ။ အဲဒီအတွက်ကြောင့် သူမရဲ့ နာမည်ကို ပြန်စဉ်းစားတဲ့အခါတိုင်း ကျွန်တော့်ကို အခက်တွေ့စေတယ်။ သူမရဲ့ နာမည်ကို မှန်ကန်စွာ မရေရွတ်နိုင်တဲ့အခါတိုင်းလည်း သူမရဲ့ နောင်လာမယ့် ကင်ပွန်းတပ်မင်္ဂလာအတွက် စရိတ်စက ကျခံဖို့ ကျွန်တော့်ကို ဖိအားပေးလေ့ရှိတယ်။ သူမမှာ ချစ်သူတစ်ယောက်ရှိပြီး သူမရဲ့ ချစ်သူကို လိုက်လံရှာဖွေပေးဖို့ ကျွန်တော့်ကို ပူဆာလေ့ရှိတယ်။ ဒါဟာ သူမကျွန်တော်ဆီက မျှော်လင့်တဲ့ တစ်ခုတည်းသောအရာလည်းဖြစ်ချင်ဖြစ်မယ်လို့ ခုဒီကဗျာကို ရေးနေရင်းနဲ့ တွေးမိတယ်။ သူမနဲ့ သူမချစ်သူတို့ရဲ့ ပတ်သက်ဆက်ဆံမှုတွေကို အသေးစိတ် ပြောမပြတာပဲ ကျွန်တော့်အတွက် သက်သာရာရစေတာပေါ့..မဟုတ်ဘူးလား။ သူမနဲ့ မဆုံဖြစ်တာကြာပြီးနောက် သူမခရီးဝေးထွက်သွားကြောင်းကြားသိရတော့ သူမရဲ့ ချစ်သူကို ရှာဖွေရန် ထွက်ခွာသွားခြင်းလား…။ မှတ်ချက်-ထိုသတင်းကို သယ်ဆောင်လာသော သူမ၏ သူငယ်ချင်းနဲ့ ကျွန်တော် (အလင်းရောင်း ကောင်းစွာ မရရှိသော အခန်းတစ်ခုအတွင်းမှာ) အတူတူ အိပ်စက်ခဲ့တယ်။
တစ်နေ့နေ့တော့ သူတို့ထဲက တစ်ယောက်ယောက်နဲ့ တစ်နေရာရာမှာ ပြန်တွေ့ကောင်း ပြန်တွေ့လိမ့်မယ်။
ကျွန်တော် နံပါတ်မထိုးလိုတော့တဲ့ နောက်တစ်ယောက်ကတော့ အရှိန်ခပ်မြင့်မြင့်မောင်းနှင်မှုကို နှစ်သက်တယ်။ ဗီဒီယိုဇာတ်ကားတွေမှာ တွေ့မြင်ရတဲ့ စွမ်းဆောင်မှုမျိုးကို တည်ဆောက်နိုင်စွမ်းရှိသည်။ သူမရဲ့ အညိုရင့်ရောင်အသားအရေဟာ ချောမွေ့လှပေတယ်။ ငုံထားတဲ့ ဘီယာတွေကို တစ်ယောက် ပါးစပ်ထဲ တစ်ယောက် အပြန်အလှန်ထွေးထည့်ကြအပြီး သူမအိပ်မောကျသွားခိုက် မိုးတွေသည်းသည်းရွာနေတဲ့ လမ်းပေါ်မှာ တစ်စုံတစ်ယောက်ဟာ (အလျံတညီးညီး တောက်လောင်နေတဲ့)မီးလျှံတစ်ခုကို သယ်ဆောင်ရင် ဖြတ်သန်းသွားလေရဲ့။ တခါတော့ သူမဆေးရုံတက်ရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း လူမမာသတင်းမေး ရောက်သွားတယ်။ ဖြူလျော်နေတဲ့ သူမရဲ့ နှုတ်ခမ်းတွေကို ငေးနေခိုက် သူမက စာအုပ်တစ်အုပ်လှမ်းပေးရင်း ဖတ်ပြဖို့ ပြောတယ်။ ကြည့်လိုက်တော့ ..As I Lay Dying.. ။
သူမ (နောက်ထပ်တစ်ယောက်)ကတော့ လူသေကောင်လိုပဲ။ ဒါဟာ (အမျိုးသမီးတွေအပေါ်) ကျွန်တော်တို့ သုံးလေ့ရှိတဲ့ နာမ၀ိသေသနဖြစ်တယ်။ (အချို့သော နာမ၀ိသေသနများသည် အချို့သော နာမ်များကဲ့သို့ပင် လိင်ကွဲပြားကြောင်း ဤနေရာတွင် ဆွေးနွေးရန် မရည်ရွယ်ပါ။) ကျွန်တော့်အပေါ်ကို သူမငုံ့ကြည့်နေတာ မြင်ရဖို့ဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ အခြေအနေတစ်ရပ်ပေါ့။ သူမက ကျွန်တော့်ကို ချစ်တယ်လို့ ပြောလေ့ရှိတယ်။ တညတော့ ကျွန်တော်တရေးနိုးလာတဲ့အခါ သူမဘေးမှာ ရှိမနေခဲ့ဘူး။ ကျွန်တော်လည်း အလင်းခပ်သဲ့သဲ့ရှိနေတဲ့ ညထဲကို ထွက်လာခဲ့တယ်။ ညဘက်တရေးနိုးလို့ လမ်းထွက်လျှောက်ရတဲ့ အရသာကို ခင်ဗျားတို့တော့ သိချင်မှသိမယ်။ (ခင်ဗျားတို့တော့ သိချင်မှသိမယ်ဆိုတဲ့ စကားစုဟာ ပြောတဲ့သူအတွက် အဆင်ပြေပေမယ့် နားထောင်သူအတွက် သက်တောင့်သက်သမဖြစ်လှဘူးဆိုတာကိုလည်း (ကံအားလျော်စွာ) ကျွန်တော် သိပါတယ်။) သေးပေါက်ဖို့ အချိန်မပေးနိုင်လောက်အောင် တိုင်းပြည်အတွက် အလုပ်အကျွေးပြုခဲ့တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို မှည့်ခေါ်ထားတဲ့ လမ်းမကြီးအတိုင်း ကျွန်တော် အေးဆေးငြင်သာ လျှောက်လာခိုက် ညရဲ့ခပ်ပါးပါးလေထုထဲမှာ အသံတိုးဖွကြားမိလို့ လှည်ကြည့်လိုက်တော့ သူမကို ကျွန်တော် တွေ့လိုက်ရတယ်။ အဲဒီညကစလို့ ညဖက်လမ်းလျှောက်ရတဲ့ အရသာကို ကျန်တဲ့လူတွေသုံးစွဲဖို့ ကျွန်တော် ချန်လှပ်ထားခဲ့တယ်။
ဒီကဗျာကို အပေါစားကဗျာလို့ခင်ဗျားက ဆိုချင်ဆိုမယ်။ ဒီကဗျာကို ဒီနေရာထိရောက်အောင် ဖတ်လာတဲ့ ခင်ဗျားလည်း အပေါစားပဲ။
ဒီကဗျာကို ညစ်ညမ်းတယ်လို့ ခင်ဗျားက ပြောချင်ပြောမယ်။ ဒီစာကြောင်းထဲရောက်လောက်အောင် ဖတ်လာတဲ့ ခင်ဗျားလည်း ညစ်ညမ်းသူပဲ။
တဆိတ်လောက်ထပြီး ဆေးကြောသန့်စင်မှုပြုစေချင်တယ်။
သူမတို့နဲ့ ကျွန်တော် အတူတကွ လုပ်ဆောင်ခဲ့သောအရာများအား စာရင်းပြုစုကြည့်မည်ဆိုလျှင် အစားတစ်မျိုးတည်းကို တူတူစား၊ အရက်တစ်မျိုးတည်းကို တူတူသောက်၊ ခုတင်တစ်ခုတည်းပေါ်မှာ တူတူအိပ်၊ ကောမစ်ဘွတ်တစ်အုပ်တည်းကို တူတူဖတ်အစရှိသည်ဖြင့်..။ သို့သော် ကျွန်တော်တို့ တူတူလုပ်လို့မရတဲ့ အရာတွေလည်း ရှိမယ်။ သို့တည်းမဟုတ် ကျွန်တော်တို့ တူတူမလုပ်ဖြစ်ခဲ့တဲ့အရာတွေလည်း ရှိခဲ့မယ်။ ထိုအရာတွေကို …..။

 

မဆ

Read Full Post »

၁။
ယဉ်ကျေးမှုတော်လှန်ရေးကာလကို နောက်ခံထားရေးတဲ့ လျူဆိုလာ (Liu Sola) ရဲ့ Chaos and All That ၀တ္ထုကို ဖတ်မိပါတယ်။ ၁၉၉၃မှာ ထွက်ခဲ့တာဆိုတော့ တိန်ယင်မင်အရေးအခင်းပြီးစ နှစ်အနည်းငယ်အတွင်း ထွက်ခဲ့တာဖြစ်သလို စာရေးသူကိုယ်တိုင်ကလည်း တိန်ယင်မင်အရေးအခင်းမှာ ပါဝင်ခဲ့လို့ ကိုးဆယ်ဆန်းစနှစ်တွေမှာ  တရုတ်ပြည်ကို စွန့်ခွာခဲ့ရသူဖြစ်ပါတယ်။images
ရေးဟန်အနေနဲ့ အတော့်ကို ရိုးစင်းသလို ဇာတ်ကွက်ကလည်း အတော်ရှင်းပါတယ်။ အသက်ဆယ်နှစ်စွန်းစ ကလေးတစ်ယောက်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ ဖြတ်သန်းမှုတွေရယ်၊ အဲဒီကလေး အရွယ်ရောက် လာတဲ့အခါ သူ့ရဲ့ငယ်ဘ၀ အတွေ့အကြုံတွေက သူ့ဘ၀အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိတယ်ဆိုတာကို ခပ်ရိုးရိုးပဲ ရေးပြထားပါတယ်။
၂။
ယဉ်ကျေးမှုတော်လှန်ရေးနောက်ခံ ၀တ္ထုရဲ့ ပုံမှန်ဇာတ်ကွက်တွေဖြစ်တဲ့ ပါတီဝင်တွေကို ဖမ်းဆီးအရေးယူတာ၊ အရေးယူခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေကိုပါ နှိပ်ကွပ်တာ၊ ကျောင်းသားတွေကို နယ်ကိုပို့ပစ်တာ စတဲ့အဖြစ်အပျက်တွေရဲ့ နောက်မှာ ဇာတ်ကောင် (ဟွမ်ဟားဟား)ရဲ့ ဖခင်၊ မိခင်၊ အဒေါ်၊ သူငယ်ချင်း စတဲ့လူတွေရဲ့ ပုံရိပ်ကို ခပ်ဝါးဝါးရေးချစ်ထားပါတယ်။
“အိပ်ယာမ၀င်ခင် ဖေဖေက ကျမကို နမ်းတတ်တယ်။ ကျမမှတ်မိတာတော့ သူ့မုတ်ဆိတ်မွေးတွေ စူးတာကိုပဲ။ ကျမကို ချီထားတဲ့အခါလည်း သူ့နှာခေါင်းထဲက အမွေးတွေကိုပဲ ကျမအနီးကပ်မြင်နေခဲ့ရတယ်။ ဖေဖေက အကိုနဲ့ ငါးမျှားသွားတယ်။ မေမေနဲ့ ကတယ်။ စာရေးနေတုံး ကြည့်လိုက်ရင် သူ့ခေါင်းက ငိုက်ကျနေတယ်။ မီးအိမ်တွေ ဘာတွေလုပ်နေတဲ့အချိန်တွေဆိုလည်း သူ့ဆေးတံက ထွက်လာတဲ့ မီးခိုးတွေက မွှန်လို့။ ကျမလေ..ဖေဖေကို ဘယ်တုံးကမှာ သေချာ မတွေ့ခဲ့ဘူးသလိုပါပဲ”
တပ်နီထဲ ၀င်ဖို့ ကြိုးစားတဲ့အခါ ကောင်းကောင်းမဆဲတတ်လို့ ၀င်ခွင့်မရတဲ့အကြောင်း၊ ကြောင်တွေကို လူတန်းစားလက္ခဏာတစ်ရပ်အဖြစ် မျိုးဖြုတ်ပစ်ဖို့ ကြိုးစားခဲ့ကြပြီး နောက်တခါ ကြွက်တွေသောင်းကျန်းလွန်းလို့ ကြောင်ပြန်မွေးဖို့ ပေါ်လစီမိတ်ကာကြီးတွေက ခွင့်ပြုခဲ့ရတဲ့အကြောင်းတွေကလည်း စနစ်တစ်ခုရဲ့အောက်မှာ လူတွေရော တိရိစ္ဆာတွေပါ သာမန်အခြေအနေမှာ စိတ်ကူးကြည့်လို့မရနိုင်တဲ့ အဖြစ်မျိုးတွေ ကြုံရပုံကို ဖော်ပြနေပါတယ်။
မြို့ကကျောင်းသားတွေကို တောပို့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်တဲ့အခါ အပင်တွေကို လောင်းဖို့ မစင်တွေကို သယ်ကြရပါတယ်။ ဒီမစင်သယ်ရတဲ့ ကိစ္စကို အတော်လေး အသေးစိတ်ချယ်မှုန်းထားတာလဲ တွေ့ရပါတယ်။
“၀မ်ဟွာက ပြောတယ် – အတုံးလေးတွေကို ကောက်ပီး လက်နဲ့ချေပေးရတယ်။ ဒါမှာ အပင်တွေအတွက် ကောင်းမှာတဲ့။ ကျမ အဲဒီအတုံးတွေကို ကိုင်ရမယ်။ ဟုတ်လား။ ကျမ လက်နဲ့လား။ ၀မ်ဟာတစ်ယောက် အတုံးတချို့ကို လက်နဲ့ချေပြီး လုပ်ငန်းစနေတာကို မြင်တော့ ကျမ အန်တော့မလို ဖြစ်သွားတယ်။ တချို့အတုံးတွေက ခပ်ပျော့ပျော့ရယ်။ အထဲမှာ အ၀ါရောင်သန်းလို့ပေါ့။ အတုံးကို ချေလိုက်တယ်ဆိုရင် အခုပဲ တစ်ယောက်ယောက်ပါလိုက်တဲ့ မစင်ကို လက်နဲ့နယ်နေရသလိုပါပဲ”
၃။
လန်ဒန်ကိုရောက်လာတဲ့ ဟွမ်ဟားဟားတစ်ယောက် လန်ဒန်လူနေမှုဘ၀မှာလည်း အံဝင်ခွင်ကျ မဖြစ်လှဘူး။ မွေးရပ်မြေကို စွန့်ခွာလာရတဲ့သူတစ်ယောက် အနေနဲ့ အတိတ်မှာပဲနေဖို့ အမြဲကြိးစားနေသလိုဖြစ်နေတယ်။ သူမကို လူထူးလူဆန်းတစ်ယောက်လိုမြင်ပြီး သဘောကျခဲ့တဲ့ လန်ဒန်သားပါမောက္ခကလည်း နောက်ဆုံးတော့ ဆန်းလွန်းတဲ့ဒဏ်ကို မခံနိုင်ဖြစ်ပြီး သူမကို စွန့်ပစ်သွားခဲ့တယ်။
တရုတ်ပြည်က အတိတ်ကို ဟွမ်ဟားဟားရဲ့လေသံနဲ့ ရေးထားပေမယ့် လန်ဒန်ကအဖြစ်အပျက်တွေကိုတော့ ဘေးလူတစ်ယောက်ရဲ့ အမြင်နဲ့ ချဉ်းကပ်ထားပါတယ်။ ဒါဟာ ဇတ်ကောင်အနေနဲ့ တရုတ်ပြည်က ဘ၀သာ သူမရဲ့ တကယ့်ကိုယ်ပိုင်ဘ၀လို့ ခံစားရပြီး ဝေးတမြေခြားမှာ ကိုယ့်ဘ၀ကို အပြင်ဘက်ကနေ လှမ်းကြည့်နေရသလို ဖြစ်နေတာကို ပြချင်တာလည်း ဖြစ်နိုင်ပါတယ်။ စာအုပ်မှာ လန်ဒန် (ပစ္စုပ္ပန်)နဲ့ တရုတ် (အတိတ်)မှာ အတိတ်က အချိုးအစားများနေတာဟာလည်း ဇတ်ကောင်အနေနဲ့ ဘ၀ရဲ့ ဘယ်အပိုင်းကို အိမ်ရှင်လိုနေပြီး ဘယ်အပိုင်းကို ဧည့်သည်လို နေခဲ့ရတယ်ဆိုတာ ပြချင်လို့ ဖြစ်နိုင်သလို စာအုပ်ရေးသား ထုတ်ဝေချိန်မှာ စာရေးသူ လျူဆိုလာကိုယ်တိုင် ပြည်ပကို ထွက်ခွာခဲ့တာ မကြာသေးခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၎။
စာရေးတဲ့သူကတော့ ကိုယ်ရေးချင်တာကို ရေးလိုက်တာပါပဲ (တချို့သော ကံမကောင်း အကြောင်းမလှစွာ ကိုယ်ရေးချင်တာကို မရေးရဘဲ မရေးချင်တာတွေ ရေးနေရသူတွေကလွဲလို့ပေါ့လေ)။ ဒါပေမယ့် ရေးလိုက်တဲ့စာအပေါ် စိတ်ဝင်စားတဲ့သူတွေက စာရေးသူရဲ့ နောက်ကို လိုက်ကြပါလိမ့်မယ်။ ဒီစာအုပ်မှာလည်း ဘာသာပြန်သူက စာရေးသူရဲ့ ကိုယ်ပိုင်ဘ၀ကို စေ့ငုပြီး ၀တ္ထုထဲက ဇာတ်ကောင်နဲ့ တိုက်ဆိုင်ကြည့်ထားတာ တွေ့ရပါတယ်။
“စာရေးသူနဲ့ ဇတ်ကောင် ဟွမ်ဟားဟားကြားမှာ အထ္ထုပ္ပတ္တိဆိုင်ရာ အချက်အလက်တွေ အများအပြား ဆက်စပ်လျက်ရှိပါတယ်။ သူတို့ဟာ သက်တူရွယ်တူတွေပါပဲ (၁၉၆၆မှာ အသက် ဆယ့်တစ်နှစ်အရွယ် ရှိကြတယ်)။ နှစ်ယောက်လုံးဟာ ယဉ်ကျေးမှုတော်လှန်ရေးမှာ အနှံခံရတဲ့ အရာရှိကြီးတွေရဲ့ သမီးတွေ ဖြစ်တယ်။ မိသားစုနောက်ခံကြောင့် နှစ်ယောက်လုံး တပ်နီက အထုတ်ခံရတယ်”
၅။
ကျွန်တော့်အနေနဲ့တော့ မှတ်ချက်တစ်ခုပဲ ရှိပါတယ်။ “စာမျက်နှာ တစ်ရာကျော်ဟာ ဒီဝတ္ထုကို သယ်ဆောင်ဖို့ မလုံလောက်ပါဘူး”

Read Full Post »