(၁)
ရာသီဥတုက သိပ် မကောင်းဘူး။ နယ်ဘက်မှာ မိုးရွာတယ်လို့ ဆိုတယ်။ ဆောင်းတွင်းကြီး မိုးရွာတာ ဘာဆန်းလဲ။ ကြုံနေရတာပဲ။ ရာသီဥတု မကောင်းတာတော့ မဟန်ဘူး။ မနေ့ကတည်းက မကောင်းတာ။ မကောင်းတာကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောလည်း ကောင်းလာမှာမှ မဟုတ်တာ။ ဒီမှာ ဆောင်းရယ်လို့လည်း ပီပီပြင်ပြင် မရှိတော့ဘူး။ ဒါလည်း ကြာပြီပဲ။
(၂)
မနေ့က ချင်းတွင်း စာစောင် ၀ယ်ခဲ့တယ်။ မဂ္ဂဇင်း ထင်တာ။ မဟုတ်ဘဲ စာစောင် ဖြစ်နေတော့ အံ့သြစရာ။ ဘယ်လို သိမ်းရမယ် မသိဘူး။ သာလာယံ ဆိုတဲ့ အသုံးတော့ ကြိုက်တာပဲ။ ချင်းတွင်း သာလာယံ။ ၁၅၀၀ ပေးရတယ်။ ဟိုအရင် မဂ္ဂဇင်း တစ်အုပ် တန်ဖိုးပါပဲ။ ကိုတာ ရှိနေသေးလို့ ချင်းတွင်း ပြန်ဖတ်ရတယ် ဆိုတဲ့ သဘော။ မဆီမဆိုင် အတွေးအမြင်ကို သတိရတယ်။ အတွေးအမြင် မရှိတော့ဘူး။ မရှိတော့ဘူး ဆိုတာ စာအုပ် ဆက်ထွက်တာ၊ မထွက်တာနဲ့လည်း မဆိုင်ဘူး။ ထားပါတော့။ မရှိခြင်းတွေ သိပ်များလာတာ မကောင်းဘူး။
(၃)
ပြောရရင် မနှံ့စပ်တာလည်း ပါတာပေါ့။ ဘယ်နေရာမှာ ဘာရှိတယ်၊ ရှိတာကို ဘယ်လို ရှာရမလဲဆိုတာ မသိတော့တာ။ အောင်ချိမ့်ရဲ့ သမိုင်းဆိုင်ရာ ရုပ်ဝါဒက ကဗျာ ဖြစ်တယ်လား။ “ဒါပေမဲ့ ကျမ ကိုအောင်ချိမ့်ကို မေတ္တာ မမျှနိုင်ပါ”… ဟု….။ တစ်ကြောင်းထဲပဲ။ စကားတွေ အများကြီး ပြောချင်တာ ဖြစ်မယ်။ ပြောစရာတွေ သိပ်များရင် ဘာမှ မပြော ဖြစ်တော့ဘူး။ ဘာမှ မပြောတာပဲ ကောင်းပါတယ်ပေါ့လေ။ အောင်ချိမ့် ကဗျာ ဖတ်ရတာ မဆလခေတ် အငွေ့အသက် ရတယ်။ ဆိုင်ဆိုင် မဆိုင်ဆိုင်ပေါ့လေ။ ခေတ်ကြီးတစ်ခုလုံး ခလုတ်တိုက်မိသလိုမျိုး။ အခုကျ ကျွံကျသွားတာ။ နုတ်မရ။
(၄)
ဒါနဲ့ပဲ ငြိမ်းကျော်ကို သတိရသွားတယ်။ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ အနာဂတ်ကို ယုံကြည်သူများ အတွက်ဆိုလား။ စာအုပ် ပြန်ရှာကြည့်ရမယ်။ အလွမ်းကလေးတွေ မဆွေးမီ မဝေးပါရစေနဲ့တဲ့။ ၀တ္ထုတို တစ်ပုဒ် ခေါင်းစဉ်။ လွမ်းတာတွေ ကြာရင် ဆွေးသွားမယ်။ ပြီးရင် ဝေးသွားမယ်။ မဝေးပါရစေနဲ့ပေါ့လေ။ အဲဒါလည်း မဆလခေတ် သရုပ်မှန်ပဲ။ ဘယ်နှယ့်ကြီး မဆလတွေ ခေါင်းထဲ ၀င်နေပါလိမ့်ပေါ့။ ရေတွင်းကုန်းက ငတုံးတွေ အကြောင်း မြင့်သန်းရေးတယ်။ ဘာမှ ထူးခြားတာ မရှိဘူး။ အရင်အတိုင်းပဲ။
(၅)
အခုလား။ မောင်တင်မြပေါ့။ အိမ်ပြန်ကြစို့လား ဂျိမ်းရေ…ပေါ့။ ပြန်စရာ အိမ်တော့ မရှိဘူး။ ဘယ်နှစ်ကြိမ်မှန်း မသိ ပြောခဲ့ကြတာပဲ။ ဂိုဒေါ့ကို စောင့်ချင်လည်းစောင့်။ အချိန်ကုန်တာ မြန်တယ်။ ကြည်အေး မရှိတော့ဘူး။ တင်မိုး ပြန်လာတယ်။ အသက်တော့ ပါမလာဘူး။ ဘယ်ခေတ်ရောက်ရောက် လွတ်လပ်ရေးနေ့ဆို လမ်းပိတ် ကစားကြတာပဲ။ အောင်ကျော်စည်တွေ ဘယ်ရောက်ကုန်ပြီလဲ။ ခင်ဗျားတို့ကို စိန်ခေါ်တယ်။ အဲဒါလည်း မဆလခေတ်ကပဲ။
(၆)
ချစ်တဲ့အကြောင်းသာ ပြောကြပါလေ။ စိတ်ချမ်းသာရပါတယ်။
– ဇန်န၀ါရီ ၃၊ ၂၀၁၇။
Leave a Reply