Feeds:
Posts
Comments

Archive for September, 2013

Déjà vu*

သောက်ပြီးသား မြန်မာ

သုံးပြီးသား အဖော်

သုတ်ပြီးသား တစ်ရှူး

အဲယားကွန်းကို ၁၆ ဒီဂရီအထိချလိုက်တာ

ဖုန်းကို ဖလိုက်မုဒ် ပြောင်းလိုက်တာ

မာလ်ဘိုရိုကို မီးညှိလိုက်တာ

ဒေစီ့ကျောပြင်ပေါ်က မှဲ့နက်ကလေးရယ်

ဗန်ပါစီ လူကျွံဘော ဖြစ်တာရယ်

သတင်းမှတ်တမ်းတစ်ခုပေါ်က ဖျတ်ခနဲ သူ့မျက်နှာရယ်

အဲဒီခဏငယ်လေးအတွင်း

ကျီးကန်းတွေ အာ မအာ

ဖိနပ်ကြိုး ပြေကျ နေ မနေ

သေနတ်ကို ခါးမှာ ချိတ်ထား မထား

မီးခိုးတွေက သစ်ပင်တွေကြားထဲ တလူလူ

အော်သံတွေက လမ်းပေါ် တလိမ့်လိမ့်

စက်တင်ဘာရဲ့ အနံ့က ညှီစို့စို့

အဲဒီခဏငယ်လေးအတွင်း

သေနတ်ခလုတ်ကို အရင်ကလည်း ဆွဲညှစ်ဖူးတယ်

အ၀ါရောင်လှိုင်းတွေ အရင်ကလည်း တွေ့ခဲ့ဖူးတယ်

ဦးထုပ်ကိုဖောက်ဝင်လာတဲ့ အပူဒဏ်ကို အရင်ကလည်း ခံရဖူးတယ်

ရုတ်တရက် ထပျံသွားတဲ့ ခိုတွေ

ပလက်ဖောင်းပေါ်က ဖိနပ်အပြတ်တွေ

နံရံမှာ ဖောက်ဝင်နေတဲ့ ကျည်ရာတွေ

အဲဒီခဏငယ်လေးအတွင်း

နဖူးကချွေးတွေ သုတ်ပြီးသွားပြီ

မျက်မှန်ကို ပြန်တပ်ပြီးသွားပြီ

အူနေတဲ့နားကို ပိတ်ပြီးသွားပြီ

မြင်ကွင်းဟာ အာရပ်တွေမဟုတ်

သူဟာ မားဆိုးမဟုတ်

နင်းထားတဲ့ မြေသားက ပင်လယ်ကွေ့က သဲသောင်မဟုတ်

အဲဒီခဏငယ်လေးအတွင်း

ခေါင်းပေါ်က အပူကြောင့်

ကြိုးကို လည်ပင်းမှာ စွပ်ချလိုက်တယ်

ပါးကွက်သားရဲ့ မျက်နှာဟာ သူ့မျက်နှာပဲ

ဟာ အသံနည်းနည်းတိုးပါဦး အိပ်လို့မရတော့ဘူး

ဒေစီက စောင်ကိုဆွဲယူပြီးပြောလိုက်တယ်

အဲဒီခဏငယ်လေးအတွင်း။

Déjà vu*= လက်ရှိဖြစ်ပျက်နေမှုကို ယခင်ကလည်းတွေ့ကြုံခံစားဖူးသည်ဟု ထင်မှတ်မှားခြင်း

ပီမို

၂၁.၀၉.၂၀၁၃

Read Full Post »

ကျွန်တော်ဟာ ဂစ်တာတစ်လက်လို့ပြောလည်း ကြိုးတွေကို ညှိလိုက်တာပဲ
ကျွန်တော်ဟာ သစ်ရွက်တစ်ရွက်လို့ပြောလည်း လေထဲလွင့်ဝဲပစ်လိုက်တာပဲ
ကျွန်တော်ဟာ အမှိုက်ထုပ်တစ်ထုပ်လို့ပြောလည်း ချောင်ထဲခွေခေါက်အိပ်လိုက်တာပဲ။

မိတ်ဆွေတွေနဲ့ လိမ်ညာပြီး အရက်မသောက်ချင်တော့ဘူးလို့
ကျွန်တော် ပြောမလာခင်အထိ
ကျွန်တော့်ရယ်သံတွေက အစစ်လိုပါပဲ။
(ဒီနေရာကစလို့ ကျွန်တော်ဟုဆိုလျှင် သူဟုမှတ်ပါလေ)

ပြန်တွေးတော့
ကျွန်တော်ဟာ မီးခိုးတွေဖြစ်လို့
ကိုယ့်ကိုကိုယ်ပြန်ခေါ်ဖို့ မကြိုးစားဘဲ
တစ်ယောက်ယောက် အခေါ်ကို စောင့်နေခဲ့ရတာ
သေတ္တာထဲ သေနေတဲ့ စာရွက်ဝါကျင်ကျင်တွေပဲကျန်တယ်။

ကမ္ဘာစစ်ထဲ ကျွန်တော်မရောက်ခဲ့သလို
ကမ္ဘာအစစ်ထဲ ကျွန်တော်မ၀င်ခဲ့
ကျန်ခဲ့တဲ့ စာရွက်အ၀ါတွေထဲက စာကြောင်းတွေလို
ဝါကျတစ်ကြောင်းနဲ့ တစ်ကြောင်းအကြားမှာ
တစ်နာရီ တစ်ရက် တစ်လ တစ်နှစ်
အစရှိသဖြင့် ကြာမြင့်ခဲ့သော
ကျွန်တော်ဟာ ဖတ်မရအောင် သေနေတဲ့ အသေ။

အခု အရေးအသားဟာလည်း
ခင်ဗျားကျက်မိနေတဲ့ လူတစ်ယောက်လိုလိုနဲ့
ဒီခေတ်ထဲ ဘယ်သွားဖွင့်ရမှန်းမသိတဲ့
အက်ကြောင်းထပ်နေသော ဓာတ်ပြားအိုကြီးလို
ကျွန်တော့် အသံဟာ
ရွေ့နေတဲ့ လူအုပ်ကြီးကြားထဲ ကျပျောက်ခဲ့။

ပြောလိုက်ရင် မနေ့ကအကြောင်းပဲပြန်ရောက်သွားတယ်
လေထဲမှာ တရွတ်တိုက်မျောနေတယ်
ကြယ်လိုပဲ ဘယ်သူမှမသိခင် ကြွေသွားတယ်။

ဒီလိုပါပဲ
ဒီနေ့သွေးထားတဲ့ဓားဟာ
မနက်ဖြန်မှာ တုံးတယ်။ ။

ပီမို
၀၅.၀၉.၂၀၁၃

Read Full Post »