ငါ့ရဲ့ တထည်တည်းသော ဂျင်းဘောင်းဘီကို နာမည်ပေးဖို့တွေးတော့ မိုးတိမ်ဆိုပြီး အလိုလိုထွက်လာတယ်။
ထူထပ်ဆိုတာကို ဝါကျဖွဲ့ပါလို့ ဆရာမကပြောတော့
ကျွန်မသည်မိုးတိမ်ထူထပ်ပါသည်လို့ ဖွဲ့တဲ့ ကောင်မလေးကိုလည်း သေတဲ့အထိပြန်တွေ့တော့မှာမဟုတ်ဘူး။
အဲ့တုန်းက အဖေက မြူတွေထဲမှာ။
ငါက မိဘအားမပေးတဲ့ လိင်စိတ်ကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့တာပါ။
ခက်တာက ငါ့လက်ထဲဆုပ်ထားတဲ့ လေရဲ့အရသာကို ပြောမပြတတ်တာပဲ။
ငါ့အရေပြားကို ခြစ်ချလိုက်ရင် သိပ်လှတွေနှင်းတွေထွက်ကျလာမှာပေါ့။
စောက်ရူးထတဲ့ အရွယ်လို့ပြောရင် ဘယ်အရွယ်ကရော စောက်ရူးမထဘူးလဲ။
ဖေ့စ်ဘွတ်ခ်ကတောင် မဒီချင်တဲ့ကောင်က ဆူဇိုက်လုပ်ဖို့ လာမပြောနဲ့တဲ့ ကြိုးဆွဲချနေတဲ့ ပြက္ခဒိန်ထဲက ကောင်မကပြောတယ်။
ငြီးငွေ့ဖွယ်ရာအကောင်းဆုံးဆိုတဲ့စာသားကို လိုက်ရှာတော့ ငြီးငွေ့ဖွယ်ရာက မြူတွေထဲရောက်နေပြီး အကောင်းဆုံးက မိုးတိမ်တွေကြားထဲမှာဆိုတော့ ငြီးငွေ့ဖွယ်ရာအကောင်းဆုံးမဖြစ်ခဲ့။
ငါသွားနေတဲ့ လမ်းကသစ်တောသို့ သို့မဟုတ် တောင်ကုန်းသို့ သို့မဟုတ် ပင်လယ်သို့။
ထင်းရှူးပင်တွေပေါက်မလာခင်အထိ ငါနေပူထဲကစောင့်ခဲ့တယ်။
ပြီးတော့မှ ကော်ဖီခွက်ကို မှောက်ချပစ်လိုက်တယ်။
ကလိုင်းမက်ရှ်က ဒီနေရာမှာပဲလို့ ပြောနေတဲ့လူက ငါ့ဆီကတခုခုမျှော်နေပုံပဲ။
တကယ့်တကယ် အဆက်အစပ်က မြူတွေထူထပ်နေတယ်လို့တွေးရင် ဒီကိစ္စမှာ ငါဗလာပဲ။
ဂျင်းဘောင်းဘီဆီ ပြန်ရောက်စရာအကြောင်းမရှိအောင် လမ်းကို ငါ့ပါးစပ်ထဲထည့်ခဲ့တယ်။
ပီမို
၀၈၀၅၂၀၁၇
Leave a Reply