ချင်းပြည်ရောက်တုံး ကဖေးကန်ပက်လက်ဆိုတဲ့ ကော်ဖီဆိုင်လေးမယ် ထိုင်မိတယ်
အဲဒီမယ် ဒေသခံတွေနဲ့ စကားရော ဖောရောလုပ်ရင်း အောင်န်ထာန်ဆိုတဲ့ ချင်းတစ်ယောက်က သူ့ဘကြီးအကြောင်း ပြောတာကြားခဲ့ရတယ် သူ့ဘကြီးနာမည်က လန်ထာန်တဲ့ လန်ထာန်က ရန်ကုန်တက္ကသိုလ် တစ်နှစ်လောက် သွားတက်ပြီး ပြန်လာထဲက ငါးမျှားရတာ စွန်းဝါသနာပါလာသတဲ့ ပေ ရှစ်ထောင် တစ်သောင်းမြင့်တဲ့ အဲ့လိုနေရာမယ် ငါးမျှားဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပုလေ
ဒါပေမယ့် အဲဒီအချိန်လောက်တုံးက ခေါနုစုမ်တောင်ထိပ်မဲ ရေကန်ကြီးရှိသတဲ့ လန်ထာန်လဲ အဲ့တောင်ပေါ်ကန်မယ် အမြဲသွားသွားပြီး လှေလေး တစ်စင်းနဲ့ ငါးမျှားမျှားနေဆိုပဲ တခါတလေ ညဘက်လဲ တောင်အောက်ပြန်မဆင်းဘဲ နေတယ် လသာသာ တောင်ထိပ်မယ် ငါးမျှားရတာကတော့ စွန်းဖီးကောင်းမှာ သေချာတယ်
တခါသားတော့ လန်ထာန် အဲလို တျောက်ထဲ ညဘက်ငါးမျှားနေတုံး သူ့လှေပေါက်ပါလေရော သေချာကြည့်လိုက်တော့ လှေကပေါက်တာတောင်မုတ်ပု ကွဲတာတဲ့ လန်ထာန်လဲ လှေကွဲကို ထားခဲ့ပြီး ကမ်းထိကူးဖို့ လုပ်ပေမဲ့ ကမ်းက အတော်ဝေးနေတာနဲ့ အနားမယ်တွေ့တဲ့ ရေမျောသစ်လုံးတစ်လုံးကို မှေးပြီးနေရတယ် သူ့ကြံခိုင်မှုနဲ့ဆို သစ်လုံးကို မှေးပြီး ကမ်းထိ ခတ်သွားမယ်ဆို ဖြစ်နိုင်လောက်တယ်
ဒါပေမယ့် အဲဒါ ပေတစ်သောင်းကျော်အမြင့်က ရေကန်ထဲမှာဆိုတော့ ရေက မခံမရပ်နိုင်လောက်အောင် အေးနေတယ် လန်ထာန်အနေနဲ့ တကိုယ်လုံး သစ်လုံးပေါ် ရောက်ပြီး ရေနဲ့ တတ်နိုင်သမျှ မထိအောင် ငြိမ်ငြိမ်လေး နေနေရတယ် ရေနဲ့ထိလိုက်တဲ့အပိုင်းက တချက်တည်း ထုံတက် ကျဉ်တက်လာတော့တယ် ညနက်လာတော့ အိပ်ငိုက်ပြီး တုံးပေါ်က ပြုတ်မကျအောင်လည်း အတော်သတိထားရသေးတယ်
အဲဒီအချိန်တုံးက ခေါနုစုမ် တောင်ထိပ်ပေါ်လည်း တစ်ပတ်နေလို့မှ လူတစ်ယောက် မရောက်တတ်ကြတော့ ကယ်မယ့်လူတွေ လှေတွေ မျှော်ဖို့ကလည်း မဖြစ်နိုင်ပုလေ ရေနဲ့ မထိအောင် ဂရုစိုက်တဲ့ကြားက ရေစိုထားတဲ့အ၀တ်တွေ တိုက်နေတဲ့လေတွေကြောင့် ငါတော့ မနက် လာကယ်မယ့်လူကိုထားဦး ဒီညတောင် ခံနိုင်ပါ့မလားဆိုပြီး လန်ထာန်ရဲ့စိတ်ထဲ ဖြစ်မိသတဲ့
အဲလိုနေရင်း ခဏနေတော့ ကောင်းကင်မယ် ဖျတ်ဖျတ် ဖျတ်ဖျတ်နဲ့ အလင်းရောင် တစ်ခုကို မြင်လာရတယ် အေးကလည်းအေး လူကလည်း စိတ်ကယောက်ကယက်နဲ့ ငါ့များ ကယ်ရအောင် ကောင်းကင်က အဇုန်းနတ်သမီးများ ဆင်းလာပြီးလာ ထင်မိတယ် ဒါပေမယ့် အဲဒီအလင်းရောင်လေးက တဖြည်းဖြည်းကြီးလာလိုက်တာ နတ်သမီးမဟုတ်မှန်း သိလာရတယ် ပိုကြီးကြီးလာ နီးနီးလာတော့ မီးလောင်နေတဲ့လေယာဉ်တစ်စီးမှန်း သိလိုက်ရတယ် လေယာဉ်က လန်ထာန်ဆီ တည့်တည့် စိုက်ဆင်းလာတာဆိုတော့ ရေကန်ထဲမှာ ရေနစ်လို့မသေဘဲ လေယာဉ်တိုက်လို့ သေရချည်ဆိုပြီး မျက်စိကို စုံမှိတ်ထားလိုက်သတဲ့
နွားနောက် တစ်မိတ်လိုက်လောက် ကြာသွားတော့ နားထဲမယ် အုန်းခနဲ အသံကြီးကြားလိုက်ရပြီး ရေလှိုင်းကြီးကလည်း လာရိုက်တာနဲ့ သစ်တုံးကို မြဲမြဲ ဖက်ထားလိုက်ရတယ် မျက်စိကို ပြန်ဖွင့်ကြည့်လိုက်တော့ ရေကန်ထဲ နစ်စပြုနေတဲ့ လေယာဉ်ကြီးကို ခပ်လှမ်းလှမ်းမှာ မြင်လိုက်ရတယ် နစ်စပြုနေတယ်ဆိုတာ ထက်ပိုင်းကျိုးသွားတဲ့ လေယာဉ်ရဲ့ နောက်တပိုင်းကို ပြောတာ ရှေ့တပိုင်းကိုဆို မြင်တာင် မမြင်ရတော့ပုတဲ့ လန်ထာန်လည်း ရေရဲ့ အအေးဓာတ်ကိုတောင် မေ့သွားပြီး လေယာဉ်ကြီးဆီကို ဦးတည်ပြီး အတင်း ခတ်သွားလိုက်တယ်
ဒါပေမယ့် သူအဲဒီနားရောက်သွားတဲ့အချိန်မှာ ရေပြင်ပေါ် တက်နေတဲ့ ပလုံစီတချို့ကလွဲလို့ လေယာဉ်ပျက်ရဲ့ အစအန လေယာဉ်ပေါ်ပါလာတဲ့လူ ပစ္စည်းအစအန ဘာတစ်ခုမှ မတွေ့ရတော့ဘူး လန်ထာန်လည်း သစ်တုံးပေါ်မယ် အသာလေး ငြိမ်နေမိတယ် လူကလည်း ရှိစုမဲ့စုအားကို အတင်းသုံးပြီး ခတ်လိုက်မိတော့ သတိလွတ်ချင်ချင် ဖြစ်နေပြီ အဲဒီမှာ ကောင်းကင်မယ် နောက်ထပ် အလင်းရောင်တွေ အများကြီး တွေ့လိုက်ရသလို ထင်လိုက်မိတယ်
တကယ်က လန်ထာန်ထပ်တွေ့တဲ့ အလင်းရောင်တွေဆိုတာက ခုနက မြှပ်သွားတဲ့ လေယာဉ်ကြီးအတွက် လိုက်လာတဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေပဲ ရဟတ်ယာဉ်သုံးလေးစီးနဲ့ တတောင်လုံးကို ပတ်ပြီးဝိုင်းရှာကြပေမယ့် လေယာဉ်ပေါ်က လူတစ်ယောက် ပစ္စည်းတစ်ခုတလေတောင် မတွေ့ကြရဘူး သူတို့တွေ့ရတာက ရေကန်ထဲက သစ်တုံးပေါ်မယ် သတိလစ်နေတဲ့ လန်ထာန်ပဲ ပထမတော့ သူတို့လဲ လန်ထာန်ကို လေယာဉ်ပေါ်က ခရီးသည်ပဲထင်တယ် လန်ထာန်က မဟုတ်ပါဘူးလို့ အတင်းပြောတာတောင် လက်မခံကြဘူး
နောက်ဆုံး လန်ထာန်ကို ကန်ပက်လက်ကို ပြန်သယ်လာပြီး တာဝန်ရှိသူတွေနဲ့ စစ်ဆေးပြီးမှ လေယာဉ်မြုပ်ခါနီးတုံးက ကျနော် ကန်ထဲမှာ ငါးမျှားနေတာပါဆိုတဲ့ လန်ထာန်ရဲ့ ဇာတ်လမ်းကို ယုံသွားကြတော့တယ် တခြားအနီးပတ်ဝန်းကျင်တ၀ိုက်လည်း လေယာဉ်ပျက် အစအန တခုတလေ မတွေ့ရတော့ လေယာဉ်ကြီးဟာ ရေကန်ထဲပဲ မြှပ်သွားတယ်ဆိုတဲ့ လန်ထာန်ရဲ့ ထွက်ချက်ကိုလည်း အတည်ယူလိုက်ကြရတယ်
အောင်န်ထာန်ကတော့ သူ့ဘကြီးကိုယ်တိုင် ပြောပြတာ နားထောင်ရရင် ဒီဇာတ်လမ်းက ပိုကောင်းတယ်လို့ ပြောတယ် သူ့ဘကြီးက ခုတော့ ကန်ပက်လက်မယ် မနေတော့ဘူး လေယာဉ်ပျက်တာနဲ့ ကြုံပြီး မကြာခင် အိမ်ထောင်ကျပြီး မင်းတပ်ကနေ မတူပီသွားတဲ့လမ်းပေါ်က ရွာလေးတရွာကို ပြောင်းသွားပြီ လန်ထာန်ဟာ ခုထိ အဲဒီရွာမယ် သက်ရှိထင်ရှားရှိသေးတာမို့ တွေ့ချင်ရင် သွားတွေ့ပြီး မေးလို့ရတယ်လို့တောင် ကျော့်ကို ပြောလိုက်သေးတယ်
-မဆ