Feeds:
Posts
Comments

Archive for December, 2016

အလွမ်း
သင့်ရာသို့ သင်သည်လည်း ရောက်ရှိသွား
အချိန်အခါနောက်မှာ ဖော်ပြရန် မရှိတော့
ဒီဇင်ဘာမှာ နှင်း ကျချင်ကျမယ် နှင်း မကျခင်
နှင်း ကျချင်မှ ကျလိမ့်မယ် လေထု အစိုင်အခဲအတိုင်း
ကိုယ်သွားရာ ကိုယ်ပါသွားသမျှ ကိုယ်သာ လိုရာ
ဆိုက်ကပ်စိတ်ကူးမှန်သမျှ ကပ်ဆိုက်သွားတတ်တာ
လေခိုနေတဲ့ နှလုံးခုန်သံ ကြုံကို ကြုံဖြစ်မယ်
ခြေချင်းလိမ်အိပ်မက်တွေ စကားပြီးတော့ စကား
မြောက်ပြန်လေတိုက်ခတ်ချိန် ညတာရှည်တယ်။

တောကျောင်းဆရာ
ဒီဇင်ဘာ ၁၆၊ ၂၀၁၁ခုနှစ်။

Advertisements

Read Full Post »

ချိုင်းထောက်နဲ့ပြန်လာတဲ့အဖေက သူရဲကောင်းသစ်ပင်စိုက်ပျိုးနည်းအကြောင်း သားကိုပြောပြတယ်
သူလှူလိုက်တယ်ဆိုတဲ့ ခြေထောက်တဖက်ကို သားကခဏခဏ ငုံ့ကြည့်
သူလှူထားသေးတယ်ဆိုတဲ့ အသက်နဲ့ဘဝကြောင့် မွန်မြတ်လှတဲ့ကုသိုလ်က မိသားစုကိုလွှမ်းခြုံသွားမတဲ့
သားရဲ့စိတ်မှာ ထရံကြားကစိမ့်ဝင်လာတဲ့ အအေးဓာတ်ကို တွေးနေသလိုပဲ
တရားသောစစ်လို့ပြောတိုင်း စစ်တိုင်းဟာတရားသလားလို့ သားများမေးခွန်းထုတ်ချင်နေမလား
မသေဘူးနဲ့ငရဲမကျဘူး ဆိုလာချိန်မှာတော့ သားရဲ့ခေါင်းတွေပြာနှမ်းနေခဲ့ပြီ
တိုက်ပွဲဝင်ဝတ်စုံပြည့်နဲ့ အမေရိကန်စစ်သားပုံမှာ သားမျက်နှာနဲ့ ဖြတ်ညှပ်ကပ်
နှစ်သက်သူများစွာနဲ့ အဖေ့မိတ်ဆွေတွေရဲ့ မှတ်ချက် ”တကယ့်သူရဲကောင်းကြီး” မှာ သားမျက်လုံးတွေ အရောင်လက်နေခဲ့ပြီ
သေနတ်က သားထက်အရပ်ပိုရှည်သလားမေးရမယ့် အချိန်မှာ
လက်ညှိုးကလေးကွေးလိုက်ရုံနဲ့ တခေတ်လုံးကို သားသိမ်းပိုက်ချင်နေခဲ့ပြီ
ရေလောင်းပေါင်းသင်မှုမှာ အညွန့်တလူလူတက်လာတဲ့သားက
သူ့အဖေရဲ့ စိုက်ပျိုးနည်းနဲ့ ဖြစ်ထွန်းလာတဲ့သစ်ပင်ကလေးပါပဲ
ကြယ်တွေကိုခူးဆွတ်ရမယ့်သူရဲ့အတွေးမှာ သေနတ်နဲ့ ပစ်ချလို့ရတယ်ဆိုတဲ့ အစွဲကလေး မဝင်ပါစေနဲ့ သားရေ
နာကျင်တိုင်းတောင်းရတဲ့ဆုမှာ မျက်လုံးဖွင့်ကြည့်လိုက်တော့
သားကိုသူ့အဖေက တန်ခိုးရှင်တပါးလို လက်ဖဝါးပေါ် တင်ခေါ်သွားတာကို တွေ့လိုက်တယ်
နောက်ဆုံး။

ပီမို
၃၀၁၁၂၀၁၆

Read Full Post »

သစ်ပင်

သူငယ်ငယ်က ညဘက်ခရီးသွားတိုင်း လဟာ အမြဲအတူ လိုက်ပါလေ့ရှိသည်။
စက်ခေါင်းက မှုတ်ထုတ်လိုက်တဲ့ ရေနွေးငွေ့တွေ တိမ်မျှင်တိမ်စတွေနဲ့ ရောသွားတဲ့အခိုက်မှာ လ ကို သူမြင်နေခဲ့ရသည်။ လည်ပင်းခုတဲ့ ဂဏန်းလက်မပုံ ခေါင်းအုံးကို နေရာချပြီး နားကြပ်ကိုတပ်လိုက်တဲ့အခါမှာလည်း ဘဲဥပုံ ပြတင်းရဲ့ အပြင်မှာ လ ဟာ ရှိနေခဲ့သည်။

သူ့အသက် ၂၇နှစ် ပြည့်ပြီးနောက်တော့ အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့သည်။ အဲဒါကတော့ သူခရီးသွားရင် လ က အဖော်အဖြစ် လိုက်ပါခြင်း မပြုတော့တာပဲဖြစ်သည်။
အဲဒီနောက်ပိုင်း ခရီးသွားရင်း အပြင်ကို လှမ်းကြည့်လိုက်ရင် သစ်ပင်တွေကိုပဲ တွေ့ရတော့သည်။

အစပိုင်းတော့ ဖာသိဖာသာပဲ ဖြစ်သည်။ လကို သူ မ တွေ့ရတော့လည်း ဘယ်လိုမှမနေ .. သတိတောင် မထားမိဘူးလို့ပင် ပြောလို့ရသည်။ လ မပါလာပါလားဆိုတာ သေချာသွားတော့လည်း သတိရမိသလိုလို ဖြစ်မိတာမျိုးတွေတော့လည်း ရှိသည်။

သစ်ပင်နဲ့ ပတ်သက်လို့ကတော့ အစပိုင်းမှာ ဖာသိဖာသာဆိုတာထက်ကို ပိုလိမ့်မည်။ ဒါပေမယ့် ညဘက်ခရီးသွားရင်း အပြင်ကို လှမ်းကြည့်လိုက်ရင် တွေ့တွေ့နေရတဲ့ သစ်ပင်တွေဟာ ခပ်ဆင်ဆင်ပဲဆိုတာ တစ်နှစ်လောက်အကြာမှာ သူ သတိပြုမိလာခဲ့သည်။

အသက် သုံးဆယ်ပြည့်မွေးနေ့ပြီး နောက်တနေ့မှာ အစည်းအဝေးတစ်ခုတက်ဖို့ အာဖရိကသို့ သူသွားခဲ့ရသည်။ အိန္ဒိယ သမုဒ္ဒရာအပေါ် ဖြတ်ပျံနေသည့် အီသီယိုပီးယားလေကြောင်းလိုင်းပိုင် ဘိုးအင်းဂျက်ရဲ့ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်လိုက်တဲ့အခါ အဲဒီသစ်ပင်ကို တွေ့လိုက်ရသည်။ ပြီးခဲ့တဲ့ သုံးနှစ်လုံးလုံး သူကသစ်ပင်တွေလို့ ထင်နေခဲ့တာ တပင်တည်းသော သစ်ပင်ပဲဆိုတာ အဲဒီခဏမှာ သူသိလိုက်သည်။

ရုတ်တရက် လ ကို သူသတိရသွားလို့ မှန်ပြတင်းမှာ မျက်နှာကို အတင်းကပ်ပြီး လ ကို သူရှာပေမယ့် ပေနှစ်သောင်းအမြင့်မှာ အိပ်မောကျနေတဲ့ တိမ်ထုရဲ့အပေါ်မှာ လ ကို သူမတွေ့ခဲ့ရဘူး။ သူ သတိမထားလိုက်မိခင်မှာပဲ သူဝမ်းနည်းလာမိသည်။ လ ဘယ်ရောက်သွားပြီလဲ။ သူ့ရှေ့မှာ အဲဒီ တပင်တည်းသော သစ်ပင်ကတော့ ထီးထီးကြီး..

အဲဒီပို့စ်ကို ဖေ့စ်ဘွတ်တွင် တင်မိရာက သူမနှင့် သူ စပြီး သိကျွမ်းလာခဲ့တာဆိုပြီး ပြောလို့ရသည်။

အာဖရိကမှ ပြန်ရောက်ပြီး  သိပ်မကြာသေးခင် သူငယ်ချင်း လင်မယားနှင့် ချောင်းသာကို သူ လိုက်သွားခဲ့သည်။ ရန်ကုန်ကထွက်ကတည်းက ကားတွေအရမ်းပိတ်ပြီး ချောင်းသာကို ထင်တာထက် နောက်ကျပြီးမှ ရောက်သွားသည်။

အထုပ်အပိုးတွေ ချပြီး ဘန်ဂလိုအပြင်ထွက်ကြည့်တော့ ညနေမှောင်စပျိုးနေပြီ။ ကမ်းခြေမှာ ရေကူးသူတွေကိုပင် ၀ီစီမှုတ်ပြီး နှင်နေပြီ ဖြစ်သည်။ သူတယောက်တည်း ခပ်ဖြည်းဖြည်း လမ်းလျှောက်လာရင်း လူပြတ်သည့် တစ်နေရာသို့ ရောက်လာသည်။

မြန်မာပြက္ခဒိန်နဲ့ စိမ်းပေမယ့် ဒီနေ့လပြည့်နေဆိုပြီး လမ်းမှာကြားခဲ့တာကိုတော့ သူမှတ်မိနေသည်။
အခု သူရောက်နေသည့် နေရာမှာ ဘာလရောင်မှ မရှိ။ လရောင်မရှိဘူးဆိုတာထက် လ မရှိဟုဆိုလျှင် ပိုမှန်မည်။ လရောင်လိုလို အလင်းသဲ့သဲ့ကျနေသော ပင်လယ်ပြင်ကို ကြည့်ရင်း ပေနှစ်သောင်းအမြင့်မှာ သူတွေ့ခဲ့ရသည့် သစ်ပင်ကို သူသတိရလာသည်။ တော်သေးသည်။ အလင်းပျပျအောက်က ပင်လယ်ထဲ အတင်းစူးစိုက်ကြည့်သော်လည်း ဘာသစ်ပင်မှ မတွေ့ရ။
သူ့ဘေးနားမှာလည်း လူတော်တော်ရှင်းနေသည်။

နောက်ငါးမိနစ်လောက်ကြာတော့ မှောင်နေတဲ့ ပင်လယ်ထဲမှာ သူ နှစ်နှစ်ခြိုက်ခြိုက် ရေကူးနေပြီ။
ဘယ်လောက်ကြာကြာကူးနေမိသည်မသိ။ သူ့ညာဘက်ခြေသလုံးဆီက တဆစ်ဆစ်နာလာတော့ ကမ်းဘက်ကို ပြန်ကူးဖို့ သူကြိုးစားသည်။ သွေးပူလေးဘာလေးမလုပ်ပဲ ရေထဲတန်းဆင်းခဲ့သော သူ့ကိုယ်သူ အပြစ်တင်မိသည်။

နာသည့်ဘက်ကို အားမပြုဘဲ ခြေတစ်ဘက်အားဖြင့်သာ ခတ်နေရသဖြင့် ခရီးက သိပ်မတွင်။ အော်ဟစ်အကူအညီတောင်းဖို့ရန်မှာလည်း မဖြစ်နိုင်သလောက်ပင်။ သူရေထဲဆင်းစကပင် လူအတော်ရှင်းနေသည့် ကမ်းခြေမှာ လူသူလေးပါး လုံးဝ ရှိပုံမပေါ်တော့။ ဟိုတယ်မီးရောင်များမှာ အနီရောင် အ၀ါရောင် အစက်အပြောက်များအဖြစ်သာ မြင်နေရသဖြင့် အတော်ဝေးဝေးကို သူရောက်နေမှန်း သိလိုက်ရသည်။

ကိုယ်ကိုယ်ဖော့ရင်း မီးရောင်ရှိရာ ကမ်းခြေဘက်ကို ခပ်ဖြေးဖြေး ဦးတည်ကူးခပ်နေရသည်။ ဘယ်ဘက်ခြေထောက်တစ်ဖက်ဖြင့်သာ ခတ်နေရာက ကြာလာတော့ ဘယ်လိုမှ အဆင်မပြေတော့။ အသက်ရှုသွင်း ရှုထုတ်လုပ်ရတာပင် ခက်ခဲလာသည်။ ငါတော့ သေမယ်ထင်တယ်ဟူသော အတွေးဝင်လာသည်။

ရှိသမျှ အားကုန်ထုတ်၍ အော်ဟစ်အကူအညီတောင်းကြည့်မည် စိတ်ကူးရသည့် အခါကျမှ သူ့တွင်အော်ရန်ပင် အားသိပ်မကျန်တော့ပြီကို သတိပြုလိုက်မိသည်။ မျက်လုံးကို မှေး၍ ဆက်လက်ကူးခတ်နေစဉ် တရွတ်ဆွဲ လိုက်ပါလာသော ခြေထောက်က အောက်ခြေမှ တစ်ခုခုကို ထိတွေ့မိသည်။ သောင်ခုံတစ်ခု။ ရေအတော်လွတ်သော နေရာအထိ တော်တော်ခက်ခက်ခဲခဲသွားပြီး သဲပြင်ပေါ် သူလှဲချလိုက်သည်။

အသက်ရှု တဖြည်းဖြည်း မှန်လာချိန်တွင် သူ့ဘေးမှာ တစ်စုံတစ်ယောက်ရဲ့ အသက်ရှုသံကို ကြားလိုက်မိသလိုလို ခံစားရသဖြင့် မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်ရာ ရှေ့တွင် ခပ်မည်းမည်းအရာတစ်ခုကို မသဲမကွဲ တွေ့လိုက်မိသလိုလို။ နောက်တော့ အဲဒီမှာ တစ်ခုခုရှိနေတာ ပိုသေချာလာသည်။ အတင်းအားစိုက်ပြီး ကြည်လိုက်တော့ ခပ်မှိန်မှိန် အလင်းအောက်မှာ သူ့ရဲ့ တစ်ပင်တည်းသော သစ်ပင်။

နာရီဝက်လောက် သူမှိန်းနေပြီး အသိပြန်ဝင်လာတော့ ပတ်ဝန်းကျင်တစ်ခုလုံးကို လရောင်ဖြင့် ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ဘာတစ်ခုမျှမရှိဘဲ ရှင်းလင်းပြန့်ပြူးနေသော သောင်ခုံက သူမျက်စိရှေ့မှာ တိတ်တဆိတ် လဲလျောင်းလျက်။

ခြေထောက်က လှုပ်ကြည့်တော့ နာကျင်မှုမှာ ယူပစ်သလို ပျောက်သွားခဲ့ပြီ။ သူရောက်နေသည့် သောင်ခုံမှ သိပ်မဝေးတော့သည့် ကမ်းခြေသို့ ခပ်မှန်မှန် ပြန်ကူးခတ်လာခဲ့သည်။ သူ တစ်နေရာရာမှာ အရက်သွားသောက်နေသည်ဟု ထင်နေသည့် သူငယ်ချင်း လင်မယားလည်း ရေတွေစိုရွှဲပြီး မောကြီးပန်းကြီးပြန်ရောက်လာသော သူ့ကိုမြင်တော့ အတော်လန့်သွားကြသည်။

သူအခန်းပြန်ရောက် ရေမိုးချိုး စားသောက်ပြီး ဖုန်းဖွင့်လိုက်တော့ မက်ဆင်ဂျာကနေ မက်ဆေ့တစ်စောင်ဝင်နေတာ တွေ့ရသည်။ အကောင့်နာမည်က ဖူးငုံတဲ့။ သူနဲ့ အပြင်မှာ သိတဲ့ထဲကတော့ မဟုတ်။ တကယ်တမ်းက ကောင်မလေးခပ်လန်းလန်းပုံ ပရိုဖိုင်းနဲ့ ပီးပဲလ်ယူမေနိုးမှာ လာပေါ်ရင် သူက တန်းအက်လိုက်တာချည်း၊ သူ့ကိုလာအက်ရင်လည်း မဆိုင်းမတွ ပြန်အက်ပြီးသားချည်းပင်။

နင်ပမ်းဘိခ်ျမှာ ရှိသေးလားတဲ့။ ငါလည်း အဲဒီမှာတဲ့။ သူလည်း ချက်ချင်း ဘာပြန်ပြောရမယ်မှန်း မသိတာနဲ့ ပြုံးနေတဲ့ စတစ်ကာလေး ပြန်ပို့လိုက်သည်။ တွေ့ချင်တယ် တဲ့။ ဘာပြောရမှန်းမသိ။ သူက လိုတာထက် ပိုတွေးတတ်သည့် ခပ်ကြောင်ကြောင်ကောင်မျိုးလည်း မဟုတ်။ ငါခုပဲ ရေကူးရင်း ကြွက်တက်လို့ အခန်းမှာ ပြန်နားနေတယ်လို့ပဲ မယုတ်မလွန် ပြန်ပြောလိုက်သည်။

အဲဒီမှာ သူမဆီက ပြန်လာသည်။ သစ်ပင်အကြောင်း ပြောချင်လို့ ဆိုပါလား။ အိုး..ခုပဲတွေ့ရအောင်လို့ သူပြန်ပြောချင်စိတ် ပေါက်သွားသည်။ ခုမှတော့ မတတ်နိုင်တော့။ ရှိဦးမှာ မဟုတ်လား။ မနက်စာစားရင်း တွေ့ရအောင်လေလို့ပဲ ပြန်ရေးလိုက်ရသည်။ အိုကေ .. လည်ပင်းမှာ ပုဝါအနီလေး ပတ်လာမယ်။ ဆီးယူ တဲ့။ သူကလည်း လက်မထောင်သည့် ပုံလေး ပြန်ပို့လိုက်သည်။

မနက်စာစားပွဲမှာ တွေ့ကြတော့ တစ်နာရီလောက် သူတို့နှစ်ယောက် သစ်ပင်အကြောင်း ပြောမိကြသည်။ သူမရဲ့ သစ်ပင်မှာ သူ့ရဲ့ သစ်ပင်ထက် အတန်ငယ် နုပျိုသည်။ တနည်းပြောရလျှင် သူမဆီ အလည်အပတ် လာရောက်နေ ဒါမှမဟုတ် သူမရဲ့ ခရီးတွေမှာ အတူလိုက်ပါနေသည်မှာ သိပ်မကြာသေး။ သူမရဲ့ သစ်ပင်နဲ့ သူ့ရဲ့ သစ်ပင်အကြား အဓိက ခြားနားချက်ကတော့ သူမရဲ့ သစ်ပင်က သူမရဲ့ အိပ်မက်တွေထဲထိ ၀င်ရောက် အဖော်ပြုပေး နေခြင်းပင် ဖြစ်သည်။

ရန်ကုန်မှာ တစ်ညသား ဆုံဖြစ်ပြီး သူမ၏အခန်းသို့ သူရောက်သွားသေးသည်။ သူမ၏ အခန်းဆိုသည်ထက် သူမ၏ ဟိုတယ်အခန်းဟုဆိုလျှင် ပိုမှန်မည်။ သူမ၏ အလုပ်က ရန်ကုန်မှာ နေရသည်ထက် ခရီးထွက်နေရသည်က များသည်တဲ့။ အဲဒါက သူနဲ့ သိပ်မကွာ။ ကွာတာက သူမက ရန်ကုန်မှာ ရုံးပြန်တက်နေရချိန်တွေမှာ ဟိုတယ်မှာပဲ နေခြင်းဖြစ်သည်။

သူမနေသည့် ဟိုတယ်လေးက လမ်းကျဉ်းလေးတစ်ခုအတွင်းမှာ။ လမ်းကျဉ်းလေးရဲ့ ရှေ့မှာ ဂုံးတံတား ပိတ်ဆောက်လိုက်ပြီးကတည်းက ဟိုတယ်က ဧည့်အတော်ပါးသတဲ့။ သူမကို ဟိုတယ်အနောက်ဖက်က အိပ်ခန်းနဲ့ ဧည့်ခန်းပါသည့် အခန်းတစ်ခန်းကို ပေးထားသည်။ သူမဖာသာ ဟိုတယ်အနောက်ဖက်ထိ ကားနဲ့ ပတ်ဝင်ပြီး ၀န်ထမ်းတွေသုံးသည့် တံခါးမှတဆင့် သူမအခန်းထဲ ၀င်ရုံ။ သူမမှာ ဧည့်သည်ပါလာရင်လည်း ဘယ်သူမှ သတိမထားမိစေဘဲ သူမအခန်းဆီ လိုက်ပါသွားနိုင်သည်။

နောက်နေ့မနက်ကျတော့ မီးခိုးနံ့တွေ မွှန်ပြီး သူ အိပ်ယာက နိုးလာသည်။ အိပ်မှုန်စုံမွှားနှင့် အိပ်ယာပေါ် ဆတ်ခနဲ ထထိုင်ပြီးကြည့်လိုက်တော့ သူမက စီးကရက်တစ်လိပ်ကို အားရပါးရ ဖွာနေသည်။

သူရေချိုးခန်းထဲက ထွက်လာပြီး သူမဘေးမှ ၀င်ထိုင်သည်။ နင်ဟိုတယ်မှာပဲ နေနေတာ ကြာပြီထင်တယ် ကော်ဖီဖျော်တဲ့ဟာ သစ်သီးဖျော်တဲ့ဟာ ပေါင်မုန့်မီးကင်တဲ့ဟာ ထမင်းပေါင်းတဲ့ဟာ စသည် စက်ကိရိယာများဖြင့် ပြည့်နေသည့် ခုံရှည်တစ်ခုကို ကြည့်ရင်း သူပြောလိုက်သည်။

ကြာပြီ ငါဒီလို နေနေတာ သူမကပြောလိုက်သည်။ ဘယ်နှစ်နှစ်လည်းတောင် မမှတ်မိတော့ဘူး။ ငါ့သူငယ်ချင်းတွေလည်း ဒီနေရာကို ငါ့အိမ်အမှတ်နဲ့ ရောက်..ရောက်လာကြတာပဲ။ တချို့လည်း ညအိပ်ညနေပေါ့ သူမပြောနေရင်း စီးကရက်တိုများပြည့်နေသော ပြာခွက်ကို အမှိုက်ပုံးဆီ သွားသွန်သည်။

ထွက်ချီဝင်ချီခိုနားရာဆိုတဲ့ သီချင်းထဲကပေါ့လို့ သူက ပြောလိုက်သည်။ ထွက်ချီဝင်ချီဆိုတဲ့ အပိုင်းလေးကတော့ အဆင်ပြေပါတယ်။ ခိုနားရာတော့ မဖြစ်ချင်ဘူး။ ငါလည်း မခိုနားချင်ဘူး။ ငါကလည်း ခိုးနာရာမဖြစ်ချင်ဘူး။ သူမက ဆေးလိပ်တိုများ ပြည့်နေသော ဆေးလိပ်ပြာခွက်ကို စားပွဲပေါ် ချလိုက်သည်။ တခြားလူတစ်ယောက်နဲ့ နှစ်တွေလတွေအကြာကြီး မပြောနဲ့ တစ်ပတ်လောက် တူတူနေသွားဖို့ဆိုတာ ငါ့အတွက် စဉ်းတောင် မစဉ်းစားရဲတဲ့အရာပဲ။

ငါးရက်လောက်ဆိုရင်တော့ ဖြစ်တယ်ပေါ့ လို့ သူက ပြုံးရင်း ပြောလိုက်သည်။
သူမက ဆေးလိပ်ဘူးထဲမှ နောက်တစ်လိပ်ထုတ်ပီး မီးညှိသည်။ ပြီးမှ ဘူးကို သူ့ဘက် တွန်းပို့သည်။ ဂျွန်ပလေးယားစပယ်ရှယ်တဲ့။ ငါးရက်..အင်း..ငါးရက်ဆိုရင်တော့ ယောက်ျားလေးထဲက နင်ပထမဆုံး ဖြစ်မှာပဲ။ မွန်မွန်ဆိုတဲ့ ကောင်မလေးကတော့ ဒီမှာ တစ်ပတ်တိတိနေသွားဖူးတယ်။ ခြောက်ရက်မြောက်ညမှာ ငါပြန်မလာလို့ဆိုပြီး မနက်ကျတော့ ငိုနေတာနဲ့ ရေခဲမုန့်သွားစားကြမယ်ဆိုပြီးခေါ်ထုတ်သွားပြီး ဆိုင်မှာ ဒီတိုင်းထားပစ်ခဲ့ရတယ်။ တော်သေးတာပေါ့။ ငါ့ကို ထပ်တော့ မဆက်သွယ်လို့။

သူ့ကောင်လေးနဲ့ ပြန်အဆင်ပြေသွားတာ နေမှာပေါ့ သူက ၀င်ပြောလိုက်သည်။ သူမက ခပ်ဖွဖွ ရယ်လိုက်သည်။ မွန်မွန်က ငါ့လိုမဟုတ်ဘူးဟ။ မိန်းကလေးချင်း သီးသန့်။ နှစ်ယောက်သား ဘာမှဆက်မပြောဖြစ်ဘဲ အခန်းထဲ စွေစောင်းကျရောက်နေသော နေရောင်ထဲ စီးကရက်မီးခိုးတွေ ခုန်ပျံဆော့ကစားနေတာကို ကြည့်နေမိကြသည်။

ငါ ရုံးသွားဖို့ လုပ်လိုက်ဦးမယ်။ နင်ပျင်းရင် ကြည့်လို့ရအောင် ဟာ့ဒ်ဒရိုက်ထားခဲ့ပေးမယ်။ ကားတွေက ဒါရိုက်တာနာမည်တွေနဲ့ ဖိုလ်ဒါတွေ ခွဲထားတယ်။ ကီစလောစကီးကားတွေချည်း တဖိုလ်ဒါ ယာဂေါ့စ်လန်သီမော့စ်ကားတွေ တဖိုလ်ဒါ အဲလိုမျိုးပေါ့။ စီးကရက်တိုကို ပြာခွက်ထဲ ထိုးချေရင်း သူမက ပြောလိုက်သည်။

ဘာညာတွေရော ပါလားလို့ သူက မေးလိုက်တော့ သူမက မျက်ခုံးပင့်ပြီး ပြန်ကြည့်သည်။ ငါအဲဒီကားတွေ မကြည့်တာ ကြာပြီ။ သူမက ဆက်ပြောသည်။ တခြားလူတွေ သရုပ်ဆောင်ထားတဲ့ အပြာကားတွေ ကြည့်ပြီး ငါဘာမှ မခံစားရတော့ဘူး။ အဲဒါနဲ့ ငါညှိလို့ရတဲ့ ကောင်လေးတစ်ယောက်နဲ့ ငါ့ဟာငါ တစ်ကားနှစ်ကား ရိုက်ထားတယ်။ တခါတလေ ငါပါတဲ့ကား ငါ ပြန်ကြည့်ပြီးတော့ပဲ တကိုယ်ရေ ဖျော်ဖြေမှု လုပ်ဖြစ်တယ်။

သူမ ရေချိုးခန်းဘက်ကို ထွက်သွားတော့ သူလည်း အိပ်ယာပေါ်ပြန်တက်ပြီး အသာလှဲရင်း ဖုန်းကို ပွတ်နေလိုက်သည်။ ငါးရက်လောက်ဆိုရင် ဖြစ်လားလို့ မေးခဲ့မိပေမဲ့ တကယ်တမ်းက အဲဒီမှာ သူ နှစ်ညပဲ အိပ်ဖြစ်ခဲ့သည်။

နောက် တော်တော်ကြာကြာအထိ ဖေ့စ်ဘွတ်မှာ တစ်ယောက်ပို့စ် တစ်ယောက် လိုက်ခ်လုပ်တာတို့ ဟားဟားဆိုပြီး ရီအက်လုပ်တာတို့က လွဲပြီး ဘာမှ အဆက်အသွယ်မလုပ်ဖြစ်ကြ။ သစ်ပင်အကြောင်းလဲ မက်ဆင်ဂျာကနေတောင် မပြောဖြစ်ကြ။

ခြောက်လောက်အကြာ အလုပ်ကိစ္စတစ်ခုနဲ့ သူ ကလောမှာ ရောက်နေတုံး ဖေ့စ်ဘွတ်ကနေ သူမက အောင်ပန်းက ဟိုတယ်တစ်ခုမှာ ချက်ခ်အင်လုပ်ထားတာ တွေ့လိုက်ရသည်။ သူအောင်ပန်းကို တက်လိုက်သွားပြီး သူမတည်းတဲ့ဟိုတယ်မှာ ညစာအတူစားဖြစ်ကြသည်။ ညစာ စားပြီးတော့ ရွာငံဘက်ကိုသွားတဲ့ တောင်ပေါ်က မြေပြန့်လမ်းတွေပေါ် ကားလျှောက်မောင်းကြသည်။

အပြင်မှာ နှင်းတွေအရမ်းကျနေသည်။ သူကော သူမပါ တစ်လမ်းလုံး စကားတစ်ခွန်းမှ မပြောဖြစ်ကြ။ မြေနီလမ်းကလေးတစ်ခုရောက်တော့ အထဲ နည်းနည်း ကွေ့ဝင်ပြီး ကားကို ရပ်လိုက်သည်။ ကားမှန်ကလည်း ၀ိုက်ပါသုတ်တဲ့နေရာကလွဲပြီး မှုန်ဝါးလို့နေသည်။

ဘာမှမပြောပဲ အကြာကြီး ထိုင်နေကြပြီးမှ ရှိနေလားလို့ သူက ခပ်တိုးတိုးမေးလိုက်သည်။သူမက ခေါင်းဆတ်ပြရင်း ညာဘက် လေးဆယ့်ငါးဒီဂရီလောက်ကို လက်ညှိုးထိုးပြသည်။
သူ့ရင်တွေ အခုန်မြန်လာသည်။ ငါ့သစ်ပင်လည်း အဲဒီနေရာမှာပဲလို့ ပြန်ပြောလိုက်သည်။
သူမရဲ့ သစ်ပင်နဲ့ သူ့ရဲ့ သစ်ပင် တူတူပဲလားဆိုတာ သူတို့နှစ်ယောက် အဖြေရှာကြည့်ကြသည်။ အရွယ်ကဘယ်လောက်၊ အရွက်တွေက ဘယ်ပုံစံ ပြောရင်း ပြောရင်း သစ်ပင်နှစ်ပင် တူသလိုလို မတူသလိုလိုနဲ့ မဆုံးဖြတ်နိုင်ကြ။

ကားပေါ်ကဆင်းပြီး အဲဒီဘက်ကို တည့်တည့်လျှောက်သွားကြည့်ဖို့ သူက ပြောတော့ သူမက သဘောမတူ။ နှင်းတွေ ဒီလောက်ကျနေတာ အအေးတွေမိပြီး နင်နောက်နေ့ အလုပ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ သူမက အကြောင်းပြသည်။

နောက်တော့ သူတို့နှစ်ယောက် လိင်ဆက်ဆံဖြစ်ကြသည်။ ဘေးကနေကြည့်လျှင် သူတို့ လိင်ဆက်ဆံနေပုံက သမားရိုးကျနဲ့ မြင်ကွင်းတွေနှင့် တူမည်မဟုတ်။ တစ်ယောက်ဆီမှာ တွယ်ကပ်နေတဲ့ သစ်ပင်ကို နောက်တစ်ယောက်က နှုတ်ပစ်ဖို့ ကြိုးစားနေသလိုပုံမျိုးနဲ့ နာရီပေါင်းများ စွာ မရပ်မနား။

-မိုးဆတ်

Read Full Post »