တံခါးခေါက်သံနဲ့တစ်ဆက်တည်း အော်ခေါ်သံမှာ ရင်ဟာပွင့်ထွက်သွားတယ်။
ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်မှုထဲ ငရဲခွေးတွေ စူးစူးဝါးဝါးထိုးဟောင်လို့။
ရေပန်းစားနေသော သီချင်းများ ခေတ္တရပ်၊ နား။
ခလုတ်နဲ့အတူတူ ဘ၀ကိုပါ ဆွဲပိတ်လိုက်။
အသံတွေ အသံတွေက နံရံပေါ်စီးကျနေတဲ့ မိုးရေတွေလို။
အိမ်ဟာ ငိုနေတယ် နေ့ခင်းကြောင်တောင် ကန်းနေတဲ့အမှောင်ထဲမှာ။
ကျောင်းဆင်းချိန် ရှုပ်ယှက်ခတ်နေတဲ့ လူအုပ်ကြားထဲ ကောက်ရခဲ့တဲ့ ပ၀ါအနီကလေးတစ်ထည်နဲ့
ခေါင်းမဖော်ရဲသောလမ်းများပေါ် အရိပ်တွေအချင်းချင်း တက်နင်းမိကြတယ်။
ဖေဖေ၀ယ်လာတဲ့ ခေါက်ဆွဲကြော်ထုပ်ကလေးဟာ သွေးတွေစွန်းလို့
ဖေဖေ သေသေ ချာချာ ကိုင်ဆွဲလာခဲ့တာ အသိသာကြီး။
နျူဓာတ်ပါတဲ့လေထက် ယမ်းဓာတ်ပါတဲ့လေကို ရှူနေရတာ အသက်ရှူရ ပိုကြပ်လာသလိုလို။
စိတ်နဲ့ကိုယ် ဆက်ထားတဲ့ကြိုးကလေး ပြတ်တောက်သွားပုံက လန်သွားတဲ့လေတံခွန်အလား။
အသက်ကို အသက်အတွက် ဆက်လက်မွေးမြူထားရပြန်ပြီ။
အရာမရောက်ဘဲ အရွယ်ရောက်လာခြင်းက အရွယ်အရာယွင်းမှုပဲ။
လူရောစိတ်မှာပါ တစ္ဆေ၀င်ပူးသွားတာ မသိခဲ့ကြဘူး။
ဝက်အူကို ဦးခေါင်းခွံထဲ တဖြည်းဖြည်း စုပ်သွင်းထားတာ။
ခြေဟောင်းလောင်း ဖင်ဟောင်းလောင်း ဗိုက်ဟောင်းလောင်း လက်ဟောင်းလောင်း ရင်ဟောင်းလောင်း ခေါင်းဟောင်းလောင်း။
ဟောင်းလောင်းပေါက်ဟာ အကောင်းဆုံးဓာတ်ပုံနဲ့ မျက်နှာဖုံးသတင်း။
ကားကို တရကြမ်းမောင်းထွက် ကားဘီးတာယာက နှလုံးသားကို တက်ကြိတ်တယ်။
ဘာမှဖတ်လို့မရအောင် ဝေသီလာပြီး စာမျက်နှာပေါ် မျက်ရည်ပေါက်ပေါက်ကျ။
သွေးသားဟာ တစ်လက်မထက်ပိုပြီး ကျူးကျော်ခံလိုက်ရ။
လူဖြစ်ခြင်းဆိုင်ရာ အမြတ်ထုတ်ခံလိုက်ရ။
မြို့ရဲ့ ကြယ်သီးပြုတ်နေတဲ့ အင်္ကျီမှာ ခေတ်ပျက်မုဒိန်းသမားရဲ့ ဒီအန်အေက စွဲကျန်ခဲ့တယ်။
နာမည်ကို လက်မောင်းနှစ်ဖက်မှာ ရေးထိုးထားတာ ဖျတ်ခနဲ။
လည်ကုပ်ပေါ်ဝဲနေသော ဓားများ လှံများ သန်လျက်များ။
မြေပုံပေါ်က အနီရောင်ကြက်ခြေခတ်တွေနဲ့ လမ်းတွေကိုလည်း တစ်ခါမှအကြာကြီး စိုက်မကြည့်ဖူးဘူး။
အကြောင်းအရာတွေကို ဒီတစ်ရက်တည်းက ကျော်မသွားဖို့ မနည်းထိန်းထားရတယ်။
ပြီးမှ ဘ၀တွေကိုလိုက်ကောက်ပြီး မည်းမည်းမြင်ရာ အတုံးလိုက်အတစ်လိုက် ချရေးပစ်လိုက်တယ်။
တစ်ကြောင်းစီ တစ်စစီ မရတော့တဲ့ အထိ။
ပီမို
၂၆.၁၀.၂၀၁၃