ဒုတိယမြောက် ဘီယာခွက် မကုန်မီ အဘွားကြီးတစ်ယောက် မယောင်မလည်နှင့် သူ့နား ကပ်လာသည်။ သား ဗေဒင်မေးမလားတဲ့။ လက္ခဏာရောကြည့်လားအဘွားလို့ သူ ပြန်မေးလိုက်သည်။ ဘာမှတော့မဟုတ်။ ဗေဒင်ဆို ကိုယ်က ဒေတာတွေ ထပ်ပေးနေရဦးမည်။ လက္ခဏာကတော့ လက်ဝါးကို ဖြန့်ပေးလိုက်ရုံပဲ မဟုတ်လား။
အဘွားကြီးက ခေါင်းငြိမ့်ပြရင်း သူ့ရှေ့က ခုံမှာ ၀င်ထိုင်သည်။ လက်ထဲက ပုစွန်ကြော်တပိုင်းကို လက်စသတ်လိုက်ပြီး လက်ဖ၀ါးကို အဘွားကြီးရှေ့အသာထိုးပေးလိုက်သည်။ အဘွားကြီးက သူ့လက်ဖ၀ါးကို ဆွဲလှန်လိုက်သည်။ သူကြောင်အမ်းအမ်း ဖြစ်သွားသည်။ အဘွားကြီးက သူ့လက်ဖမိုးပေါ်က သွေးကြောတွေကို ခပ်ဖွဖွ လိုက်စမ်းနေသည်။ အဘွားလက္ခဏာဆိုတာ လက်ဖ၀ါးကို ကြည့်ရတာမဟုတ်လားလို့ မေးမည် ပြုပြီးမှ သူအသာငြိမ်နေလိုက်သည်။
ခနနေတော့ အဘွားကြီးဆီက အသံထွက်လာသည်။ သားက စိတ်သိပ်မမှန်ဘူးနော်တဲ့။ အားနေတဲ့လက်တစ်ဖက်က ခါးမှာထိုးထားသည့် သေနတ်ကို တင်းတင်း ဆုပ်ကိုင်မိသွားသည်။ ကျွန်တော့်ကို ဘာဖြစ်လို့ စိတ်မမှန်ဘူးလို့ ပြောတာလဲဟု လေသံမာမာဖြင့် သူပြောလိုက်သည်။ အဘွားကြီးက အတက်အကျ မရှိသော လေသံဖြင့် ပြန်ပြောသည်။ သားရဲ့ တူလေး ရေနစ်နေတာကို မကယ်ဘဲနဲ့ သားဒီတိုင်းကြည့်နေခဲ့တယ်လေ။ အဲဒါကိုက သားစိတ်မမှန်လို့ပဲပေါ့။
သူ ငြိမ်ကျသွားသည်။ တကယ်တော့ အဲဒါ ကျွန်တော့်တူမဟုတ်ဘူး။ ကျွန်တော့်သားဗျ လို့ သူအော်ဟစ်ပစ်လိုက်ချင်သည်။ ဒါမှမဟုတ် ဘောင်းဘီအိတ်ထဲက သေနတ်ကို ထုတ်၍ အဘွားကြီးရဲ့ မျက်လုံးနှစ်လုံးကြားထဲကို ပစ်ထဲ့လိုက်ချင်သည်။ တစ်ခုမှ သူမလုပ်ဖြစ်။
အဘွားကြီး ဆက်ပြောနေတာတွေ သူမကြား တချက် ကြားတချက်။ တကယ်တော အဘွားကြီးပြောတဲ့ သူ့တူဆိုတာ သူနဲ့ သူ့အစ်မနဲ့ အိပ်ဖြစ်ရာက ရလာတဲ့သားဖြစ်သည်။ ပတ်ဝန်းကျင်ကတော့ သူ့အစ်မနဲ့ တခြား အမည်မဖော်လိုသူတစ်ယောက် ရပြီး မွေးလာတာလို့ မြင်ကြသည်။ ကလေး မီးဖွားရန် သူ့အစ်မဆေးရုံတက်နေစဉ် သူတို့နေထိုင်သည့် တဲတန်းလေး ဘူဒိုဇာဖြင့် အထိုးခံရသည်။ သူတို့ ပြန်လာတော့ သူနေထိုင်ခဲ့ရာ ရပ်ကွက်တစ်ခုလုံး တနည်းအားဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး ဘာမှမရှိတော့။
သူ့အစ်မ ဆေးရုံကဆင်းလာပြီး မောင်နှမနှစ်ယောက်ရယ် ကလေးရယ် မြစ်ကမ်းဘေးမှာ တဲထိုးပြီး သွားနေကြသည်။ တစ်နေ့ သူ့အမ အကြော် ထွက်ရောင်းစဉ် ကလေးက သောင်ပြင်မှာ တွားသွားရင်း နောက်ဆုံး မြစ်ထဲ ပြုတ်ကျသွားသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုနေ့က သူ့ရှေ့မှာ ဖြစ်ပျက်နေသည်တို့ကို ယခုထိ သူအသေးစိတ် မှတ်မိနေသည်။ အဖြစ်အပျက်တွေထဲမှာ သူဝင်မစွက်ဖက်ပဲ နေခဲ့တာကိုရောပေါ့။
သူသတိ ပြန်ဝင်လာတော့ အဘွားကြီးက ထိုင်ရာကနေ ထနေပြီ။ သူ ပိုက်ဆံအိတ်ကို ဖွင့်မလို့လုပ်တုံး အဘွားကြီးက လိပ်စာကတ်တစ်ခု သူ့ရှေ့ကို ချပေးရင်း ပြောသည်။ သူ့အပေါ် အခေါ်အဝေါ်လည်း ပြောင်းသွားသည်။ ဗိုလ်ချုပ် နောင် အကူအညီလိုရင်လည်း အဘွားကိုပြောနော်။
အဘွားကြီး ကျောခိုင်းသွားပြီး အတော်ကြာမှ လိပ်စာကတ်ကို သူကြည့်လိုက်တော့ ကတ်ပေါ်မှာ ဘာနာမည်မှ ရေးမထား။ ပန်းချီတင်ထွဏ်း၏ လက်ရေးမျိုးဖြင့် ရေးထားသည့် အတိုင်ပင်ခံဟူသည့်စာလုံး။ ထို့နောက် onyx ဖောင့်ဖြင့် ရေးထားသည့်အီးမေးလ်လိပ်စာ တစ်ခု။
Leave a Reply