၁။
ယဉ်ကျေးမှုတော်လှန်ရေးကာလကို နောက်ခံထားရေးတဲ့ လျူဆိုလာ (Liu Sola) ရဲ့ Chaos and All That ၀တ္ထုကို ဖတ်မိပါတယ်။ ၁၉၉၃မှာ ထွက်ခဲ့တာဆိုတော့ တိန်ယင်မင်အရေးအခင်းပြီးစ နှစ်အနည်းငယ်အတွင်း ထွက်ခဲ့တာဖြစ်သလို စာရေးသူကိုယ်တိုင်ကလည်း တိန်ယင်မင်အရေးအခင်းမှာ ပါဝင်ခဲ့လို့ ကိုးဆယ်ဆန်းစနှစ်တွေမှာ တရုတ်ပြည်ကို စွန့်ခွာခဲ့ရသူဖြစ်ပါတယ်။
ရေးဟန်အနေနဲ့ အတော့်ကို ရိုးစင်းသလို ဇာတ်ကွက်ကလည်း အတော်ရှင်းပါတယ်။ အသက်ဆယ်နှစ်စွန်းစ ကလေးတစ်ယောက်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ ဖြတ်သန်းမှုတွေရယ်၊ အဲဒီကလေး အရွယ်ရောက် လာတဲ့အခါ သူ့ရဲ့ငယ်ဘ၀ အတွေ့အကြုံတွေက သူ့ဘ၀အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိတယ်ဆိုတာကို ခပ်ရိုးရိုးပဲ ရေးပြထားပါတယ်။
၂။
ယဉ်ကျေးမှုတော်လှန်ရေးနောက်ခံ ၀တ္ထုရဲ့ ပုံမှန်ဇာတ်ကွက်တွေဖြစ်တဲ့ ပါတီဝင်တွေကို ဖမ်းဆီးအရေးယူတာ၊ အရေးယူခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေကိုပါ နှိပ်ကွပ်တာ၊ ကျောင်းသားတွေကို နယ်ကိုပို့ပစ်တာ စတဲ့အဖြစ်အပျက်တွေရဲ့ နောက်မှာ ဇာတ်ကောင် (ဟွမ်ဟားဟား)ရဲ့ ဖခင်၊ မိခင်၊ အဒေါ်၊ သူငယ်ချင်း စတဲ့လူတွေရဲ့ ပုံရိပ်ကို ခပ်ဝါးဝါးရေးချစ်ထားပါတယ်။
“အိပ်ယာမ၀င်ခင် ဖေဖေက ကျမကို နမ်းတတ်တယ်။ ကျမမှတ်မိတာတော့ သူ့မုတ်ဆိတ်မွေးတွေ စူးတာကိုပဲ။ ကျမကို ချီထားတဲ့အခါလည်း သူ့နှာခေါင်းထဲက အမွေးတွေကိုပဲ ကျမအနီးကပ်မြင်နေခဲ့ရတယ်။ ဖေဖေက အကိုနဲ့ ငါးမျှားသွားတယ်။ မေမေနဲ့ ကတယ်။ စာရေးနေတုံး ကြည့်လိုက်ရင် သူ့ခေါင်းက ငိုက်ကျနေတယ်။ မီးအိမ်တွေ ဘာတွေလုပ်နေတဲ့အချိန်တွေဆိုလည်း သူ့ဆေးတံက ထွက်လာတဲ့ မီးခိုးတွေက မွှန်လို့။ ကျမလေ..ဖေဖေကို ဘယ်တုံးကမှာ သေချာ မတွေ့ခဲ့ဘူးသလိုပါပဲ”
တပ်နီထဲ ၀င်ဖို့ ကြိုးစားတဲ့အခါ ကောင်းကောင်းမဆဲတတ်လို့ ၀င်ခွင့်မရတဲ့အကြောင်း၊ ကြောင်တွေကို လူတန်းစားလက္ခဏာတစ်ရပ်အဖြစ် မျိုးဖြုတ်ပစ်ဖို့ ကြိုးစားခဲ့ကြပြီး နောက်တခါ ကြွက်တွေသောင်းကျန်းလွန်းလို့ ကြောင်ပြန်မွေးဖို့ ပေါ်လစီမိတ်ကာကြီးတွေက ခွင့်ပြုခဲ့ရတဲ့အကြောင်းတွေကလည်း စနစ်တစ်ခုရဲ့အောက်မှာ လူတွေရော တိရိစ္ဆာတွေပါ သာမန်အခြေအနေမှာ စိတ်ကူးကြည့်လို့မရနိုင်တဲ့ အဖြစ်မျိုးတွေ ကြုံရပုံကို ဖော်ပြနေပါတယ်။
မြို့ကကျောင်းသားတွေကို တောပို့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်တဲ့အခါ အပင်တွေကို လောင်းဖို့ မစင်တွေကို သယ်ကြရပါတယ်။ ဒီမစင်သယ်ရတဲ့ ကိစ္စကို အတော်လေး အသေးစိတ်ချယ်မှုန်းထားတာလဲ တွေ့ရပါတယ်။
“၀မ်ဟွာက ပြောတယ် – အတုံးလေးတွေကို ကောက်ပီး လက်နဲ့ချေပေးရတယ်။ ဒါမှာ အပင်တွေအတွက် ကောင်းမှာတဲ့။ ကျမ အဲဒီအတုံးတွေကို ကိုင်ရမယ်။ ဟုတ်လား။ ကျမ လက်နဲ့လား။ ၀မ်ဟာတစ်ယောက် အတုံးတချို့ကို လက်နဲ့ချေပြီး လုပ်ငန်းစနေတာကို မြင်တော့ ကျမ အန်တော့မလို ဖြစ်သွားတယ်။ တချို့အတုံးတွေက ခပ်ပျော့ပျော့ရယ်။ အထဲမှာ အ၀ါရောင်သန်းလို့ပေါ့။ အတုံးကို ချေလိုက်တယ်ဆိုရင် အခုပဲ တစ်ယောက်ယောက်ပါလိုက်တဲ့ မစင်ကို လက်နဲ့နယ်နေရသလိုပါပဲ”
၃။
လန်ဒန်ကိုရောက်လာတဲ့ ဟွမ်ဟားဟားတစ်ယောက် လန်ဒန်လူနေမှုဘ၀မှာလည်း အံဝင်ခွင်ကျ မဖြစ်လှဘူး။ မွေးရပ်မြေကို စွန့်ခွာလာရတဲ့သူတစ်ယောက် အနေနဲ့ အတိတ်မှာပဲနေဖို့ အမြဲကြိးစားနေသလိုဖြစ်နေတယ်။ သူမကို လူထူးလူဆန်းတစ်ယောက်လိုမြင်ပြီး သဘောကျခဲ့တဲ့ လန်ဒန်သားပါမောက္ခကလည်း နောက်ဆုံးတော့ ဆန်းလွန်းတဲ့ဒဏ်ကို မခံနိုင်ဖြစ်ပြီး သူမကို စွန့်ပစ်သွားခဲ့တယ်။
တရုတ်ပြည်က အတိတ်ကို ဟွမ်ဟားဟားရဲ့လေသံနဲ့ ရေးထားပေမယ့် လန်ဒန်ကအဖြစ်အပျက်တွေကိုတော့ ဘေးလူတစ်ယောက်ရဲ့ အမြင်နဲ့ ချဉ်းကပ်ထားပါတယ်။ ဒါဟာ ဇတ်ကောင်အနေနဲ့ တရုတ်ပြည်က ဘ၀သာ သူမရဲ့ တကယ့်ကိုယ်ပိုင်ဘ၀လို့ ခံစားရပြီး ဝေးတမြေခြားမှာ ကိုယ့်ဘ၀ကို အပြင်ဘက်ကနေ လှမ်းကြည့်နေရသလို ဖြစ်နေတာကို ပြချင်တာလည်း ဖြစ်နိုင်ပါတယ်။ စာအုပ်မှာ လန်ဒန် (ပစ္စုပ္ပန်)နဲ့ တရုတ် (အတိတ်)မှာ အတိတ်က အချိုးအစားများနေတာဟာလည်း ဇတ်ကောင်အနေနဲ့ ဘ၀ရဲ့ ဘယ်အပိုင်းကို အိမ်ရှင်လိုနေပြီး ဘယ်အပိုင်းကို ဧည့်သည်လို နေခဲ့ရတယ်ဆိုတာ ပြချင်လို့ ဖြစ်နိုင်သလို စာအုပ်ရေးသား ထုတ်ဝေချိန်မှာ စာရေးသူ လျူဆိုလာကိုယ်တိုင် ပြည်ပကို ထွက်ခွာခဲ့တာ မကြာသေးခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၎။
စာရေးတဲ့သူကတော့ ကိုယ်ရေးချင်တာကို ရေးလိုက်တာပါပဲ (တချို့သော ကံမကောင်း အကြောင်းမလှစွာ ကိုယ်ရေးချင်တာကို မရေးရဘဲ မရေးချင်တာတွေ ရေးနေရသူတွေကလွဲလို့ပေါ့လေ)။ ဒါပေမယ့် ရေးလိုက်တဲ့စာအပေါ် စိတ်ဝင်စားတဲ့သူတွေက စာရေးသူရဲ့ နောက်ကို လိုက်ကြပါလိမ့်မယ်။ ဒီစာအုပ်မှာလည်း ဘာသာပြန်သူက စာရေးသူရဲ့ ကိုယ်ပိုင်ဘ၀ကို စေ့ငုပြီး ၀တ္ထုထဲက ဇာတ်ကောင်နဲ့ တိုက်ဆိုင်ကြည့်ထားတာ တွေ့ရပါတယ်။
“စာရေးသူနဲ့ ဇတ်ကောင် ဟွမ်ဟားဟားကြားမှာ အထ္ထုပ္ပတ္တိဆိုင်ရာ အချက်အလက်တွေ အများအပြား ဆက်စပ်လျက်ရှိပါတယ်။ သူတို့ဟာ သက်တူရွယ်တူတွေပါပဲ (၁၉၆၆မှာ အသက် ဆယ့်တစ်နှစ်အရွယ် ရှိကြတယ်)။ နှစ်ယောက်လုံးဟာ ယဉ်ကျေးမှုတော်လှန်ရေးမှာ အနှံခံရတဲ့ အရာရှိကြီးတွေရဲ့ သမီးတွေ ဖြစ်တယ်။ မိသားစုနောက်ခံကြောင့် နှစ်ယောက်လုံး တပ်နီက အထုတ်ခံရတယ်”
၅။
ကျွန်တော့်အနေနဲ့တော့ မှတ်ချက်တစ်ခုပဲ ရှိပါတယ်။ “စာမျက်နှာ တစ်ရာကျော်ဟာ ဒီဝတ္ထုကို သယ်ဆောင်ဖို့ မလုံလောက်ပါဘူး”
တစုတစည်းတည်း ပြန့်ကျဲလျက်..
February 18, 2013 by Kanyan
Leave a Reply