ဖေ့စ်ဘွတ်မယ် ဖရင်းတစ်ယောက်က နတ်သမီးတံဆိပ် ယမ်းမီးခြစ်ဘူးလေး တင်ထားတာတွေ့တော့ စတိုးဆိုင်မယ် ကိုယ်ဝယ်နေကျ ပစ္စည်းလေးတွေ မတင်တော့တဲ့အခါ ကြုံရတဲ့ ခံစားမှုအကြောင်း The Map and Territory ထဲမယ် ၀ဲလဘက်ရေးဖူးတာကို သွားသတိရတယ်
စတိုးဆိုင်ဆိုရာမှာလည်း သူတို့ဆီက ဝေါလ်မတ်လို ဆိုင်ခွဲပေါင်း ရာထောင်ချီ ဖွင့်ထားတဲ့ဟာကြီးတွေပေါ့လေ အဲဒီမှာ သိပ်အရောင်းမသွက် (သူတို့ကျေနပ်လောက်အောင် အရောင်းမသွက်)တဲ့ ပစ္စည်းတစ်ခုဟာ စင်ပေါ်ကနေ မကြာခင် အရှင်းခံရမယ် ဈေးကွက်ကနေ ပျောက်သွားမယ် အဲဒီတံဆိပ်လေးမှ အဲဒီပုံစံလေးမှဆိုပြီး အဲဒီပစ္စည်းမှ ပစ္စည်းစွဲစွဲလမ်းလမ်း သုံးတတ်တဲ့သူကတော့ ဆွေးပေတော့ပဲတဲ့
သောက်ကြီးသောက်ကျယ် ပြောကြေးဆိုရင်တော့ ကက်ပီတယ်လစ်ဇင်က အင်ဒီဗီဂျူရယ်အဖြစ်ကို သေးသိမ်သထက် သေးသိမ်အောင် ချုံ့ပစ်နေတာတို့ဘာတို့ ပြောရလိမ့်မယ် တစ်ဦးချင်းရွေးချယ်မှုတွေက ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာတာတော့ အမှန်ပဲ
အခုဆိုရင် ရန်ကုန်မှာ မြေညီထပ်ဝယ် အိမ်ဆိုင်ဖွင့်ပြီး တသက်လုံးထိုင်စားလို့ရတယ်ဆိုရိုးရှိတဲ့ တောသဌေးအိပ်မက်ဟာ တွင်တီဖောဆဲဗင်းစတိုးလေးတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီ မဟုတ်လား စူပါမားကက်ဆိုင်အကြီးအသေးတွေရဲ့ တွင်ကျယ်လာမှုနဲ့အတူ သူတို့ရဲ့ ဆပ်ပလိုင်ယာစာရင်းမှာ မ၀င်တဲ့ ကုန်စည်အမည်တွေဟာ တဖြည်းဖြည်း ထုတ်လုပ်မှု ရပ်တန့်သွားရတာမျိုး ဒီမှာလည်းလည်း ဖြစ်လာနိုင်ပြီလေ
အဲလိုဆိုင်တွေရဲ့ ကျယ်ပြန့်လာမှုနဲ့အတူ နောက်ဆိုရင် ကျွန်တော်တို့ဟာ တချို့ ကုန်စည်အမျိုးအမည်တွေအတွက် ကုန်အမှတ်တံဆိပ်တမျိုးပဲ ရွေးလို့ရတာမျိုးတောင် ဖြစ်လာနိုင်တယ် ခုတောင် ပေါင်မုန့်ဆိုရင် ပူစီ အချဉ်ထုပ်ဆိုရင် ဆွေမျိုးမေ့ ဒိန်ချဉ်ဆိုရင် ဒတ်ခ်ျမေးဆိုတာမျိုး ဖြစ်စပြုနေပီလေ
ကြာလာရင် အဲဒီ တွင်တီဖိုးဆဲဗင်းစတိုးဆိုင်အတွဲတွေမှာ မတင်တဲ့ တခြားကုန်အမှတ်တံဆိပ် တွေဟာ နတ်သမီးတံဆိပ် မီးခြစ်ဘူးလိုပဲ ကျွန်တော်တို့ ဘ၀ထဲက ထွက်သွားကြရလိမ့်မယ် ကျွန်တော်တို့ကလည်း သူတို့ကို ဂျွန်ပလေးယားစပယ်ရှယ်ကို မေ့သလိုမျိုး မေ့သွားကြလိမ့်မယ်ထင်တယ်
-မဆ