ဝရန်တာမှာတွဲလောင်းချထားတာက ငါးမျှားချိတ်
လေထဲမှာ မျက်တောင်မခတ်တဲ့ ငါးတွေ
စိတ်ကလေးများ ဆတ်ခနဲခါယမ်းသွားမလား
ဂျွန်လန်နွန်ရဲ့ စိတ်ကူးစိတ်သန်းတွေကို
ပြေးဟပ်မယ့် ပါးစပ်တွေကိုစောင့်ခဲ့တယ်။
ခေါ်လိုက်တိုင်း နံရံတွေကနေပြန်ကန်ထွက်
နာမည်တွေက ယင်ကောင်တွေလို
မှန်ပြတင်းကို မိုက်ရူးရဲတိုးတယ်
လမ်းကပစ်လိုက်တဲ့မြားတွေ မျက်နှာအနှံ့ တရစပ်
ကောင်းကင်ဘုံကြီးကျလာမယ်အထင်နဲ့
လိုက်ကာကိုဆွချပြန်တော့
ကကွက်အလယ်မှာကျလာတဲ့ ကန့်လန့်ကာလိုပဲ
စိတ်ကိုပိတဲ့ အမှောင်။
ကားရှေ့မီးကြီးလို
မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက်လုပ်လည်း
တယောက်တည်းအမှောင်က နည်းနည်းမှမလျော့
မြို့သားအားလုံးကို လျစ်လျူရှုထားတဲ့မြို့လိုပဲ
အိမ်သားတယောက်ရဲ့သေလိုစိတ်မှာ
အိမ်က မသိကျိုးကျွံပါပဲ။
ဘုရားတွေအချင်းချင်း တန်ခိုးပြိုင်အပြီးမှာ
လူတွေတယောက်မှ မကျန်တော့ကြောင်း
သတင်းစာနဲ့ ထုပ်ပိုးထားတဲ့ နိုင်ငံဟာ
အစွန်းအထင်းတွေ စိမ့်ထွက်နေကြောင်း
ချည်သားထဘီဟာ
နပ်စ်မလေးရဲ့တင်ပါးပေါ်မှာ ပိုနူးညံ့ကြောင်း
မမြင်ကွယ်ရာက အမှောင်ထုကြီးလင်းလာအောင်
ရှုထောင့်တွေ လိုက်ရွှေ့နေမိတယ်။
ပီမို
၀၄၀၃၂၀၁၇
Leave a Reply