Feeds:
Posts
Comments

Archive for the ‘Translation’ Category

 

အရေပြားနဲ့ ဖုံးထားတဲ့ ဒဏ်ရာတစ်ခုလို ငါနွမ်းနယ်

အရေပြားဟာ စိတ်ချရတဲ့ စောင်လိုပဲ

ဒဏ်ရာတွေ အိပ်ပဟေ့ဆိုတာနဲ့

တည်ပေ့ဆိုတဲ့ကတိလို အမြဲရောက်လာ

 

ဖြစ်နိုင်မယ်ဆို လွင့်နေတဲ့ ရွက်ကြွေလို အလွတ်ပဲ ငါနွမ်းနယ်ချင်

 

ငါ့ကြေကွဲမှုဟာ တည်ငြိမ်..ပြီးတော့..တောင်လောက်လည်း မြင့်ရဲ့

ရှည်လျားတဲ့အကွာအဝေးတွေကို ငေးနေ

အဲဒီကို ရောက်တော့ မရောက်နိုင်ဘူးပေါ့

 

ကြက်ဥမွှေကြော်လိုပဲ ငါ့မျက်ရည်.. နေ့တဓူဝဆန်..ပြီးတော့.. ငံကျိကျိဖြစ်ရဲ့

 

ဒဏ်ရာရထားတဲ့တောင်ဟာ ရွက်ကြွေတွေ အုပ်ထှာပဲ ခံချင် ကြက်ဥမွှေကြော်တွေဖြင့် မအုပ်ပါစေနဲ့

အဲဒါ သဘာဝကျရဲ့ မဟုတ်လား

 

မူရင်းကဗျာဆရာနှင့် အင်္ဂလိပ်ဘာသာပြန်ဆိုသူ = Gili Haimovich

မူရင်းကဗျာ = (Language)

မူရင်းဘာသာ = ဟီဘရူး

Advertisements

Read Full Post »

 

ပထမဆုံး ခြေလှမ်းဟာ ခင်ဗျားအခုရောက်နေတဲ့နေရာကနေ စတယ်

ချာချာလည် မူးရတာကို

သံသယ အပြည့်နဲ့ ခင်ဗျားစိုက်ကြည့်တယ်

အချိန်တန်တော့ ဘယ်ကနေဘယ်လိုဖြစ်လာရတယ်ခင်ဗျား သိလာမယ်

 

စကားလုံးတွေဟာ ခင်ဗျားရဲ့ အာဟာရပဲ

ဒီလမ်းကိုတော့ဖြင့် အမှောင်ထဲက အမှောင်လို့သာ

ခင်ဗျားမြင်ရမှာ

သူငယ်ချင်းတယောက် ဒီမှာတွေ့လိုက်တယ် နောက်တော့ ပျောက်သွားတယ်

ဂွတ်ဘိုင်လို့ပြောတိုင်းလည်း ဂွတ်ဘိုင်မဟုတ်နိုင်ဘူး

 

ကျောက်တုံးတွေကြားကနေ

လက်တစ်ချောင်းက ညွှန်ပြနေတယ် အဲဒီမှာ

လမ်းထဲကလမ်း

 

မူရင်းကဗျာဆရာ = Mohammed Bennis

မူရင်းကဗျာ = disappearance

မူရင်းဘာသာ = အာရေဘစ်

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Nashwa Gowanlock

 

Read Full Post »

 

ကျုပ်ဖြင့် ငါးတွေ ညှီတယ်လို့ ဘယ်တော့မှ မထင်

ခုနလေးတင် ငါးဟင်းနဲ့ တီးလိုက်သေး

ဒါပေမယ့် ငါးတစ်ကောင်ဖြစ်ခဲ့တယ်လို့လည်း

ကျုပ်အိပ်မက်ဖူးရဲ့

ပေါလ်မက္ကာတ့်နေရဲ့ သမီးက

သူရော သူ့အဖေပါ အသားတွေ ငါးတွေ မစားဘူးလို့

ပြောတဲ့အင်တာဗျူးလည်း ကျုပ်ဖတ်ဖူး

ဘာဖြစ်လို့ဆိုတော့

မျက်နှာပါတဲ့ဟာတွေ

ဘာမဆို မစားသင့်ဘူးဆိုလား

အဲဒီကစလို့

Yesterday1 သီချင်းကလေးများ ကြားမိတဲ့အခါတိုင်း

မက္ကာတ့်နေရဲ့ မျက်နှာနဲ့ ခပ်ဆင်ဆင်များ မြင်မိတဲ့အခါတိုင်း

ကျုပ်ဖြင့် ငါးတွေအကြောင်းတွေးမိ

ပြီးတော့ ငါး မဟားတရား

စားချင်လာ

ကျုပ်စန္ဒယားကဖြင့် ညှီနံ့လည်းထွက်ရဲ့

Yesterday လည်း သူ့ဖာသာ တီးလားတီးရဲ့

 

မူရင်းကဗျာဆရာ = Tóroddur Poulsen

မူရင်းကဗျာ = Faces

မူရင်းဘာသာ = ဖာရိုး

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Randi Ward

 

၁။ Beatle တေးဂီတအဖွဲ့၏ သီချင်း

 

Read Full Post »

 

မျက်လုံးရယ် မမြင်နိုင်တဲ့အရာတွေရယ် ဆက်စပ်နေတယ်

မြင်ကွင်းတွေက မမြင်နိုင်တဲ့အရာတွေအပေါ်

ကန့်လန့်ကာချထားတယ်လို့ ကျုပ်ခံစားရတယ်

မမြင်ရတာတွေအားလုံး မြင်ကွင်းထဲမယ် ပါပြီးသား

မြင်တော့ဖြင့် မမြင်ကြရဘူးပေါ့

 

ဗီဂျေးဆိုင်ကယ်ပြင်ဆိုင်ဟာ စနေနေ့ဆိုဖွင့်တယ်

ဖွင့်နေတဲ့ဆိုင်ထဲမှာ တနင်္ဂနွေရဲ့ ဆိုင်ပိတ်နေခြင်းအဖြစ်ကို မမြင်ရ

ဒါပေမယ့် တနင်္လာရဲ့ ဆိုင်ဖွင့်နေခြင်းအဖြစ်ကိုတော့ မြင်ကြရတယ်

 

ဒါပေမယ့် ရုံးပိတ်ရက်တစ်ရက်

ဆိုင်ပိတ်ထားတဲ့အခါ

ဆိုင်ကိုကြည့်ရင်တော့ ပိတ်လျက်သား ဒါပေမယ့် မမြင်နိုင်တဲ့အခြေအနေနဲ့ ပွင့်လျက်သား

လူတွေဟာ အဲဒီတစ်ရက်မှာ သူတို့မော်တော်ဆိုင်ကယ်တွေ

ပျော်ပျော်ရွှင်ရွှင် ပြင်ကြရတဲ့အကြောင်းကို ဘယ်သူသိနိုင်ပါ့မလဲ

ကျုပ်မလည်း မော်တော်ဆိုင်ကယ်လို့တောင် ပြောလို့မရတဲ့ ဂျုံးဂျုံးကျ စကူတာတစ်စင်းရှိရဲ့

ကျုပ်လည်း ဘဂျားပါလ်ဆာကလေးကို ပြင်နေတုံး စီးကရက်တစ်လိပ်သောက်နေလိုက်တယ်

 

မမြင်နိုင်တာတွေအကြောင်းတွေးရင်း ခေါင်းခဲလာလို့ မြင်နိုင်တဲ့ဆီ ကျုပ်သွားလိုက်တယ်

သူငယ်ချင်းကို ဆိုင်အကြောင်းမေးလိုက်တယ်

သူလည်း အဲဒီနေ့က ဆိုင်အကြောင်း တော်တော်တွေးနေမိတယ်လို့ ပြောတယ်

သူ့မှတ်ဉာဏ်ထဲမယ် ပွင့်နေတဲ့ဆိုင်ထဲ

ငနဲက ကျုပ်စီးကရက်တစ်ဝက်တောင် ယူသောက်လိုက်သေးထင်ရဲ့

 

ကျုပ်လည်း အိမ်ကိုပြန်လာ ကျုပ်မရောက်ဖူးတဲ့ ပွန်ဒီချယ်ရီအကြောင်းစဉ်းစား

တစ်မြို့လုံး ရှိသမျှ ဗိသုကာလက်ရာတွေ

ပွန်ဒီချယ်ရီဆိုတဲ့ စကားလုံးအောက်မယ် ပျောက်နေတယ်လို့ ကျုပ်ကိုယ်ကျုပ်ပြောမိ

ဒါပေမယ့် အဲဒါတွေ အဲဒီမှာ အသေအချာရှိရဲ့

 

နောက်တော့ ကျုပ် စာတစ်ကြောင်းလောက် ရေးချင်လာ

ကျုပ်တို့စာရေးတဲ့အခါ ရည်ရွယ်ရင်းကို မမြင်ရ စကားလုံးတွေသာ မြင်ရ

စကားလုံးတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေသာ မြင်ရ

ကျုပ်ပြောချင်တာဖြင့် ဘယ်မှာဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ

ဝါကျဆိုတဲ့ ကန့်လန့်ကာနောက်မှာ

အဲဒါ ရှိချင်ရှိမယ် မရှိချင်မရှိဘူး

အဲဒါဟာ ကျုပ်မရေးချင်ခဲ့တာ မဟုတ်တာဖြင့် အသေအချာ

 

မူရင်းကဗျာဆရာ – Vyomesh Shukla

မူရင်းကဗျာ – What I Wanted to Write

မူရင်းဘာသာ – ဟင်ဒီ

အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသူ – Samartha Vashishtha

 

Read Full Post »

ခါကျက်ဥ

 

ဘုရားသခင်က နှင်းတွေကို တဂျိဂျိမြည်အောင် ခြစ်သလို

ခါကျက်ဥကို တဂျိဂျိမြည်အောင် ကျမ ခြစ်တယ်

 

ပူစပ်စပ် အဖတ်တွေကို

ဝါးနဲ့လုပ်ထားတဲ့ခြစ်(ဂျစ်)နဲ့ ခြစ်ပစ်လိုက်တယ်

အဖတ်တွေ စားပွဲပေါ်၊

ခုံတွေပေါ်၊ မီးဖိုခန်းကြမ်းပြင်ပေါ်၊ ကျမလက်တွေပေါ် ကျတယ်

 

ကျမလက်တောင် ထိသွားပေါ့

အသားဖြူလန်သွားတဲ့နေရာမယ်

သွေးစို့တက်လာတယ်

 

ဘုရားသခင်နဲ့ ကျမ

တက်ညီလက်ညီ တဂျိဂျိနဲ့ ခြစ်ကြတယ်

သူကဖြင့် ချွေးတစ်စက်တောင်မကျ

ကျမဖြင့် သွေးနည်းနည်းတောင် ထွက်လိုက်ရတယ်

အပူတော့ နည်းနည်းသက်သာသွားသလို

ကျမဖြင့် ဘာသိဘာသာ

 

အဲလိုနဲ့ ကျမတို့ တဂျိဂျိမြည်အောင် ခြစ်ကြတယ်

သူကော ကျမပါ

တစ်ယောက်ကို တစ်ယောက် တဂျိဂျိမြည်အောင် ခြစ်ကြတယ်

တူညီတဲ့ ဆာလောင်မှုနဲ့

ခြေကုန်လက်ပန်းကျတဲ့အထိ

တဂျိဂျိမြည်အောင် ခြစ်ကြတယ်

 

အပြင်ဘက်မတော့ နှင်းမုန်တိုင်းက

တ၀ှီးဝှီးမြည်၊ ကျမတို့ရဲ့ နှစ်ဦးပိုင်

ခွေးကတက်ကို

မသိလိုက် မသိဘာသာ

အသာအယာ ဖုံးပစ်လိုက်တော့တယ်။

 

မူရင်းကဗျာဆရာမ – Ana Ristovi

မူရင်းကဗျာ – Black Radish

မူရင်းဘာသာ – ဆားဘီးယား

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ – Maja Teref

Read Full Post »

(ပီကာဆို ပန်းချီများ၏ နောက်ဆက်တွဲ)

 

အဲဒါကို ပထမဆုံး စတွေ့တာ ကျုပ်ပဲ။

 

ဒင်းက ခြေသုံးခြောင်းနဲ့၊ ခေါင်းနှစ်လုံးနဲ့ဗျား။

ကျုပ်တို့ထဲက အသက်အကြီးဆုံးလူတောင်မှ

အဲဒါမျိုး ကြားလည်းမကြား မြင်လည်းမမြင်ဖူးဘူးဆိုပဲ။

အိမ်နားနီးပါးတွေအားလုံး လမ်းပေါ်ကနေ တိုးဝှေ့ကြည့်ကြတယ်၊

နောက်တော့ တစ်ရွာလုံးပါလာပါလေရော၊

အံ့ဖွယ်အဖြစ်က တစ်နယ်လုံးက လူတွေကို ဆွဲခေါ်လိုက်တယ်။

အဲဒီ မကောင်းဆိုးဝါးကို ဒင်းအမေကြီးက

လျှာနဲ့ ရက်ပေးနေတာ ကျုပ်တို့ ကြောက်ကြောက်နဲ့ ကြည့်နေခဲ့ကြတယ်။

 

အဲဒါ စစ်ကြီးဖြစ်နေတုံး အီစတာ တနင်္ဂနွေတစ်ရက်ပေါ့။

 

“ဘုရားရိုက်တာ ဘုရားရိုက်တာ”လို့ အဘွားကြီးတစ်ယောက် ရေရွတ်လိုက်တယ်။

မိန်းမတွေအားလုံး အဲဒီအတိုင်း လိုက်မြည်တမ်းကုန်ကြတယ်။ ယောက်ျားတွေကတော့

မိန်းမတွေရှေ့ ပိတ်ရပ်ပြီး သုန်သုန်မှုန်မှုန်နဲ့ ကြည့်နေကြတယ်။ တစ်ယောက်တစ်ခွန်း ပြောအပြီး

ကလေးတွေကို အိမ်ဖက်ဆီ ပြန်မောင်းထုတ်လိုက်ကြတယ်။

 

“အပြစ်လောကထဲက အပြစ်သားပဲ” အဘွားကြီးက

ထမြည်ပြန် ကျန်တဲ့လူတွေ လိုက်ရွတ်ကြပြန်တယ်။

ယောက်ျားသားတွေကတော့ ဝေခွဲမရပုံမျိုးနဲ့ ၀ိုင်းပတ်ရပ်နေကြတယ်။

 

“သိပ်တော့ မခံလောက်ဘူး မတ်တပ်တောင် မရပ်နိုင်တာ ကြည့်ပါလား”

“ဒင်းဒုက္ခကို အဆုံးသတ်ပေးရမယ်”

ဒါပေမယ့် ဘယ်သူမှတော့ ရှေ့ထွက်မလာကြဘူး။

 

“အပြစ်ကင်းတဲ့သွေးတွေပဲ၊ အပြစ်ကင်းတဲ့သွေးတွေ။ ဘုရားသခင်

ကိုယ်ထင်ပြတော်မူတယ်။ အို .. သူ့ရဲ့တစ်ဦးတည်းသောသား။ သိုးငယ်ရဲ့ မွန်မြတ်သောနေ့မှာ..”

“ဘာပေါက်ကရတွေ ပြောနေကြတာလဲ” တစ်ယောက်ယောက်က မိန်းမတွေကို ငေါက်လိုက်တယ်။

 

သိုးအမေကြီးကတော့ သူ့ရဲ့မကောင်းဆိုးဝါးလေးကို အသာအယာပဲ

ဆက်လျက်ပေးနေတယ်။ မီးဖွားပြီးစ မိခင်တစ်ယောက်ရဲ့

အပျော်တစ်ခြမ်း နွမ်းနယ်မှုတစ်ဝက်ပါတဲ့အကြည့်နဲ့ ၀ိုင်းနေတဲ့လူတွေကို

ရီဝေေ၀ လှမ်းကြည့်တယ်။ နောက်တော့ တစ်ချက်တုန်သွားပြီး

ဓမ္မတာအတိုင်း

အချင်းချလိုက်တယ်။

 

“အံ့စရာပဲဟေ့၊ ငါပြောမယ်၊ အံ့စရာပဲ”

“ပြတိုက်ပို့ဖို့ကောင်းတာဗျ”

“ဟေ့ကောင် မင်းတို့တော့ ပွပြီ” တစ်ယောက်ယောက်က

မိန်းမတွေကို ခဏလောက် တိတ်သွားအောင် လုပ်လိုက်ပြီးတော့

အဲဒီအသံတွေ ထွက်လာပြန်တယ်။

 

“မတ်တပ်ထ ရပ်ချင်နေပုံပဲ”

“တိရိစ္ဆာန်ဆရာဝန် ခေါ်ဟ”

“တိရိစ္ဆာန်ဆရာဝန်ကဖြင့် ရှေ့ရောက်နေပေါ့”

 

ဒင်းခမျာ လုံးဝကို ထမလာတာ။ သိပ်မကြာခင်ပဲ သေရှာတယ်။

ကျုပ်တို့မလည်း ခုမှ စိတ်သက်သာရာတွေရ အိမ်ကိုပြန်ကြတော့တယ်။

 

တစ်နွေလုံး စကားပြောရင် အဲဒီအကြောင်းက ပါ ပါလာတယ်။ တစ်ယောက်ကဖြင့်

အဲဒါကို ပြန်ဖော်မယ်တောင် ကြံသေးရဲ့။ နောက်တော့

မေ့သွားကြတော့တယ်။ ကျုပ်တို့ သိဖူးကြုံဖူးသမျှ

သဘာဝတရားရဲ့ တခြားချောက်ခြားစရာတွေကြားထဲမယ်

တဖြေးဖြေး ဟန်ကျပန်ကျ ဖြစ်သွားတော့တယ်။ နောက်တော့မှ ကျုပ်လည်းသိလာရတယ်။

အဲဒီအချိန်လောက်တုံးက ခြေခြောက်ချောင်းနဲ့ မြင်းတွေ နွားတွေ မွေးတာ၊

ဥရောပနေရာ အတော်များများမှာ မျက်လုံးလေးလုံး ခေါင်းနှစ်လုံး မိန်းမတွေ

တစ်ငိုတည်းငိုနေရတာ၊ ဂျပန်မှာတော့

အားလုံး ခရစ်ယာန် မဟုတ်ပေမယ့် အီစတာသိုးပေါက်စရဲ့

ချောက်ခြားစရာ အမှတ်ရဖွယ်အကြောင်းဟာ

အတော်လေးကို အသက်ဝင်နေသေးတာတွေကိုပေါ့။

 

မူရင်းကဗျာဆရာ – Sándor Kányádi

မူရင်း ကဗျာ – Easter Lamb

မူရင်းဘာသာ – ဟန်ဂေရီ

အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသူ – Paul Sohar

Read Full Post »

 

ကြွေပြားကပ် ကောင်တာမယ်

သွေးနဲ့နေရောင်ဟာ ပေကျံနေပြန်ပေါ့

မြို့ကလေးရဲ့ စတိုးဆိုင်အိုဆီမယ် သားသတ်တဲ့နေ့ ရောက်လာပြန်ပေါ့

သားသတ်သမားဟာဖြင့် ပြုံးရယ်လို့

သူ့လက်က သွေးတွေကို သုတ်ပစ်နေပြန်ပေါ့

ရေဒီယိုမယ် ဟန်ဒယ် ရဲ့ သီချင်းလာနေပြန်ပေါ့

ဆံပင်နက်နက်နဲ့ လာနေကျဖောက်သည်ရဲ့ အထက်ဆီမယ်

နှင်းဆီရိုင်းတွေ ဝေနေပြန်ပေါ့

 

မူရင်း ကဗျာဆရာမ – Judita Vaičiūnaitė

မူရင်း ကဗျာ – Store

မူရင်းဘာသာ – လစ်သူရေးနီးယား

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ – Rimas Uzgiris

၁ – Handel

၂ – dog rose

Read Full Post »

Older Posts »