သူ့ကိုယ်သူ ပြန်သတိဝင်လာတဲ့အခါ မှန်တစ်ချပ်ရှေ့မှာရောက်နေပြီ။ ပြန်စဉ်းစားတော့ နောက်ဆုံးအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ နှစ်၂၀လောက်က.. သူမသေခင် ဆေးရုံခုတင်တစ်ခုပေါ်ရောက်နေတာပဲဖြစ်တယ်။ တခြားသူတွေကတော့ မမှတ်မိဘူး။ သူ့ကိုယ်သူတော့ သူဟာသေနေပြီလို့ တစ်ထစ်ချယုံကြည်ထားတာပဲ။ ဒါပေမယ့် သူမသေဘူး။ နောက်တော့ ဘောင်းဘီအိတ်ထဲက လက်ကိုင်ဖုန်းတုန်ခါသံကို ခံစားမိတယ်။ ဖွင့်ကြည့်လိုက်တော့ ဒီကနေ့ ၆နာရီခွဲ ရုပ်ရှင်ပွဲအတွက်နောက်မကျဖို့ လူတစ်ယောက်ဆီက ပို့လိုက်တဲ့ စာ။ အဲဒါနဲ့ လိပ်စာရောလို့ သူပြန်ရိုက်ထည့်လိုက်တယ်။ သူ့ကိုယ်သူ သိပ်သိချင်နေတယ်။ သူဘယ်ကလာတယ် သူ့နာမည် ဘယ်သူ။ သူ့ကိုသိတဲ့ သူတွေက တဆင့် သူ့ကိုယ်သူ ပြန်သိခွင့်ရမှာပဲလို့ ထင်နေတယ်။ သူ့ကို မသိသေးတဲ့သူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ အိမ်ထဲကိုကြည့်တော့လည်း သူတစ်ယောက်ထဲပဲရှိတယ်။ နာရီကိုကြည့်တော့ ၅နာရီပဲ ရှိသေး။ ဒါပေမယ့် သူ့ဝတ်စားပြီနေပြီ။ ဘာအတွက်လဲဆိုတာတော့ စာဖတ်သူရဲ့ ခန့်မှန်းချက်ဟာ သူ့ခန့်မှန်းချက်ထက်တောင် ကောင်းရင်ကောင်းနေနိုင်ပါသေးတယ်။ နောက်ထပ် ပွဲလမ်းသတင်တစ်ခုများရှိနေသလား။ သူ့ဝတ်ပုံစားပုံကိုကြည့်ပြီး သူ့ကိုယ်သူ ပြန်မှန်းကြည့်တယ်။ နိုင်ငံတော်အခမ်းအနားတစ်ခုခုတော့ မဟုတ်လောက်ဘူးထင်ပါတယ်။ ရှိသမျှအိတ်ကပ်တွေလိုက်စမ်းကြည့်တော့ အပေါ်အင်္ကျီထဲကနေ လက်မှတ် ဖြတ်ပိုင်လေးတစ်ခုထွက်လာတယ်။ ဖတ်ကြည့်လိုက်တော့ ကမ္ဘာပေါ်မှာ ရှိတယ်လို့ သူသိမထားတဲ့ နိုင်ငံတစ်ခုဆီ အသွားအပြန်လေယာဉ်လက်မှတ်နှစ်စောင်။ အဲဒါကို စဉ်းစားနေရင်းက ပြန်သတိထားမိချိန်မှာ သူထွက်လာတဲ့ အိမ်အရှေ့က ရပ်ထားတဲ့ ကားတစ်စီးပေါ်ရောက်နေပြီ။ သော့ကလည်း တပ်လျက်သားပဲ။ အဲဒါနဲ့ပဲ စက်နှိုးပြီး မောင်းထွက်သွားလိုက်တယ်။ လမ်းတစ်လျှောက်မှာ သူမသိတဲ့ လူတွေ၊ သူ အကျွမ်းမဝင်တဲ့ ရှုခင်း၊ တချို့က သူ့ကို လက်တွေ ရမ်းပြတယ်။ သူလည်း အားနာနာနဲ့ ခေါင်းပြန်ညိတ်ပြတယ်။ အဲဒီနေတဆင့် သူကိုယ့်သူ အားနာတတ်တဲ့ စရိုက်ရှိကြောင်း သတိထားမိသွားတယ်။ မီးပွိုင့်မှာ ကားကိုရပ်ထားတုန်း ပန်းစည်းကိုင်းထားတဲ့လူတစ်ယောက် နောက်ကနေပြီး သူ့ဆီချဉ်းကပ်လာတယ်။ ပန်းတွေကိုကြည့်နေရာကနေ ရုတ်တရက် ပန်းတွေကြားက သေနတ်တစ်လက်ကို သူ လှမ်းမြင်မိတယ်။ မြင်မြင်ချင်းပဲ သူကားကို မောင်းထွက်ဖို့ဂီယာထိုးလိုက်တယ်။ ဒါပေမယ့် ဒုတိယအတွေး… ဒုတိယအတွေးတစ်ခုက သူ့ခေါင်းထဲဝင်လာချိန်မှာတော့ သူ့ကားကို သူ စက်သတ်လိုက်တယ်။ ပန်းစည်းကိုင်ထားသူလည်း ကြိုတင်ကြံစည်ထားတဲ့အတိုင်း အနားကို ကပ်လာတယ်။ သူကတော့ မျက်လုံးကို မှိတ်ထားလိုက်ပြီး စီယာတိုင်ကိုခပ်ဖွဖွလေး ကိုင်ထားမိတယ်။ အနားရောက်တော့ သေနတ်ကို ထုတ်ပြီး သူ့ခေါင်းကို ချိန်ပစ်လိုက်တယ်။ ဒိုင်းခနဲ သေနတ်သံကြောင့် လူတွေ ခဏတော့ လန့်သွားတယ်။ ပြီးတော့ ကိုယ့်လမ်းကိုယ် ဆက်သွားကြတာပါပဲ။ အဲဒီအချိန်ကစပြီး ကိုယ့်ကိုယ်ကိုမသိတော့ခြင်းရောဂါဟာ အဲဒီမြို့လေးတစ်မြို့လုံးကို ကူးစက်သွားလေရဲ့။
K.N.
၂၀၁၇ မတ် ၅
Leave a Reply