၂၀၁၆-၁၇ တုန်းက ၀တ္ထုတစ်ပုဒ်ကို အပြီးသတ်ဖို့ သူကြိုးစားနေခဲ့သည်။ ဒါမှမဟုတ် ၀တ္ထုတစ်ပုဒ်ကို အကြိမ်ကြိမ် ပြန်ရေးနေခဲ့သည်။ ၂၀၁၆-၁၇ ဆိုတာ ပြက္ခဒိန်နှစ်တစ်နှစ်မဟုတ်ဘဲ ပညာသင်နှစ်လိုမျိုး ဘဏ္ဍာရေးနှစ်လိုမျိုး ပြက္ခဒိန်နှစ် နှစ်ခုပါဝင်သည့် ကာလအပိုင်းအခြားတစ်ခုပေါ့။
ဇာတ်လမ်းအစကတော့ အရက်ဝိုင်းမှာ ဟိုရောက်ဒီရောက် ပြောကြရင်း ရာဇ၀တ်မှုထူထပ်များပြားလာခြင်းဆိုတဲ့အကြောင်းဆီရောက်သွားကြသည်။ သူငယ်ချင်းတွေ တစ်ယောက်တစ်ပေါက် အဲဒီအကြောင်း ပြောကြရကနေ ကလေးတွေ လူကို ဓားနဲ့ထိုးဖို့ ၀က်နဲ့အရင်အထိုးသင်ပေးတဲ့အကြောင်းဆီ ရောက်သွားသည်။ အဲဒီအကြောင်းကို ၀တ္ထုတစ်ပုဒ်ဖြစ်အောင်ရေးမည်ဟု သူပြောခဲ့ပြီး ရေးလည်းရေးခဲ့သည်။
“မြို့ကလေးကလူတွေက ရေသာဘက်က လူတွေနဲ့ ဘယ်တော့မှ ပြဿနာမဖြစ်ချင်ကြ။ ဒီလူတွေက သူတို့ နာကြည်းပြီဆိုရင် အဲဒီလူနဲ့ နောက်ဘယ်တော့မှ မျက်နှာချင်း ပြန်မဆိုင်မိအောင် လုပ်လေ့ရှိသည်။ အဲဒီလိုလုပ်သည်ဆိုရာတွင်လည်း လူကြီးတွေ ကိုယ်တိုင် ဘယ်တော့မှ မလုပ်။ အသက်မပြည့်သေးသည့် ကလေး တစ်ယောက်ကို လုပ်စရာရှိသည်များ သင်ပေးပြီး လုပ်ခိုင်းလိုက်သည်။ နောက်ဆုံး မိသွားလျှင်လည်း အသက်မပြည့်သေးသည့်အတွက် သီးသန့်သတ်မှတ် ထားသော စခန်း ဒါမှမဟုတ် ကျောင်းလို နေရာမျိုးမှာ နှစ်အနည်းငယ်နေပြီး ပြန်လွတ်လာမြဲဖြစ်သည်။ နောက်ထပ် နာကြည်းစရာကိစ္စ တစ်ခုပေါ်လာလျှင်လည်း နောက်ကလေးတစ်ယောက်ကို လေ့ကျင့်ပေးပြီး လုပ်စရာရှိသည်ကို လုပ်ခိုင်းမြဲဖြစ်သည်”
ဝတ္ထုထဲမှာ သူအဲဒီလို ထည့်ရေးထားခဲ့သည်။ ၀တ္ထုကို ၂၀၁၆ မကုန်ခင် အပြီးသတ်နိုင်အောင် ကြိုးစားသည်။ ၀တ္ထုထဲမှာ ထည့်သွင်းမည့် အပိုင်းအစတစ်ချို့ကို သူ၏ ဖေ့စ်ဘွတ်အကောင့်တစ်ခုတွင် စတေးတပ်အဖြစ်ပင် တင်လိုက်သေးသည်။ ၀တ္ထု၏ အဓိက ဇာတ်ကောင်ဓားထိုးခံရပြီး မသေခင်နာရီပိုင်းအတွင်း အာရုံတွင် ပေါ်လာသည့် ပုံရိပ်များအဖြစ် အဆိုပါ အစိတ်ပိုင်းများကို တည်ဆောက်ထားခြင်းဖြစ်သည်။ လူတွေဟာ မသေခင် ကိုယ့်ဘ၀ကိုယ် ရုပ်ရှင်ပြကွက်တွေပြန်ပြသလို မြင်ရတယ်ဆိုတာမျိုးဟု ပြောရမည်။
တကယ်တော့ အဲဒီတုံးက ရောဘတ်တိုဘိုလာနိုးရဲ့ ၂၆၆၆ ကို ဖတ်နေတုံး အဲဒီဆရာသမားရဲ့ လုပ်ကွက်တွေကို ဂါပြီး လိုက်လုပ်ကြည့်တာဖြစ်သည်။ အရက်ဆိုင်မှာ ဘေးဝိုင်းကပြောသမျှ ကြားနေရတာ၊ စားသောက်ဆိုင်မှာ တီဗွီက ပြနေတာတွေကိုလည်း ၀တ္ထုထဲ ထည့်ရေးတာမျိုးပေါ့။
၂၀၁၆ ကုန်ခါနီး သူချင်းတောင်သို့ ရောက်သွားသည်။ ၀ိတိုရိယတောင်ကို တက်လိုက်သေးသည်။ စာအုပ်တွေထဲမှာ ဖတ်ရသလို ဘာကျေးငှက်ပန်းမန်မှ သေသေချာချာ မတွေ့ရတော့။ တောင်ဇလပ်ပန်းတောင် ဟိုနားဒီနား နည်းနည်းပါးပါးပဲ တွေ့ရတော့သည်။ ချင်းတောင်မှာ ရှိနေစဉ် ၀တ္ထုကို နည်းနည်းပြန်ဖတ် နည်းနည်းပြန်ရေးလုပ်နေသည်။ နှစ်သစ်ကူးကို တောင်ပေါ်က ဟိုတယ်တစ်လုံးမှာ မီးပုံပွဲနှင့် ဖြတ်သန်းလိုက်သည်။ ၀တ္ထုကတော့ မပြီး။
ဇန်န၀ါရီလထဲရောက်တော့ ၀တ္ထုဘက် ပိုလို့မလှည့်ဖြစ်။
ဖေဖော်ဝါရီမှာလည်း ထိုနည်းနှင်နှင်။
မတ်လထဲမှာ အလုပ်မှာ အဆင်မပြေသည်နှင့် ခွင့်နည်းနည်းယူပြီး ငလိုက်ကန်သာဟုနာမည်ခံထားသော ဆည်ဘေးက ဟိုတယ်တစ်လုံးဆီ သူရောက်သွားသည်။ အဲဒီမှာ သူ့ဝတ္ထုကို စိတ်ကြိုက်ပြင်ပြီး အဆုံးသတ်လိုက်နိုင်သည်။
“၁၄း၁၆
၂၀၁၇ မတ် ၁၁
ငလိုက်ရီဆော့” ဟု ၀တ္ထုအောက်ခြေမှာ ရေးထားလိုက်သည်။ ပြီးပြီပေါ့။
နောက်တော့ ဧပြီလထဲမှာ မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်ရှည်ရောက်လာသည်။ သူလည်း အပူနှင့် ရေရှောင်ရအောင် ရှမ်းပြည်ဘက် တက်ခဲ့သည်။ ကလောမှာ သူငယ်ချင်းတစ်ယောက်ရဲ့ သစ်လုံးအိမ်မှာ နေခွင့်ရသည်။ မြို့နှင်သိပ်မဝေးသော်လည်း သဘာဝထင်းရူးတောအတွင်း လူသူရှင်းပြီး တိတ်ဆိတ်ငြိမ်းချမ်းလှသည့်နေရာ ဖြစ်နေသည်။ တစ်နေ့တစ်နေ့ သူမမြင်ဘူးသော ငှက်ရောင်စုံတွေ သူ့အနီးအနားမှ ဖြတ်ပျံသွားသည်ကို ငေးမောနေရသည်။ တညတော့ တစ်ဘက်တောင်ကြောတွင် တောမီးလောင်သည်နှင့်အိပ်မပျော်နိုင်။ အဲဒီမှာ သူ့ဇနီးနှင့် စကားထိုင်ပြောနေကြရင်း ၀တ္ထုနောက်တစ်ပုဒ်ရေးဖို့ စိတ်ကူးစရလာသည်။ သင်္ကြန်ရက်တွေမှာ ဘယ်မှာမသွားဘဲ ၀တ္ထုကို အကြမ်းရေးလိုက်သည်။
သင်္ကြန်ပြီးနောက်ရက်များမှာတော့ နေပြည်တော်တွင် အလုပ်ကိစ္စဖြင့် ရက်ရှည်နေနေစဉ် သူ့သူငယ်ချင်း တစ်ယောက် အဲဒီကို ရောက်လာသည်။ အဲဒီသူငယ်ချင်းက သူ့ဝတ္ထုတစ်ပုဒ်ကို သေချာဖတ်ပြီး ဝေဖန်ဖူးသူ။ သူလည်း သူ့ဝတ္ထု (ဒီဝတ္ထုအရဆိုလျှင် ပထမ ၀တ္ထု) ကို ပရင့်ထုတ်ပြီး သူ့သူငယ်ချင်းကို ပေးလိုက်သည်။ သူတို့နှစ်ယောက် ထွေရာလေးပါ နှစ်နာရီ သုံးနာရီလောက် ပြောပြီးနောက် သူ့သူငယ်ချင်းကို အိမ်ပြန်လိုက်ပို့သည်။ အပြန်လမ်းမှာ သူ့ဝတ္ထု (ဒီဝတ္ထုအရဆိုလျှင် ဒုတိယ ၀တ္ထု) အကြောင်းကို ပြောဖြစ်သည်။
“ပင်စင်စား အဘိုးကြီး အဘွားကြီး လင်မယား..သူ့တို့ဟာသူတို့ နယ်မှာ သူ့တို့ခြံလေးနဲ့ သူအေးအေးချမ်းချမ်းနေနေတာ။ နောက်တော့ ရန်ကုန်မှာ စီးပွားရေး နည်းနည်းအဆင်ပြေနေတဲ့ သမီးကို အဖော်ရအောင်ဆိုပြီး အဘွားကြီးက ရန်ကုန်ပြောင်းသွားတယ်။ အဘိုးကြီးက သူ့ခြံထဲမယ် သစ္စာပန်းတွေ စိုက်ပြီး နေကျန်ခဲ့တယ်။ တစ်နှစ်နှစ်နှစ်နေတော့ အဘိုးကြီး ရေချိုးခန်းထဲ ချော်လဲပြီး လက်ကျိုးသွားတယ်။ သားအမိနှစ်ယောက် ကျန်းမာရေးစစ်ဖို့ အကြောင်းပြပြီး အဘိုးကြီးကို ရန်ကုန်ခေါ်သွားတယ်။ နောက်တော့ ဟိုလှည့်ဒီလှည့်နဲ့ ပြန်မလွှတ်တော့ဘူး။ အဘိုးကြီးက ရန်ကုန်က တိုက်ခန်းထဲက ဘ၀မှာ ဘယ်လိုမှ မပျော်ဘူး။ သမီးနဲ့ မိန်းမကလည်း နယ်ကို လုံးဝ ပြန်မလွှတ်တော့ဘူး။ နှစ်သိပ်မကြာဘူး။ အဘိုးကြီး ကျန်းမာရေး ချို့ယွင်းလာပြီး အိပ်ယာထဲ လဲတယ်။ အိပ်ယာထဲမှာ သုံးနှစ်လောက်နေပြီးမှ အဘိုးကြီးဆုံးတယ်။ အဘိုးကြီးလည်းဆုံးရော သားအမိနှစ်ယောက်က နယ်ကခြံမှာ ပြန်နေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီမှာ ခြံထဲက သူတို့အိမ်ကို အလည်ရောက်လာတဲ့လူကို သူတို့ပြောပြတဲ့အကြောင်းပြချက်က အဘိုးကြီးလည်း မရှိတော့ဘူးဆိုတော့ ရန်ကုန်မယ် ဆက်နေစရာအကြောင်းလည်း မရှိတော့ဘူးလေတဲ့”
အဲဒါကတော့ သူ့သူငယ်ချင်းကို သူပြောပြခဲ့တဲ့ သူ့ဝတ္ထုရဲ့အကြောင်းပဲ။
နောက်တော့ မေလတစ်လလုံးနီးပါ သူ့ရုံးအလုပ်တွေနဲ့ သူရှုပ်နေခဲ့တယ်။
ဇွန်လရဲ့ မိုးရေစက်တွေနဲ့အတူ သူနေထိုင်ရာ ရန်ကုန်မြို့ကို သူပြန်လာခဲ့တယ်။ အဲဒီမှာ သူ့သူငယ်ချင်းဆီက သူ့ဝတ္ထုနဲ့ ပတ်သက်ပြီး ဘာမှ ပြန်မကြားရေးသေးဘူးဆိုတာ သတိရလာတယ်။ သူ့ကွန်ပျူတာကို သူပြန်ဖွင့်တယ်။ ပထမဆုံး သူ့ဝတ္ထု (ပထမ ၀တ္ထု)ထဲက အဓိက ဇာတ်ကောင်ရဲ့ ဘ၀အဖြစ်သနစ် အပိုင်းအစတွေကို သူဖျက်ထုတ်ပစ်လိုက်တယ်။
အောက်ကဟာတွေကတော့ သူဖြတ်ထုတ်ပစ်လိုက်တဲ့ အပိုင်းအစတွေပဲ။
“ ရှင်က သိပ်အဆီကွပ်ချင်တာပဲနော်။ ပြောရင်းဆိုရင်း ဂျာတောင်က ကိုကြည်ဝေး၏လက်ကို သူမ၏ ပေါင်ပေါ်မှ အသာအယာ ဖယ်ရှားလိုက်သည်။ သူတို့နှစ်ယောက်သည် စမ်းချောင်းလေး တစ်ခု၏ နံဘေးတွင် ထိုင်နေကြခြင်းဖြစ်သည်။ ဟိုးအဝေးကြီးမှာ လှမ်းမြင်နေရသည့် နှင်းတွေဖုံးနေသည့် တောင်ဆီမှ စီးဆင်းလာသည့် စမ်းချောင်းကလေးထဲတွင် တောင်ကျရေစီးကြောင့် လုံးဝန်းနေသော ကျောက်တုံးလေးများရှိနေသည်။ ကိုကြည်ဝေးက အနေရခက်ဟန်ဖြင့် ကျောက်တုံးလေးများကို ကောက်ပြီး ရေထဲသို့ လှမ်းပစ်နေသည်။ ဂျာတောင်က ဘာမှမဖြစ်ဟန်ဖြင့် စကားဆက်သည်။ တကယ်တော့ ဒီတောင်ကို ဂျပန်တစ်ယောက်က ပထမဆုံး တက်တယ်ဆိုပြီး မှတ်တမ်းတင်ထားကြတာ ရယ်စရာပဲ။ ဒီအနီးအနားရွာတွေကနေ ဒီတောင်ကို တက်ဖူးတဲ့လူတွေ အများကြီးပဲလေ။ အမြင့်ဆုံး ထိပ်ထိရောက်ဖူးတဲ့သူတွေလည်း ရှိတာပဲ။ ဒါပေမယ့် သူတို့မှာ မှတ်တမ်းမှ မရှိတာ။ ကိုကြည်ဝေးက ဂျာတောင်ကို လှည့်မကြည့်ပဲ နောက်ထပ် ကျောက်တုံးတစ်တုံးကို ခပ်လှမ်းလှမ်းရောက်အောင် အားစိုက် ပစ်ပေါက်လိုက်သည် ..”
“ရေပေါ်တွင် ပေါ်ရုံသည်ဆိုမျှသာ ပေါ်နေသော ဗိုလ်ချုပ်၏ လက်တွေက အသားကုန် ဝှေ့ယမ်းနေသည်။ တကယ်တော့ ဗိုလ်ချုပ်ကို ကိုကြည်ဝေး သေချာမသိ။ တစ်နိုင်ငံလုံး ဖြစ်ပွားသော လူထုံအုံကြွမှုအတွင်း ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး တောထဲတွင် ဖွဲ့စည်း လိုက်သည့် ကျောင်းသားတပ်မတော်တွင် အရေးပါသော စစ်ဘက်ရာထူးတစ်ခုကို ယူထားသူအဖြစ်သာ သူသိသည်။ ကျောင်းသားရဲဘော်များက သူ့ကို ဗိုလ်ချုပ်ဟုပဲ ခေါ်ကြသည်။ ဗိုလ်ချုပ်သည် ညဘက် ကင်းများကို လိုက်စစ်ရင်း ငိုက်မြည်းနေသည့် ကျောင်းသားရဲဘော် တစ်ယောက်တွေ့ပါက သူ့တဲသူပြန်အိပ်ခိုင်းပြီး သူကိုယ်တိုင် ကင်းဆက်စောင့် လေ့ရှိကြောင်း သူများတွေ ပြောတာ ကြားဖူးသည်။ ကိုကြည်ဝေးတို့ ဂစ်တာတီးနေသည့်ဆီကို ပေါက်ချလာပြီး ဘယ်လိုမှ ကီးမ၀င်သည့်အသံဖြင့် သီချင်းအတင်းလိုက်ဆိုသည်ကိုမူ ကိုယ်တိုင်ကြုံဖူးသည်။ ဗိုလ်ချုပ်နှင့် ပတ်သက်ပြီး သူ နောက်ဆုံး သိလိုက်ရသည်က ရေမကူးတတ်ခြင်းပင်။ သူတို့ကူးဖြတ်နေသည့် နယ်ခြားမြစ်က ရေစီးကြမ်းလှသည်။ သူတို့ လှေကို ခက်ခက်ခဲခဲ ပြန်လှည့်လိုက်နိုင်သည့် အချိန်တွင် ဗိုလ်ချုပ် မရှိတော့..”
“၀ုန်းခနဲ ပေါက်ကွဲသံနှင့်အတူ မီးခိုးလိုလို အရာများ လွင့်ပျံလာသည်။ စစ်သားတစ်ယောက်က ကိုရင်လေးလက်ထဲမှ အလံကို အတင်း ဆွဲယူပြီး သူ့ကို ကန်ကြောက်လိုက်သည်။ ကိုကြည်ဝေးက ခဲလုံးတစ်လုံးကို ကောက်ပြီး လှမ်းပေါက်သည်။ ခဲလုံးက ကြီးနေသဖြင့် စစ်သားဆီကို မရောက်ဘဲ သူ့ရှေ့ မလှမ်းမကမ်းက လူကို သွားထိသည်။ ထိုလူ လဲကျသွားသည်။ မီးခိုးဖြူဖြူများက ပိုပြီး ထူထပ်လာသည်။ လဲကျသွားသူသည် လက်တစ်ဘက်ဖြင့် ခေါင်းကို ဖိထားပြီး ကျန်လက်တစ်ဖက်က အကူအညီ တောင်းသည့်ဟန်ဖြင့် ဝှေ့ယမ်းနေသည်။ လူအုပ်က တဖြည်းဖြည်း ကိုကြည်ဝေးဘက်သို့ ပိကျလာသည်။ တခဏအတွင်း ကိုကြည်ဝေးကိုယ်တိုင် မျက်လုံးများ စပ်လာပြီး အသက်ရှုကြပ်လာသည်..”
“ဆေးရုံအ၀င်ဝတွင် လူတွေစီခနဲ ဖြစ်သွား ကြသည်။ ထိုးဆိုက်လာသည့်ကားပေါ်မှာ အနီရောင် အလုံးကြီးတစ်လုံး လိမ့်ဆင်းလားသည်။ ကိုကြည်ဝေး သေချာထပ်ကြည့်လိုက်တော့ အဲဒါ ခန္ဓာကိုယ် အောက်ပိုင်း တ၀က်လုံး သွေးတွေရွှဲနစ်နေသော အမျိုးသမီးတစ်ဦးကို ဘုန်းတော်ကြီးပုံစံ ၀တ်ဆင်ထားသူတစ်ဦးက ပွေ့ချီလာတာ ဖြစ်နေသည်။ ထိုသူက ပါးစပ်မှလည်း ရှေ့ကလူတွေကို လမ်းဖယ်ပေးဖို့ အော်ဟစ်နေသည်။ စက္ကန့်ပိုင်းအတွင်း သူတို့တွေ ကိုကြည်ဝေး အနား ရောက်လာကြသည်။ လူနာဟုထင်ရသူ အမျိုးသမီး၏ ခေါင်းသည် ပွေ့ထားသောလက်၏နောက်ဘက်သို့ လန်ကျနေဖြင့် သူမ၏မျက်နာကို ဇောက်ထိုး အနေအထားဖြင့် တွေ့လိုက်ရသည်။ သူတို့ဖြတ်သန်း သွားသည့် ဆေးရုံ ကော်ရစ်ဒါတလျှောက်တွင် သွေးစီးကြောင်းတစ်ခု ပြတ်တောင်းပြတ်တောင်း စီးဆင်း ကျန်ရစ်ခဲ့သည်။ တစ်ယောက်ယောက်က ကိုကြည်ဝေး အနားကပ်ပြီး ပြောလိုက်သည်။ မင်းအဖေ ဆုံးပြီ..”
နောက်ထပ် ပြင်စရာတစ်ခုလည်း ထပ်တွေ့လာတယ်။ အဲဒါကတော့ သူနဲ့ ခင်တဲ့ အယ်ဒီတာရဲ့ နာမည်ကို အဓိက ဇာတ်ကောင်ရဲ့ နာမည်အဖြစ်သုံးထားတာပဲ။ သူက ခင်လို့သုံးထားတာပေမယ့် အဲဒီအချိန် (မေလကုန် ဇွန်လဆန်းလောက်)မှာ အဲဒီအယ်ဒီတာကို ခင်တဲ့လူတွေရဲ့ စာတွေပဲ ထည့်တယ်လို့ ဝေဖန်နေကြတဲ့ အချိန်ဖြစ်နေတယ်။ နာမည်လဲတာကတော့ copy and replace နဲ့ လဲလိုက်ရုံပဲ။ မခက်ဘူး။ ဒါပေမယ့် လဲရမလား မလဲရဘူးလား သူဝေခွဲမရဖြစ်နေတယ်။
နောက်ပြီး ၀တ္ထုထဲမှာ သူပြောချင်တာကော ပေါ်လွင်ရဲ့လားဆိုတာလည်း သူသိပ်မသေချာဘူး ဖြစ်နေတယ်။
မိုးဆတ်
Read Full Post »