Feeds:
Posts
Comments

Archive for the ‘Letter’ Category

ပေးစာ (၁/၂၀၁၃)

ဆာတော

ဆာတောနဲ့ လူချင်းလည်း မဆုံဖြစ်တာ အတော်ကြာပေါ့။ ကျွန်တော်တို့ရဲ့ ပျော်ပျော်ရွှင်ရွှင် တနင်္ဂနွေများ fade out …။ ဒါနဲ့ ပြောချင်တာလေးတွေလဲပြောရင်း၊ ဘာမှ မရေးဖြစ်တာ ကြာတဲ့ ဘလော့မှာလည်း တင်စရာရအောင် ဒီစာကိုရေးလိုက်တယ်။

၁။

ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်လောက်က ကမ္ဘာပတ်ပီး ဓာတ်ပုံရိုက်နေတဲ့ အဖြူတစ်ကောင်က ပြောတယ်။ “လယ်ကွင်းတွေ ဆီသွားရတာ၊ စပါးပင်တွေ၊ လယ်သမားတွေကို ဓာတ်ပုံရိုက်ရတာ ကောင်းသဗျ။ ဒါပေမယ့် အဲဒီမှာနေဖို့ကတော့ တခြားဇာတ်လမ်းတစ်ပုဒ်ပဲ”။ သူကတော့ it will be a different story လို့ ပြောတယ်။ အဲဒီမှာ ကျွန်တော်လည်း နောက်ဆုံးရေးဖြစ်တဲ့ ကဗျာတွေထဲက တစ်ပုဒ်မှာ သက်ကယ်မိုးပေါ်က မီးခိုးတလူလူထွက်နေတဲ့ ဘ၀တွေထဲကနေ လောကကြီးကို ပြန်ကြည့်ချင်သလေးဘာလေး လုပ်မိတာ သွားသတိရတယ်။ တကယ်တော့ မြေကြီးပေါ်မှာ ကျွန်တော်တို့အတွက် ကြည့်စရာ နေရာတွေ၊ သိစရာ ဘ၀တွေ အများကြီးပဲ။ ဒါပေမယ့် နေကြည့်ဖို့ကတော့ တခြားဖြစ်လိမ့်မယ်။ ခင်ဗျားလဲ ကျွန်တော့်လိုပဲ ပြီးခဲ့တဲ့ တစ်နှစ်ထဲ သွားဖြစ်တာတွေ ကြည့်ဖြစ်တာတွေတော့ များလိမ့်မယ်။ ဒါပေမယ့် အချို့သော နေရာများ၊ ကိစ္စများဟာ ကျွန်တော်တို့အတွက် အလည်သွားကြည့်ရုံလောက်ပဲ အဆင်ပြေပုံရတယ်။ ဒီအကြောင်းကို ဒသနလေသံနဲ့ လျှောက်ရေးနေမိတာ ကျွန်တော်ကိုယ့်ကျွန်တော်လည်း အလည်သွားရုံသွားရမယ်နေရာတွေမှာ နေဖို့များ ကြိုးစားမိနေသလားလို့ ပြန်ဆန်းစစ်နေမိလို့ပါ။

၂။

ခုတလော နိုင်ဦးပြန်တဲ့ ပါမောက္ခမောင်မောင်ကြီးရဲ့ မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုဆိုတဲ့ စာအုပ်ဖတ်မိတယ်။ ကျွန်တော်တို့တွေ လက်ဘက်ရည်ဆိုင်တွေမှာ တောပြောတောင်ပြော လျှောက်ပြောနေတာတွေ ဟာ စာတမ်းတင်ထိုက်တဲ့ဟာမျိုးတွေပဲဆိုတာ သိလာရတယ်။ ဗမာတွေဟာ ဘုရင်စနစ်အောက်မှာ ကြာရှည်လများနေလာရလို့ အာဏာရှင်စနစ်နဲ့ ကျင့်သားရနေပုံပဲဆိုတဲ့ ကောက်ချက်မျိုးဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တုံးက သတင်းစာမှာ ဗိုလ်သံမဏိလား၊ ဖေကံကောင်းလားရေးဘူးတဲ့ အမေရိကားမှာ ဒီမိုကရေစီတည်ဆောက်ဖို့ နှစ်ရာနဲ့ချီ အချိန်ယူခဲ့ရတာမို့ ဒီမှာလည်း ညောင်နှစ်ပင်ညီလာခံကို ဆယ်စုနှစ်ချီကျင်းပတာ မလွန်ပါဘူးဆိုတဲ့ ပညာယှိကောက်ချက်မျိုးကို သွားသတိရမိတယ်။

၃။

ခုတလော ကြားနေရတဲ့ ဆူညံဆူညံ အသံတွေထဲ သတင်းစာထုတ်ခွင့်ရတဲ့ အသံက အကျယ်ဆုံးတစ်ခုဖြစ်မယ်ထင်တယ်။ ကျွန်တော်လည်း ဖိုင်နမ်ဇာတစ်ယောက်ကို ကဒတ်တည်ပြီး သတင်းစာ အစောင် တစ်ရာ (လေးလလောက်ခံရင် အစောင်တစ်ရာပေါ့ဗျာ)ထုတ်မယ်ကြံနေတုံး မြန်မာတိုင်းမ်က ကတုံးငနဲက ဒေါ်လာနှစ်သန်းလောက်ရှိရင် တက်မလာနဲ့လို့ ပြောတာကြားသွားလို့ ဖိုင်နံဇာငတိလည်း တပ်ဆုတ်သွားလေရဲ့။

၎။

“နောက်ဆုံးတော့ အမေရိကန်ဟာ အမေရိကန်ပါပဲ”ဆိုတဲ့ ခေါင်းစီးနဲ့ စာအုပ်တစ်အုပ်ထုတ်ဖို့လည်း စိတ်ကူးရသေးသဗျာ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကဆို စာပေဗိမာန်စာမူဆုတွေဘာတွေရပြီး စစ်တက္ကသိုလ်မှာ ကျောင်သုံးပြဌာန်းခံရနိုင်လောက်တဲ့ ခေါင်းစဉ်ပဲလို့ ခင်ဗျားတော့ တွေးမိမှာပဲ။ ပြောချင်တာက ကက်သရင်းဘီဂျလိုအကြောင်းပါ။ ဘင်လာဒင်ကိုသတ်တုံးက မိန်းမတစ်ယောက်သေတာ နေဗီဆီးတွေ အပြစ်မရှိကြောင်းပြဖို့ ဒီလောက်ထိ ရုပ်ရှင်တကား ရိုက်ပြဖို့ မလိုပါဘူးဗျာ။ သူတို့ စောက်ဆံကုန်တာ ကိစ္စမရှိပေမယ့် တကမ္ဘာလုံးက လူတွေရဲ့ အချိန်တွေကို နမြှောဖို့ ကောင်းပါတယ်။ အရင်းစစ်လိုက်ရင်တော့ ဟောလီဝုဒ်ကို အဆက်မဖြတ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပဲ။

၅။

ခင်ဗျားနဲ့ကျွန်တော် ငွေပေါ်လုပ်မလား ကြံဖူးတဲ့ အဆန်း အကြောင်း စာအုပ်လည်း ထွက်နေတယ်ဗျ။ ဒါပေတဲ့ နောက်ဆုံးသတင်းကတော့ ဘမာပြည်က အဆန်းကို နိုင်ငံရေး ခိုလှုံခွင့်ပေးဖို့ ကမ်းလှမ်းထားတဲ ဆိုတာပဲ။ အဲဒီအကြောင်းကိုတော့ ကျွန်တော်လည်း ဦးရွှေမန်းက ဒေါက်တာဆိတ်ဖွားကိုပေးတဲ့ ကေဘယ်လ်တွေ လိခ်ဖြစ်ရာက ဖတ်မိတာမို့ ဘယ်သူ့မှ ပြန်မပြောစေချင်ဘူး။

၆။

ကျွန်တော်လျှောက်ရေးထားတွေ ဖတ်ကြည့်ရင် ရသစာပေနဲ့ ဘယ်လောက်ဝေးနေကြောင်း သတိထားမိမှာပါ။ ဖတ်သင့်သော ကဗျာစာအုပ်များတွေ့သော်လည်း နှစ်ကာလများမှ လက်ဆောင်ရရန် မျှော်နေသဖြင့် မ၀ယ်ဖြစ်သေးပါ။ မောင်နေ၀င်းရဲ့ ရေရိုင်းမြေရိုင်းတော့ ဖတ်ကြည့်မယ် စိတ်ကူးတာပဲ။ မြန်မာပြည်တောင်ပိုင်း ဆိုသလားလို့။ သူများပြောတိုင်း လိုက်ဖတ်တာလည်း သိပ်တော့ မနိပ်ဘူး။ အောင်ချိမ့် မြှောက်ပေးလို့ တက္ကသိုလ်မြစိမ်း ဖတ်ကြည့်တာတော့ ယောက်ျားတစ်ယောက်ထက်နဲ့ ပိုအိပ်ဖို့ လိုအပ်တဲ့ ပညာတတ် မိန်းမတွေရဲ့ ကာရိုက်တာရစ်စတစ် တစ်ခုကို လှမ်းမြင်မိတယ်။

၇။

ကြားထဲမှာ နှစ်ထပ်သင်္ဘောမြို့လေးက သင်္ဘောစာရေး အဲလေ မှတ်တမ်းရုပ်ရှင်ဆရာလေးနဲ့ ကျွန်တော် ပြည်သူ့အကျိုးပြုကားလေးတစ်ခု ရိုက်ဖို့ စကားပြောဖြစ်သေးတယ်။ ဆရာလေးကလည်း အလုပ်များ၊ ကျွန်တော်ကလည်း မအားလပ်နဲ့ အထမမြောက်လိုက်ဘူး။ အများအကျိုး မဆောင်ဖြစ်တော့ ကိုယ့်အကျိုးလည်း မအောင်တော့ဘူးပေါ့ဗျာ။

၈။

ဒီမှာလည်း တိုင်းတပါးသားတွေ အတော်အ၀င်များလာတယ်(ပြန်ထွက်မထွက်တော့ မသိဘူး)။ ဟိုတယ်တွေ အခန်းမလောက်ဘူးကြားလို့ ဒီလိုပြောတာမဟုတ်ဘူး။ ၁၉လမ်းကနေ ရေကျော်လောက်ထိ ဘယ်ဗျစ်ဆိုင်ထိုင်ထိုင် အဖြူတွေ အမည်းတွေ တ၀ိုင်းမဟုတ် တ၀ိုင်းတော့ ရှိတာပဲ။ နောက်ဆုံးကြားရတဲ့ သတင်းတစ်ခုကတော့ ရုရှားမလေးတွေတောင် ဒီမှာလာပြီး ပျော်ရွှင်မှုကို ရောင်းချနေကြပြီဆိုပဲ။ ဒီစာကြောင်းရေးရင်း “တပြည်လုံးမှာ လုပ်သမျှ တင့်တယ်”ဆိုတဲ့ သီချင်းစာသားလေးကို ဘာမဆီညာမဆိုင် သွားသတိရမိသေးတယ်။

ကဲ..ဒီလောက်ပဲဗျို့

Read Full Post »

ဘလော့မရေးဖြစ်ဘဲ အချိန်တွေ ကြာဦးမယ်လို့ တွေးမိတဲ့အခါ တခုခုတော့ ရေးဦးမှလို့ စိတ်ထဲဖြစ်လာတယ်။ ဘာရေးရမလဲဆိုတာရယ်မသိဖြစ်နေတယ်။ နောက်ဆုံးရေးခဲ့တာတွေကလည်း ဖြစ်ညှစ်ရေးရသလို ဖြစ်နေတယ်။ victim က အိပ်ခ်ျအိုင်ဗွီဖြစ်နေတဲ့ ငါးနှစ်ပဲရှိသေးတဲ့ လီဆူးမလေးတစ်ယောက်ကို တွေ့ပြီး ရေးထားတာပါ။ အဲဒါလည်း ရေးချင်တာက အများကြီး ရေးလို့မထွက်ဖြစ်နေပါတယ်။
ဘလော့လုပ်ဖြစ်တာက စာရေးဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာဖြစ်ပြီး ခုတခါ ဘလော့ဖတ်သူတွေ အတွက်ပါ post အသစ်မှန်မှန်မတင်နိုင်တဲ့အခါ စိတ်ပျက်ရပါတယ်။ (အဲဒီတော့ အဟောင်းတွေ ပြန်တင်တာလည်းရှိတာပေါ့လေ။ သူများ အရေးအသားတွေတင်တာကတော့ ကြိုက်လို့တင်တာပါ)
ခရီးတွေလည်း မနားတမ်းထွက်ဖြစ်ပါတယ်။ နေရာစုံပေါ့လေ။ လူစုံလည်း တွေ့ရပါတယ်။ စာမထွက်တာကတော့ အပွင့်ဓာတ်မရှိလို့ပဲ။ ထိသမျှရွှေမပြောနဲ့ ကြေးတောင်မဖြစ်လို့ ခက်နေပါတယ်။ စိတ်ထဲမှာ ရည်ရွယ်တာကတော့ နိုဗယ်ရေးဖို့ထိပေါ့လေ။ plot တွေဘာတွေတောင် ချထားသေး။ လက်တွေ့ကျတော့ လက်တိုနေတယ်။
သူများတွေ ရေးသွားတာတွေ့ရရင် စိတ်ထဲမှာ အတော်မချင့်မရဲ ဖြစ်ရပါတယ်။ ပါရမီရှင်အဆင့်မဟုတ်တောင် ထိစမ်းသမျှ အသက်ဝင်ပြီး လမ်းထမလျှောက်တောင် မျက်လုံးကလေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင် မဆိုးဘူး။ ပြည်တွင်းဆိုရင်တော့ မောင်ယုပိုင်ကို မနာလို ဖြစ်မိပါတယ်။ ပြည်ပကတော့ ဆိုဖွယ်မရှိဘူးပေါ့။
လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ဘလော့လုပ်တဲ့ ကိုးလဆယ်လအတွင်း ရေးထားခဲ့သမျှတွေ ပရင့်အကုန်ထုတ်ပြီး ပြန်ဖတ်ကြည့်ပါတယ်။ တချို့ဟာတွေလည်း ခုရေးခုတင်ဆိုတော့ အမှားပါတာတွေရှိသလို ငါရေးခဲ့တာမှ ဟုတ်ရဲ့လားလို့ ခံစားမိအောင် အသစ်လို့ ခံစားရတာလည်း ရှိပါတယ်။
ဘလော့ဖတ်သူတွေထဲမှာ စာရေးဝါသနာပါသူတွေရှိရင် တိုက်တွန်းချင်တာကတော့ ဘလော့လုပ်ဖို့တော့ တိုက်တွန်းချင်ပါတယ်။ ဒါမှမဟုတ်လည်း ရှိပြီးသား ဘလော့ (ကိုယ်နဲ့လိုင်းတူမယ်ထင်တဲ့)တွေကို ဆက်သွယ်ပြီး (သိသိမသိသိ) post တွေတင်ကြည့်ဖို့ပါ။
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်ပါတယ်
ကမ်းယံ

Read Full Post »