ခွဲခွာခြင်းတွေ ငါ့ကို သင်ပေးတယ်
အရိုင်းပင်လို ကိုယ့်အဆိပ်နဲ့ကိုယ် ဘယ်လို ဆွေးမြည့်ရမလဲဆိုတာ
မှန်ရဲ့ ကြည်လင်တဲ့ တုံဏှိဘာဝေဖြစ်မှုထဲ
ငါ့မျက်နှာပေါ်က နှင်းမှုန်တွေ အငွေ့တွေထ
ငါ့အကြည့်ဟာ စိုက်ထားတဲ့သံလို အသက်မဲ့တဲ့ ပြတင်းလို
အဲဒါအားလုံးဟာ မနေ့ကပဲ
လူတိုင်းရဲ့ အမြင်မှာ
တည်ရှိမှုကို ၀ိဝါဒပွားဖွယ် ဖြစ်ရလေအောင်
ကမ္ဘာလောကကို ပြောင်းပစ်ခဲ့တာ
အချိန်ထဲက ငြင်းပယ်မှုလား ဒါမှမဟုတ် ငါ့အထဲက ချောက်နက်လား
တိတ်ဆိတ်မှုဟာ ရန်စွယ် အမှတ်ရစရာတွေဟာ ရူးသွပ်မှု ဖြစ်လာတယ်
ဘယ်ဘုံကမှ ထိန်းလို့မရတဲ့ ဒဏ်ရာအနာတရနဲ့ အကောင်ကြီးလို
ငါ့ယုံကြည်မှု တောက်လျှောက်
တစစီ ဖြစ်ရတာ အတည်ပြုဖို့
ငါ့အသားထဲက ငါလျှံထွက်
လှေကားမယ် တယောက်ယောက် ချောင်းများဟန့်လေသလား
ငါတံခါးဆီ အပြေး သွားတယ်
ငါ့နှလုံးသား တဒိတ်ဒိတ် တဒုန်းဒုန်း
အောက်ဘက်တစ်ထပ်ထပ်က တံခါးတစ်ချပ် စေ့ပိတ်သွား
နတ္ထိဖြစ်ခြင်းရဲ့ နှုတ်ခမ်းစပ်မယ် ပြတ်လုဆဲကြိုးဟာ လျောင်းလျက်သား
ဧည့်ခန်းရဲ့အလယ်မှာ အနက်ရောင် အခေါင်း
တိတ်ဆိတ်ခြင်းရဲ့ ရှိသမျှအားအင်နဲ့ ငါ့ကို စိုက်ကြည့်နေ
အလောင်းကောင်လို တုံဏှိဘာဝေ
အဲဒီအမည်းရောင်အရာလို ရက်စက်
တနေကုန်
ဖမ်းလှောင်ခံတဲ့ တောကောင်တစ်ကောင်လို အဲဒါကို ငါကြည့်တယ်
တကယ်လို့ အဲဒါဟာ မြည်မယ် မြည်မယ် မြည်ချည်းပဲနေမယ်
တခါတလေတော့ တခြားလူတွေ ဖုန်းခေါ်မယ်
တခါတလေတော့ နောက်သလို ပြောင်သလို အပေါစားဆန်ရဲ့ နံပါတ်မှားနေတယ်ဆိုလား
နေ့တွေ ညတွေ နာရီတွေ လတွေ
အချိန်ဆိုတာ ဘာလဲ ငါ့ကို သင်ပေးခဲ့တဲ့ ခွဲခွာခြင်းအားလုံးရဲ့ အထက်ဆီမှာ အဲဒီဟာ
လှေကားဆီက ခြေသံတွေကြားတိုင်း
င့ါဝိဉာဉ်တံခါးတွေ ပွင့် ပွင့်သွား
ဘယ်သူမှ မရှိ ဘယ်သူမှ မရှိ အဲဒီမှာ ဘယ်သူမှ မရှိပါဘူးလေ
ခွဲခွာခြင်းတွေ င့ါကို သင်ပေးတယ်
အထီးကျန်နေတဲ့အခါ အသံတွေဟာ ဘယ်လောက်များ ခွဲခြားရခက်လာလဲဆိုတာ
ကျယ်လောင်တဲ့ ရေဒီယို သူငယ်ချင်းအတွက် စားစရာ လုပ်ပေးနေတဲ့ တယောက်ယောက် စောစောစီးစီးစွန့်ပစ်ထားတဲ့ အမှိုက်အိတ်တွေ
တချက်တချက် လွင့်လာတဲ့ သုတ်သင်ပြီးလှေကားပေါ်က စိုတိစိုဖပ် အ၀တ်စရဲ့ အနံ့
မှာယွင်းခြင်းဆိုတာဘာလဲ ခွဲခွာခြင်းတွေဆီက ငါသင်ယူခဲ့
အချိန်ရလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ မျက်လုံးတွေနဲ့
ငါ့ကလေးဘ၀ကို
တစိမ်းတရံဆန်လို ငါပြန်မြင်တယ် မပျော်ရွှင်မှုကြောင့် သူ့ဖွံ့ဖြိုးမှုဟာ မွန်းကျပ်ခဲ့ရ
ပြန်ဖြေစာမေးပွဲတွေထဲ နစ်နေတဲ့ ခပ်ရှည်ရှည်နွေရာသီတောင်မှ
ငါ့ကို အဲဒါ သင်မပေးနိုင်ခဲ့
နှစ်တွေကြာပြီးမှ ငါ့ကလေးဘ၀ကို ငါဆုပ်ကိုင်နိုင်လာ
ငါ့အတွင်းထဲမယ် ရှင်းရှင်းလင်းလင်းပြန်မြင်လာ
ပြီးတော့ ဘာလဲ
ဖြစ်နေကျအတိုင်းပေါ့ ဘာမှမဟုတ်ဘူး
အဲဒီအခိုက်အတန့်က ငါ့အသားပေါ် တံဆိပ်ရိုက်သွားခိုက်
အရာအားလုံး နေသားတကျဖြစ်သွား
အချိန်က ငါ့ကို ဆွဲခေါ်သွား
တခါတုံးက ငါ့ကို ညှဉ်းပမ်းနေခဲ့ မင့်အချစ်ဟာ
သူ့အသားမာကို ငါ့အရေပြားပေါ်က ဆွဲခွာသွားပေါ့
ငါ့ကို သင်ကြားပေးခဲ့တဲ့ ခွဲခွာခြင်းအားလုံးရဲ့ အထက်ဆီမှာ အဲဒီဟာ
သတ်သေခြင်းသာ ငါ့ဘ၀ရဲ့ ဘယ်တော့မှ မပြောင်းတဲ့ ဖြစ်နိုင်ခြေပေါ့
တစ်နေ့ထက်တစ်နေ့ အတွင်းမှာ ငါပါးလှပ်လာ
ငါစပြီး မေ့လျော့လာ
ငါစပြီး မေ့လျော့လာ
ဖုန်းဟာ တခြားအိမ်သုံးပစ္စည်းတစ်ခုလိုပါ
ငြီးငွေ့ဖွယ်ထဲ ဖာသာ နေသားကျလာ
ငါ့ကို သင်ကြားပေးခဲ့တဲ့ ခွဲခွာခြင်းအားလုံးရဲ့ အထက်ဆီမှာ အဲဒီဟာ
အချိန်ရလာတာနဲ့ အမျှ အရာဝတ္ထုတွေ ကျိုးနွံလာ
တံခါးဟာ တံခါးပြန်ဖြစ်လာ
လှေကားထစ်တွေရယ် လှေကားတစ်စင်းရယ်
သူတို့ရဲ့မှော်ဆန်မှုကို လက်လွှတ်လိုက်ရတဲ့ အသေးစိတ်တွေရဲ့နိုးထမှုမှာ
နတ္ထိဖြစ်ခြင်းထဲ ချော်ကျမသွားပဲ အတိတ်မှာ ပျော်ဝင်နေဖို့
အားလုံးဘယ်လိုပဲ ဖြစ်ဖြစ် ခွဲခွာခြင်းမတိုင်ခင်က ငါတို့ရဲ့ အရင်အသွင်နဲ့ ဆင်တူစေဖို့
ငါသင်ယူခဲ့တဲ့ အမြဲတမ်းအတွက် မှန်တဲ့အချက်ကတော့
အယုံလွယ်ခြင်းသာ နှလုံးသားရဲ့ အကြီးဆုံး အောင်မြင်မှုပါ အချစ်မဟုတ်ပါ
ဒီအချစ်ထဲကနေ အဲဒါပေါက်ဖွားတာပါဆိုလဲ ရှိပလေ့စေ
ငါ့ဆီက အရိုင်းဆန်တဲ့ကြေကွဲမှုဟာ
အရင်တစ်ခုဆီ အမြစ်တွယ်နေ
ငါ့ဆီကနေ
ငါဖြတ်ထုတ်ပစ်လိုက်တဲ့ အပင်ပေါက်ကလေးဆီမှာလေ
ခွဲခွာခြင်းတွေ င့ါကို သင်ပေးတယ်
အချိန်ရလာတာနဲ့အမျှ နာစရာကျင်စရာတွေ အရင်လို မနာမကျင်တော့တာ
အဲဒါတွေ ငါမေ့တော့မမေ့ပါ ဒါပေမယ့် ရင့်ကျက်လာခဲ့တာ
မူရင်းကဗျာဆရာ = Murathan Mungan
မူရင်းကဗျာ = partings taught me
မူရင်းဘာသာ = တူရကီ
အင်္ဂလိပ်ဘာသာပြန်ဆိုသူ = Buğra Giritlioğlu