တမန်တော်ဟာ ငွေရောင် ဂျက်ကက် အင်္ကျီအိတ်ထဲ သူ့လက်တွေ ထိုးထည့်ထားတယ်
စားပွဲပေါ်မယ် လိမ္မော်သီးနီတွေ၁ လိမ့်နေတာ
စားပွဲတစ်ဘက်ကနေ ကျမတို့ ကြည့်ကြတယ်။
ခုန်နေတဲ့အလင်းက ကျမကို ပြတယ်
အပြင်ဘက်မယ် ဆီးပင်တွေဟာ ရှေးခေတ်စစ်သည်တော်တွေ အပြစ်ပေးခံရတဲ့အခါဖြစ်သွားတဲ့
ပြားချပ်ချပ်အလောင်းကောင်တွေနဲ့ တူနေရဲ့။
သူ့ပုံပန်းက ထူးခြားတာမရှိ၊ ဒင်းကတော့ ယုံရတယ်ဟေ့လို့ပြောလေ့ရှိကြတဲ့
သစ္စာတော်ခံပုံမျိုးလေ။
အနာဂတ်အတွက် အချိန်ဇယားတစ်ခုကို အပြီးသတ်နေရသလိုမျိုး
တိတ်ဆိတ်ခြင်းရဲ့ နောက်ကွယ်မှာ တိတ်ဆိတ်ခြင်းဟာ စကားကို သွက်သွက်ပြောနေ။
ကျမရဲ့အထဲက ကျမထွက်လို့မရ
ပြေးရတာလည်း မဟန်
ရုန်းရကန်ရတာလည်း မဟန်
ခုန်ထွက်သွားဖို့လည်း မဟန်
ကောင်းကင်နဲ့ မြေကြီး ရွေ့သွားအောင် ကျမလုပ်နိုင်သမျှက
ဟောဒီ စိတ်ပျက်ဖွယ် နေ့လည်ခင်းထဲ လျော့တိလျော့ရဲ ထိုင်နေရုံ
အချိန်နဲ့ ကျမကြား ဆက်ဆံရေးဟာ အဆင်မပြေခဲ့တော့
ကျမ သူ့ကို ရှောင်နေရုံပဲလေ။
လ ထွက်လာပြီး သူ့ရဲ့မောင်းကလေးကို တီးလိုက်တယ်
ကျမလည်း တံခါးကို ဖွင့်လိုက်တယ်၊ ဆည်းဆာရဲ့ နောက်ဆုံးအလင်းထဲ ကျမ သေမင်းရဲ့ တမန်တော်ကို လိုက်ပို့ခဲ့တယ်
ပြီးတော့ သူနဲ့ ကျမ ကိုယ့်လမ်းကိုယ် ဆက်သွားကြတော့တယ်။
မူရင်းကဗျာဆရာမ – Wang Xiaoni၂
မူရင်းကဗျာ – Meeting Death’s Envoy on a Winter Afternoon
မူရင်းဘာသာ – တရုတ်
အင်္ဂလိပ်ဘာသာပြန်ဆိုသူ – Eleanor Goodman
၁။ ဆန်းကစ်နီနီဆိုရင်တော့ ပိုမှန်မယ်။
Leave a Reply