Feeds:
Posts
Comments

Archive for February, 2018

(ပီကာဆို ပန်းချီများ၏ နောက်ဆက်တွဲ)

 

အဲဒါကို ပထမဆုံး စတွေ့တာ ကျုပ်ပဲ။

 

ဒင်းက ခြေသုံးခြောင်းနဲ့၊ ခေါင်းနှစ်လုံးနဲ့ဗျား။

ကျုပ်တို့ထဲက အသက်အကြီးဆုံးလူတောင်မှ

အဲဒါမျိုး ကြားလည်းမကြား မြင်လည်းမမြင်ဖူးဘူးဆိုပဲ။

အိမ်နားနီးပါးတွေအားလုံး လမ်းပေါ်ကနေ တိုးဝှေ့ကြည့်ကြတယ်၊

နောက်တော့ တစ်ရွာလုံးပါလာပါလေရော၊

အံ့ဖွယ်အဖြစ်က တစ်နယ်လုံးက လူတွေကို ဆွဲခေါ်လိုက်တယ်။

အဲဒီ မကောင်းဆိုးဝါးကို ဒင်းအမေကြီးက

လျှာနဲ့ ရက်ပေးနေတာ ကျုပ်တို့ ကြောက်ကြောက်နဲ့ ကြည့်နေခဲ့ကြတယ်။

 

အဲဒါ စစ်ကြီးဖြစ်နေတုံး အီစတာ တနင်္ဂနွေတစ်ရက်ပေါ့။

 

“ဘုရားရိုက်တာ ဘုရားရိုက်တာ”လို့ အဘွားကြီးတစ်ယောက် ရေရွတ်လိုက်တယ်။

မိန်းမတွေအားလုံး အဲဒီအတိုင်း လိုက်မြည်တမ်းကုန်ကြတယ်။ ယောက်ျားတွေကတော့

မိန်းမတွေရှေ့ ပိတ်ရပ်ပြီး သုန်သုန်မှုန်မှုန်နဲ့ ကြည့်နေကြတယ်။ တစ်ယောက်တစ်ခွန်း ပြောအပြီး

ကလေးတွေကို အိမ်ဖက်ဆီ ပြန်မောင်းထုတ်လိုက်ကြတယ်။

 

“အပြစ်လောကထဲက အပြစ်သားပဲ” အဘွားကြီးက

ထမြည်ပြန် ကျန်တဲ့လူတွေ လိုက်ရွတ်ကြပြန်တယ်။

ယောက်ျားသားတွေကတော့ ဝေခွဲမရပုံမျိုးနဲ့ ၀ိုင်းပတ်ရပ်နေကြတယ်။

 

“သိပ်တော့ မခံလောက်ဘူး မတ်တပ်တောင် မရပ်နိုင်တာ ကြည့်ပါလား”

“ဒင်းဒုက္ခကို အဆုံးသတ်ပေးရမယ်”

ဒါပေမယ့် ဘယ်သူမှတော့ ရှေ့ထွက်မလာကြဘူး။

 

“အပြစ်ကင်းတဲ့သွေးတွေပဲ၊ အပြစ်ကင်းတဲ့သွေးတွေ။ ဘုရားသခင်

ကိုယ်ထင်ပြတော်မူတယ်။ အို .. သူ့ရဲ့တစ်ဦးတည်းသောသား။ သိုးငယ်ရဲ့ မွန်မြတ်သောနေ့မှာ..”

“ဘာပေါက်ကရတွေ ပြောနေကြတာလဲ” တစ်ယောက်ယောက်က မိန်းမတွေကို ငေါက်လိုက်တယ်။

 

သိုးအမေကြီးကတော့ သူ့ရဲ့မကောင်းဆိုးဝါးလေးကို အသာအယာပဲ

ဆက်လျက်ပေးနေတယ်။ မီးဖွားပြီးစ မိခင်တစ်ယောက်ရဲ့

အပျော်တစ်ခြမ်း နွမ်းနယ်မှုတစ်ဝက်ပါတဲ့အကြည့်နဲ့ ၀ိုင်းနေတဲ့လူတွေကို

ရီဝေေ၀ လှမ်းကြည့်တယ်။ နောက်တော့ တစ်ချက်တုန်သွားပြီး

ဓမ္မတာအတိုင်း

အချင်းချလိုက်တယ်။

 

“အံ့စရာပဲဟေ့၊ ငါပြောမယ်၊ အံ့စရာပဲ”

“ပြတိုက်ပို့ဖို့ကောင်းတာဗျ”

“ဟေ့ကောင် မင်းတို့တော့ ပွပြီ” တစ်ယောက်ယောက်က

မိန်းမတွေကို ခဏလောက် တိတ်သွားအောင် လုပ်လိုက်ပြီးတော့

အဲဒီအသံတွေ ထွက်လာပြန်တယ်။

 

“မတ်တပ်ထ ရပ်ချင်နေပုံပဲ”

“တိရိစ္ဆာန်ဆရာဝန် ခေါ်ဟ”

“တိရိစ္ဆာန်ဆရာဝန်ကဖြင့် ရှေ့ရောက်နေပေါ့”

 

ဒင်းခမျာ လုံးဝကို ထမလာတာ။ သိပ်မကြာခင်ပဲ သေရှာတယ်။

ကျုပ်တို့မလည်း ခုမှ စိတ်သက်သာရာတွေရ အိမ်ကိုပြန်ကြတော့တယ်။

 

တစ်နွေလုံး စကားပြောရင် အဲဒီအကြောင်းက ပါ ပါလာတယ်။ တစ်ယောက်ကဖြင့်

အဲဒါကို ပြန်ဖော်မယ်တောင် ကြံသေးရဲ့။ နောက်တော့

မေ့သွားကြတော့တယ်။ ကျုပ်တို့ သိဖူးကြုံဖူးသမျှ

သဘာဝတရားရဲ့ တခြားချောက်ခြားစရာတွေကြားထဲမယ်

တဖြေးဖြေး ဟန်ကျပန်ကျ ဖြစ်သွားတော့တယ်။ နောက်တော့မှ ကျုပ်လည်းသိလာရတယ်။

အဲဒီအချိန်လောက်တုံးက ခြေခြောက်ချောင်းနဲ့ မြင်းတွေ နွားတွေ မွေးတာ၊

ဥရောပနေရာ အတော်များများမှာ မျက်လုံးလေးလုံး ခေါင်းနှစ်လုံး မိန်းမတွေ

တစ်ငိုတည်းငိုနေရတာ၊ ဂျပန်မှာတော့

အားလုံး ခရစ်ယာန် မဟုတ်ပေမယ့် အီစတာသိုးပေါက်စရဲ့

ချောက်ခြားစရာ အမှတ်ရဖွယ်အကြောင်းဟာ

အတော်လေးကို အသက်ဝင်နေသေးတာတွေကိုပေါ့။

 

မူရင်းကဗျာဆရာ – Sándor Kányádi

မူရင်း ကဗျာ – Easter Lamb

မူရင်းဘာသာ – ဟန်ဂေရီ

အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသူ – Paul Sohar

Read Full Post »