Feeds:
Posts
Comments

Archive for the ‘Asymptote’ Category

 

အဲဒီသြဂုတ်မနက်မယ် အရာအားလုံးပြောင်းလဲခဲ့

ငါအိပ်နေတုံး သူ့ရဲ့ နည်းနည်းစူးတဲ့အသံရယ် ခပ်ကြမ်းကြမ်းရယ်လိုက်သံရယ် ကြားနေခဲ့

ကြက်ဥပြုတ်ထားတဲ့ တရွှီးရွှီးအသံက ငါ့ကိုနိုးထစေခဲ့တဲ့ ကြည်လင်တဲ့ မနက်ခင်းတွေ

နွေမနက်ခင်းတွေအားလုံးရဲ့ တိတ်ဆိတ်မှုကို အဲဒါက အသေအချာ ချိုးဖဲ့ခဲ့

ငါ့အမေက မီးဖိုထဲမယ် တတောက်တောက် ဒန်က တတောင်ဆစ်ပေါ် မှီရင်း စာဖတ်နေ

ငါတို့ကေဘယ်တီဗွီတပ်လိုက်တာ မကြာသေး မနက်တိုင်း မျက်နှာတောင်မသစ်ဘဲ

ရီမုတ်ပေါ်က ခလုတ်တွေ ငါလျှောက်နှိပ်

ဒါပေမယ့် ဒီတကြိမ်တော့ သူငါ့ကို နှိုးလိုက်တယ်

အိပ်ခန်းတံခါးကို အသံမမြည်အောင် ငါဖွင့်

မောင်းနေတဲ့ ရထားတံခါးကို ဖွင့်လိုက်မိသလို သူ့အသံတဝေါဝေါက ငါ့လာထိတယ်

သူ့ရဲ့ အရာရှိဦးထုပ်ကို ငါတွေ့ ပြန်အိပ်မယ်ဆိုပြီး ငါ့ကိုယ်ငါ

စောင်အောက်ကို ပြန်ထိုးသွင်း

အခုတော့ ငါ့အမေရယ်သံပါ ငါကြားလာရ စစ်ဗိုလ်တစ်ယောက်

သူမတစ်ဘ၀လုံး အိပ်မက်မက်ခဲ့တဲ့ ယူနီဖောင်းနဲ့ ယောက်ျား တစ်ယောက်

ငါ့မျက်လုံးကို မှိတ်လိုက်တယ် နေရောင်က ငါ့မျက်နှာကို ထိုးနေ

ဒီဘဲပုံ ဘယ်လိုရှိမလဲ ငါတွေးကြည့်

ခန်းမထဲ မှန်စားပွဲပေါ်က ဦးထုပ်မာမာကို ငါဆောင်းကြည့်

ဒါ ဘယ်လိုခေါင်းမျိုးနဲ့များ တော်ပါလိမ့်

နောက်တော့ ဖရွိုက်ကို yellow pages လို အားကိုးတဲ့ သူငယ်ချင်းတစ်ယောက်ဆီ

ငါဒီအကြောင်းတွေ ပြောပြ

သူက ခံစားမှုအပြည့်နဲ့ ပြောတယ် မင်းအမေကို မင်းဒီလိုဆုံးရှုံးလိုက်ရချိန်မှာ

မင်းခြောက်နှစ်သားတုံးက ဆုံးသွားတဲ့ မင်းအဖေအကြောင်း တွေးလေ

မင်းအမေဟာ မင်းဘ၀ရဲ့ ပထမဆုံး မိန်းမပဲ

မင်းနဲ့ သူ့အကြား တခြားတစ်ယောက်မရှိ

အဲဒီသြဂုတ်မနက်ခင်းမယ် အဲဒီဘဲ  မပေါ်လာခင်အထိပေါ့လေ

ငါကတော့ ရယ်နေ သူကတော့ အလေးအနက်ပြောနေပုံပဲ ငါတို့ တော်တော်ပြောဖြစ်ကြ

သူက domino effect ဆိုလား ဆက်ပြီးပြောသေး

ဘာတဲ့ သီးခြားစီရှိနေတဲ့ အဖြစ်အပျက်တွေရဲ့ ရှည်လျားတဲ့ ဆက်စပ်အစဉ်အတန်းဆိုလား

ငါကတော့ သူ့ကို ရယ်ပဲရယ်နေ

မေဆင်ဂိုဏ်းဝင်တွေနဲ့ သူတို့ရဲ့ မဟာအကြံအစည်ဆိုတာမျိုး ကြားရတဲ့အခါ မင်းတို့ ရယ်သလိုမျိုးပေါ့

ဒါပေမယ့် ကြက်သီးနဲနဲထလာလို့ ငါ သူ့ကို ပြောလိုက်တယ် ငါ့အမေကို ဒီဘဲ ဘယ်လိုတီးလဲဆိုတာ

သူက ပြောတယ် ငါတို့တော့ ဒစ်ကင်းဝတ္ထုထဲကလိုမျိုး ကြုံနေရပဟတဲ့

စီမီဂျူးနားက ငှားထားတဲ့အခန်းဆီ မိုးရေထဲ ငါပြန်လာ

ငါ့လည်ပင်းမယ် အကျိတ်လိုလို စမ်းမိလို့ ဒါတော့ဖြင့် ငါတို့အတူရှိတဲ့နောက်ဆုံးရက်တွေပဲလို့တောင် တွေးမိ

၄၆ ခုတုံးက ငါ့အဖိုးကို သွားသတိရ သူစစ်ထဲလိုက်သွား

သူ့အချစ်ကလေး မာရူရှာ အိမ်မယ်ကျန်ခဲ့ သူ့ဆီ တစ်နှစ်လုံး စာတွေပို့

လေတဟူးဟူး တိုက်တဲ့တနေ့သား အဖိုး စာတစ်စောင်ရတယ်

စာထဲမှာ ကျွန်မတို့မိသားစု ရှင့်ကို ဆက်မစောင့်နိုင်တော့ဘူး ရေးထား

တခြားတစ်ယောက်နဲ့ နေရာချပေးတော့မယ် ဘာညာ အဖိုးက

လက်ထပ်လိုက်ဖို့ အဲဒီိနေ့ပဲ စာပြန်ရေး

ရေးနေတုံး သူ့ပါးပေါ် မျက်ရည်တွေတော့ စီးလို့ပေါ့ နာရီနည်းနည်းကြာတော့

အဘိုးတစ်ယောက် ဘူခါရက်နားက ဘူတာပလက်ဖောင်းမယ်

နိုးတ၀က် အိပ်တ၀က်နဲ့ ကင်းလှည့်နေ

တစ်ယောက်ယောက် သူ့ကို လက်မောင်းကနေ ဆောင့်ဆွဲလိုက်တယ်

ဝင်လာတဲ့ ရထားရှေ့ကနေ

ငါမသေလိုက်ဘူး

မင်းအဲဒါကို စဉ်းစားကြည့်စမ်း အီယိုနွတ် ရထားများ ငါ့ကိုတိုက်သွားလို့ကတော့

မာရူရှာကြောင့် ငါရထားရှေ့ ခုန်ချသွားတယ် တရွာလုံး ပြောတော့မှာ

ငါအဲလောက် မပိန်းဘူးကွ

လူတွေ ဘာကြောင့် ကွဲကြကွာကြ

ဘယ်လိုကနေ ဘယ်လို ယောက်ျားတစ်ယောက်ဘ၀မှာ မိန်းမတစ်ယောက်ထက် ပိုရှိနေ

ဒါဟာ သေပြီးမှ ရှင်ပြန်ထမြောက်ဖို့လို့ဖြင့် အဓိပ္ပါယ်ပေါက်မယ် မထင်ဘူး

မင်းရဲ့ တသက်တခါအချစ်ဆိုတာ နောက်တော့ ဘယ်လို အသစ်ပေါ်လာရပြန်တာလဲကွာ

ဆွေးစရာတွေ ပြည့်နေတဲ့ ငါ့ဒိုင်ယာရီတစ်နေရာရာမှာ အဲလို ရေးခဲ့

ငါ ဒန်ကိုလည်းပြောတယ် ဒါ အမေ့ရဲ့ ပုံစံကြောင့်ပဲလို့ ဒန်ကတော့ ပြောတယ်

ဒါပေမယ့် အဲဒါကလည်း စောက်ပိုနေမှာ

ငါ့အမေ တစ်ယောက်ယောက်နဲ့ ပျော်နေမှာပဲ ငါမြင်ချင်တာ

အမ်နဲ့ အမေနဲ့ ပြတ်တုံးကလည်း သူလစ်တော့မယ်ဆိုလို့ ငါပျော်နေခဲ့

ငါတို့နှစ်ယောက်တည်း ပြန်နေရမယ် သူမကို တီးမယ့်လူ မရှိတော့ဘူး

အဆောက်အဦကနေ သူထွက်သွားတာ ပြတင်းပေါက်ကကြည့်ပြီး

သူ့အတွက်တောင် စိတ်မကောင်းဖြစ်မိ

သူ့နောက်မှာ ခရီးဆောင်အိတ်ကြီးတစ်လုံး တရွတ်ဆွဲသွား အထက်တန်းရောက်တော့ ငါ ဒေါစတို ယက်စကီ ဖတ်နေ

အဲဒီမှာ လူကောင်းလည်းမရှိ လူဆိုးလည်း မရှိ ငါသိလာတယ်

အခုတော့ ပရွတ်ဘက်က ကမ်းနားရွာတစ်ရွာဆီ သူထွက်သွား သူ့အရာရှိဦးထုပ်တောင် ပါမသွား

အဲဒီမှာ ကေဘယ်တီဗွီမရှိဘူးဆိုလို့ သူ့အတွက် ငါစိတ်မကောင်းဖြစ်မိ

ငါ့အတွက်တော့  အဲဒါသာ ကမ္ဘာပေါ်မယ် ၀မ်းနည်းစရာ အကောင်းဆုံးအရာ

ဒီလိုပြတ်ကြစဲကြတာအတွက် နောက်ခံကားတော့ဖြင့် ပြင်ပြီးသား

ပြတင်းမှန်မယ် မိုးရေတွေ စီးနေ

မွန်းတည့်ချိန်လောက်ပေမယ့် တော်တော်မှောင်နေ

ငါလည်း ငါ့မွေ့ယာပေါ်မှာ သူမလည်း သူမမွေ့ယာပေါ်မှာ

ငါတို့ လီယိုနာဒ်ကိုဟင် နားထောင်ကြ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး ငိုကြ

အဲဒီအခန်းကို ခပ်မိုက်မိုက် ရိုက်နိုင်ခဲ့တယ် ပြောရမယ်

ညကျတော့ တရုတ်ဆိုင်မယ် သွားစားကြ

အဆောင်မယ်နေတုံးကလည်း ငါတို့ အဲဒီကို သွားနေကျ

အရွက်နဲ့ ဥတွေပါတဲ့ ကြက်ထမင်းကြော်မှာစားကြ

တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး ငိုကြ

ငါ အသက်ရှုမ၀သလိုဖြစ်လာ ငါတို့ အိမ်ပြန်လာတယ်

တစ်ယောက်လက်တစ်ယောက်တော့ မကိုင်တော့ဘူး

ငါလည်း ငါ့မွေ့ယာပေါ်မှာ သူမလည်း သူမမွေ့ယာပေါ်မှာ

သူမ ခနလေးနဲ့ အိပ်ပျော်သွား တိုးတိုးလေးဟောက်နေ

ငါစိတ်မထိန်းနိုင်ဖြစ်လာ မျက်ရည်ထပ်ကျလာ

သူမ အိပ်နေတာကြည့်ရင်း ပြီးခဲ့တဲ့နှစ်တွေတောက်လျှောက်

တညပြီးတည ငါလုပ်ခဲ့တဲ့အတိုင်း သူမကို နမ်းချင်လာ

ဒါပေမယ် ငါမနမ်းဖြစ်ဘူး

ယူနီရီယာ အာဇီစီနီက ဂလပ်စကိုရိန်းဂျားကို

လေးဂိုးတစ်ဂိုးနဲ့ တီးပစ်လိုက်တဲ့ပွဲကို ကြည့်နေလိုက်တယ်

နောက်ခံပြောတဲ့ကောင်က ပြောနေ ဒီညတော့ ရိုမေးနီယန်းတွေ ပျော်သင့်သတဲ့

 

မူရင်းကဗျာဆရာ = Ionuț Sociu

မူရင်းကဗျာ = unirea urziceni was beating the glasgow rangers

မူရင်းဘာသာ = ရိုမေးနီးယား

အင်္ဂလိပ်ဘာသာပြန်ဆိုသူ = Oana Sanziana Marian

 

Advertisements

Read Full Post »

 

ခွဲခွာခြင်းတွေ ငါ့ကို သင်ပေးတယ်

အရိုင်းပင်လို ကိုယ့်အဆိပ်နဲ့ကိုယ် ဘယ်လို ဆွေးမြည့်ရမလဲဆိုတာ

 

မှန်ရဲ့ ကြည်လင်တဲ့ တုံဏှိဘာဝေဖြစ်မှုထဲ

ငါ့မျက်နှာပေါ်က နှင်းမှုန်တွေ အငွေ့တွေထ

ငါ့အကြည့်ဟာ စိုက်ထားတဲ့သံလို အသက်မဲ့တဲ့ ပြတင်းလို

အဲဒါအားလုံးဟာ မနေ့ကပဲ

လူတိုင်းရဲ့ အမြင်မှာ

တည်ရှိမှုကို ၀ိဝါဒပွားဖွယ် ဖြစ်ရလေအောင်

ကမ္ဘာလောကကို ပြောင်းပစ်ခဲ့တာ

အချိန်ထဲက ငြင်းပယ်မှုလား ဒါမှမဟုတ် ငါ့အထဲက ချောက်နက်လား

တိတ်ဆိတ်မှုဟာ ရန်စွယ် အမှတ်ရစရာတွေဟာ ရူးသွပ်မှု ဖြစ်လာတယ်

ဘယ်ဘုံကမှ ထိန်းလို့မရတဲ့ ဒဏ်ရာအနာတရနဲ့ အကောင်ကြီးလို

ငါ့ယုံကြည်မှု တောက်လျှောက်

တစစီ ဖြစ်ရတာ အတည်ပြုဖို့

ငါ့အသားထဲက ငါလျှံထွက်

 

လှေကားမယ် တယောက်ယောက် ချောင်းများဟန့်လေသလား

ငါတံခါးဆီ အပြေး သွားတယ်

ငါ့နှလုံးသား တဒိတ်ဒိတ် တဒုန်းဒုန်း

အောက်ဘက်တစ်ထပ်ထပ်က တံခါးတစ်ချပ် စေ့ပိတ်သွား

နတ္ထိဖြစ်ခြင်းရဲ့ နှုတ်ခမ်းစပ်မယ် ပြတ်လုဆဲကြိုးဟာ လျောင်းလျက်သား

 

ဧည့်ခန်းရဲ့အလယ်မှာ အနက်ရောင် အခေါင်း

တိတ်ဆိတ်ခြင်းရဲ့ ရှိသမျှအားအင်နဲ့ ငါ့ကို စိုက်ကြည့်နေ

အလောင်းကောင်လို တုံဏှိဘာဝေ

အဲဒီအမည်းရောင်အရာလို ရက်စက်

တနေကုန်

ဖမ်းလှောင်ခံတဲ့ တောကောင်တစ်ကောင်လို အဲဒါကို ငါကြည့်တယ်

တကယ်လို့ အဲဒါဟာ မြည်မယ် မြည်မယ် မြည်ချည်းပဲနေမယ်

တခါတလေတော့ တခြားလူတွေ ဖုန်းခေါ်မယ်

တခါတလေတော့ နောက်သလို ပြောင်သလို အပေါစားဆန်ရဲ့ နံပါတ်မှားနေတယ်ဆိုလား

နေ့တွေ ညတွေ နာရီတွေ လတွေ

အချိန်ဆိုတာ ဘာလဲ ငါ့ကို သင်ပေးခဲ့တဲ့ ခွဲခွာခြင်းအားလုံးရဲ့ အထက်ဆီမှာ အဲဒီဟာ

 

လှေကားဆီက ခြေသံတွေကြားတိုင်း

င့ါဝိဉာဉ်တံခါးတွေ ပွင့် ပွင့်သွား

ဘယ်သူမှ မရှိ ဘယ်သူမှ မရှိ အဲဒီမှာ ဘယ်သူမှ မရှိပါဘူးလေ

ခွဲခွာခြင်းတွေ င့ါကို သင်ပေးတယ်

အထီးကျန်နေတဲ့အခါ အသံတွေဟာ ဘယ်လောက်များ ခွဲခြားရခက်လာလဲဆိုတာ

ကျယ်လောင်တဲ့ ရေဒီယို သူငယ်ချင်းအတွက် စားစရာ လုပ်ပေးနေတဲ့ တယောက်ယောက် စောစောစီးစီးစွန့်ပစ်ထားတဲ့ အမှိုက်အိတ်တွေ

တချက်တချက် လွင့်လာတဲ့ သုတ်သင်ပြီးလှေကားပေါ်က စိုတိစိုဖပ် အ၀တ်စရဲ့ အနံ့

မှာယွင်းခြင်းဆိုတာဘာလဲ ခွဲခွာခြင်းတွေဆီက ငါသင်ယူခဲ့

အချိန်ရလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ မျက်လုံးတွေနဲ့

ငါ့ကလေးဘ၀ကို

တစိမ်းတရံဆန်လို ငါပြန်မြင်တယ် မပျော်ရွှင်မှုကြောင့် သူ့ဖွံ့ဖြိုးမှုဟာ မွန်းကျပ်ခဲ့ရ

ပြန်ဖြေစာမေးပွဲတွေထဲ နစ်နေတဲ့ ခပ်ရှည်ရှည်နွေရာသီတောင်မှ

ငါ့ကို အဲဒါ သင်မပေးနိုင်ခဲ့

 

နှစ်တွေကြာပြီးမှ ငါ့ကလေးဘ၀ကို ငါဆုပ်ကိုင်နိုင်လာ

ငါ့အတွင်းထဲမယ် ရှင်းရှင်းလင်းလင်းပြန်မြင်လာ

 

ပြီးတော့ ဘာလဲ

ဖြစ်နေကျအတိုင်းပေါ့ ဘာမှမဟုတ်ဘူး

အဲဒီအခိုက်အတန့်က ငါ့အသားပေါ် တံဆိပ်ရိုက်သွားခိုက်

အရာအားလုံး နေသားတကျဖြစ်သွား

အချိန်က ငါ့ကို ဆွဲခေါ်သွား

တခါတုံးက ငါ့ကို ညှဉ်းပမ်းနေခဲ့ မင့်အချစ်ဟာ

သူ့အသားမာကို ငါ့အရေပြားပေါ်က ဆွဲခွာသွားပေါ့

ငါ့ကို သင်ကြားပေးခဲ့တဲ့ ခွဲခွာခြင်းအားလုံးရဲ့ အထက်ဆီမှာ အဲဒီဟာ

သတ်သေခြင်းသာ ငါ့ဘ၀ရဲ့ ဘယ်တော့မှ မပြောင်းတဲ့ ဖြစ်နိုင်ခြေပေါ့

 

တစ်နေ့ထက်တစ်နေ့ အတွင်းမှာ ငါပါးလှပ်လာ

ငါစပြီး မေ့လျော့လာ

ငါစပြီး မေ့လျော့လာ

ဖုန်းဟာ တခြားအိမ်သုံးပစ္စည်းတစ်ခုလိုပါ

ငြီးငွေ့ဖွယ်ထဲ ဖာသာ နေသားကျလာ

ငါ့ကို သင်ကြားပေးခဲ့တဲ့ ခွဲခွာခြင်းအားလုံးရဲ့ အထက်ဆီမှာ အဲဒီဟာ

အချိန်ရလာတာနဲ့ အမျှ အရာဝတ္ထုတွေ ကျိုးနွံလာ

တံခါးဟာ တံခါးပြန်ဖြစ်လာ

လှေကားထစ်တွေရယ် လှေကားတစ်စင်းရယ်

သူတို့ရဲ့မှော်ဆန်မှုကို လက်လွှတ်လိုက်ရတဲ့ အသေးစိတ်တွေရဲ့နိုးထမှုမှာ

နတ္ထိဖြစ်ခြင်းထဲ ချော်ကျမသွားပဲ အတိတ်မှာ ပျော်ဝင်နေဖို့

အားလုံးဘယ်လိုပဲ ဖြစ်ဖြစ် ခွဲခွာခြင်းမတိုင်ခင်က ငါတို့ရဲ့ အရင်အသွင်နဲ့ ဆင်တူစေဖို့

ငါသင်ယူခဲ့တဲ့ အမြဲတမ်းအတွက် မှန်တဲ့အချက်ကတော့

အယုံလွယ်ခြင်းသာ နှလုံးသားရဲ့ အကြီးဆုံး အောင်မြင်မှုပါ အချစ်မဟုတ်ပါ

ဒီအချစ်ထဲကနေ အဲဒါပေါက်ဖွားတာပါဆိုလဲ ရှိပလေ့စေ

ငါ့ဆီက အရိုင်းဆန်တဲ့ကြေကွဲမှုဟာ

အရင်တစ်ခုဆီ အမြစ်တွယ်နေ

ငါ့ဆီကနေ

ငါဖြတ်ထုတ်ပစ်လိုက်တဲ့ အပင်ပေါက်ကလေးဆီမှာလေ

ခွဲခွာခြင်းတွေ င့ါကို သင်ပေးတယ်

အချိန်ရလာတာနဲ့အမျှ နာစရာကျင်စရာတွေ အရင်လို မနာမကျင်တော့တာ

 

အဲဒါတွေ ငါမေ့တော့မမေ့ပါ ဒါပေမယ့် ရင့်ကျက်လာခဲ့တာ

 

မူရင်းကဗျာဆရာ = Murathan Mungan

မူရင်းကဗျာ = partings taught me

မူရင်းဘာသာ = တူရကီ

အင်္ဂလိပ်ဘာသာပြန်ဆိုသူ = Buğra Giritlioğlu

 

Read Full Post »

 

အရေပြားနဲ့ ဖုံးထားတဲ့ ဒဏ်ရာတစ်ခုလို ငါနွမ်းနယ်

အရေပြားဟာ စိတ်ချရတဲ့ စောင်လိုပဲ

ဒဏ်ရာတွေ အိပ်ပဟေ့ဆိုတာနဲ့

တည်ပေ့ဆိုတဲ့ကတိလို အမြဲရောက်လာ

 

ဖြစ်နိုင်မယ်ဆို လွင့်နေတဲ့ ရွက်ကြွေလို အလွတ်ပဲ ငါနွမ်းနယ်ချင်

 

ငါ့ကြေကွဲမှုဟာ တည်ငြိမ်..ပြီးတော့..တောင်လောက်လည်း မြင့်ရဲ့

ရှည်လျားတဲ့အကွာအဝေးတွေကို ငေးနေ

အဲဒီကို ရောက်တော့ မရောက်နိုင်ဘူးပေါ့

 

ကြက်ဥမွှေကြော်လိုပဲ ငါ့မျက်ရည်.. နေ့တဓူဝဆန်..ပြီးတော့.. ငံကျိကျိဖြစ်ရဲ့

 

ဒဏ်ရာရထားတဲ့တောင်ဟာ ရွက်ကြွေတွေ အုပ်ထှာပဲ ခံချင် ကြက်ဥမွှေကြော်တွေဖြင့် မအုပ်ပါစေနဲ့

အဲဒါ သဘာဝကျရဲ့ မဟုတ်လား

 

မူရင်းကဗျာဆရာနှင့် အင်္ဂလိပ်ဘာသာပြန်ဆိုသူ = Gili Haimovich

မူရင်းကဗျာ = (Language)

မူရင်းဘာသာ = ဟီဘရူး

Read Full Post »

 

ပထမဆုံး ခြေလှမ်းဟာ ခင်ဗျားအခုရောက်နေတဲ့နေရာကနေ စတယ်

ချာချာလည် မူးရတာကို

သံသယ အပြည့်နဲ့ ခင်ဗျားစိုက်ကြည့်တယ်

အချိန်တန်တော့ ဘယ်ကနေဘယ်လိုဖြစ်လာရတယ်ခင်ဗျား သိလာမယ်

 

စကားလုံးတွေဟာ ခင်ဗျားရဲ့ အာဟာရပဲ

ဒီလမ်းကိုတော့ဖြင့် အမှောင်ထဲက အမှောင်လို့သာ

ခင်ဗျားမြင်ရမှာ

သူငယ်ချင်းတယောက် ဒီမှာတွေ့လိုက်တယ် နောက်တော့ ပျောက်သွားတယ်

ဂွတ်ဘိုင်လို့ပြောတိုင်းလည်း ဂွတ်ဘိုင်မဟုတ်နိုင်ဘူး

 

ကျောက်တုံးတွေကြားကနေ

လက်တစ်ချောင်းက ညွှန်ပြနေတယ် အဲဒီမှာ

လမ်းထဲကလမ်း

 

မူရင်းကဗျာဆရာ = Mohammed Bennis

မူရင်းကဗျာ = disappearance

မူရင်းဘာသာ = အာရေဘစ်

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Nashwa Gowanlock

 

Read Full Post »

 

ကျုပ်ဖြင့် ငါးတွေ ညှီတယ်လို့ ဘယ်တော့မှ မထင်

ခုနလေးတင် ငါးဟင်းနဲ့ တီးလိုက်သေး

ဒါပေမယ့် ငါးတစ်ကောင်ဖြစ်ခဲ့တယ်လို့လည်း

ကျုပ်အိပ်မက်ဖူးရဲ့

ပေါလ်မက္ကာတ့်နေရဲ့ သမီးက

သူရော သူ့အဖေပါ အသားတွေ ငါးတွေ မစားဘူးလို့

ပြောတဲ့အင်တာဗျူးလည်း ကျုပ်ဖတ်ဖူး

ဘာဖြစ်လို့ဆိုတော့

မျက်နှာပါတဲ့ဟာတွေ

ဘာမဆို မစားသင့်ဘူးဆိုလား

အဲဒီကစလို့

Yesterday1 သီချင်းကလေးများ ကြားမိတဲ့အခါတိုင်း

မက္ကာတ့်နေရဲ့ မျက်နှာနဲ့ ခပ်ဆင်ဆင်များ မြင်မိတဲ့အခါတိုင်း

ကျုပ်ဖြင့် ငါးတွေအကြောင်းတွေးမိ

ပြီးတော့ ငါး မဟားတရား

စားချင်လာ

ကျုပ်စန္ဒယားကဖြင့် ညှီနံ့လည်းထွက်ရဲ့

Yesterday လည်း သူ့ဖာသာ တီးလားတီးရဲ့

 

မူရင်းကဗျာဆရာ = Tóroddur Poulsen

မူရင်းကဗျာ = Faces

မူရင်းဘာသာ = ဖာရိုး

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Randi Ward

 

၁။ Beatle တေးဂီတအဖွဲ့၏ သီချင်း

 

Read Full Post »

 

မျက်လုံးရယ် မမြင်နိုင်တဲ့အရာတွေရယ် ဆက်စပ်နေတယ်

မြင်ကွင်းတွေက မမြင်နိုင်တဲ့အရာတွေအပေါ်

ကန့်လန့်ကာချထားတယ်လို့ ကျုပ်ခံစားရတယ်

မမြင်ရတာတွေအားလုံး မြင်ကွင်းထဲမယ် ပါပြီးသား

မြင်တော့ဖြင့် မမြင်ကြရဘူးပေါ့

 

ဗီဂျေးဆိုင်ကယ်ပြင်ဆိုင်ဟာ စနေနေ့ဆိုဖွင့်တယ်

ဖွင့်နေတဲ့ဆိုင်ထဲမှာ တနင်္ဂနွေရဲ့ ဆိုင်ပိတ်နေခြင်းအဖြစ်ကို မမြင်ရ

ဒါပေမယ့် တနင်္လာရဲ့ ဆိုင်ဖွင့်နေခြင်းအဖြစ်ကိုတော့ မြင်ကြရတယ်

 

ဒါပေမယ့် ရုံးပိတ်ရက်တစ်ရက်

ဆိုင်ပိတ်ထားတဲ့အခါ

ဆိုင်ကိုကြည့်ရင်တော့ ပိတ်လျက်သား ဒါပေမယ့် မမြင်နိုင်တဲ့အခြေအနေနဲ့ ပွင့်လျက်သား

လူတွေဟာ အဲဒီတစ်ရက်မှာ သူတို့မော်တော်ဆိုင်ကယ်တွေ

ပျော်ပျော်ရွှင်ရွှင် ပြင်ကြရတဲ့အကြောင်းကို ဘယ်သူသိနိုင်ပါ့မလဲ

ကျုပ်မလည်း မော်တော်ဆိုင်ကယ်လို့တောင် ပြောလို့မရတဲ့ ဂျုံးဂျုံးကျ စကူတာတစ်စင်းရှိရဲ့

ကျုပ်လည်း ဘဂျားပါလ်ဆာကလေးကို ပြင်နေတုံး စီးကရက်တစ်လိပ်သောက်နေလိုက်တယ်

 

မမြင်နိုင်တာတွေအကြောင်းတွေးရင်း ခေါင်းခဲလာလို့ မြင်နိုင်တဲ့ဆီ ကျုပ်သွားလိုက်တယ်

သူငယ်ချင်းကို ဆိုင်အကြောင်းမေးလိုက်တယ်

သူလည်း အဲဒီနေ့က ဆိုင်အကြောင်း တော်တော်တွေးနေမိတယ်လို့ ပြောတယ်

သူ့မှတ်ဉာဏ်ထဲမယ် ပွင့်နေတဲ့ဆိုင်ထဲ

ငနဲက ကျုပ်စီးကရက်တစ်ဝက်တောင် ယူသောက်လိုက်သေးထင်ရဲ့

 

ကျုပ်လည်း အိမ်ကိုပြန်လာ ကျုပ်မရောက်ဖူးတဲ့ ပွန်ဒီချယ်ရီအကြောင်းစဉ်းစား

တစ်မြို့လုံး ရှိသမျှ ဗိသုကာလက်ရာတွေ

ပွန်ဒီချယ်ရီဆိုတဲ့ စကားလုံးအောက်မယ် ပျောက်နေတယ်လို့ ကျုပ်ကိုယ်ကျုပ်ပြောမိ

ဒါပေမယ့် အဲဒါတွေ အဲဒီမှာ အသေအချာရှိရဲ့

 

နောက်တော့ ကျုပ် စာတစ်ကြောင်းလောက် ရေးချင်လာ

ကျုပ်တို့စာရေးတဲ့အခါ ရည်ရွယ်ရင်းကို မမြင်ရ စကားလုံးတွေသာ မြင်ရ

စကားလုံးတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေသာ မြင်ရ

ကျုပ်ပြောချင်တာဖြင့် ဘယ်မှာဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ

ဝါကျဆိုတဲ့ ကန့်လန့်ကာနောက်မှာ

အဲဒါ ရှိချင်ရှိမယ် မရှိချင်မရှိဘူး

အဲဒါဟာ ကျုပ်မရေးချင်ခဲ့တာ မဟုတ်တာဖြင့် အသေအချာ

 

မူရင်းကဗျာဆရာ – Vyomesh Shukla

မူရင်းကဗျာ – What I Wanted to Write

မူရင်းဘာသာ – ဟင်ဒီ

အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသူ – Samartha Vashishtha

 

Read Full Post »

ခါကျက်ဥ

 

ဘုရားသခင်က နှင်းတွေကို တဂျိဂျိမြည်အောင် ခြစ်သလို

ခါကျက်ဥကို တဂျိဂျိမြည်အောင် ကျမ ခြစ်တယ်

 

ပူစပ်စပ် အဖတ်တွေကို

ဝါးနဲ့လုပ်ထားတဲ့ခြစ်(ဂျစ်)နဲ့ ခြစ်ပစ်လိုက်တယ်

အဖတ်တွေ စားပွဲပေါ်၊

ခုံတွေပေါ်၊ မီးဖိုခန်းကြမ်းပြင်ပေါ်၊ ကျမလက်တွေပေါ် ကျတယ်

 

ကျမလက်တောင် ထိသွားပေါ့

အသားဖြူလန်သွားတဲ့နေရာမယ်

သွေးစို့တက်လာတယ်

 

ဘုရားသခင်နဲ့ ကျမ

တက်ညီလက်ညီ တဂျိဂျိနဲ့ ခြစ်ကြတယ်

သူကဖြင့် ချွေးတစ်စက်တောင်မကျ

ကျမဖြင့် သွေးနည်းနည်းတောင် ထွက်လိုက်ရတယ်

အပူတော့ နည်းနည်းသက်သာသွားသလို

ကျမဖြင့် ဘာသိဘာသာ

 

အဲလိုနဲ့ ကျမတို့ တဂျိဂျိမြည်အောင် ခြစ်ကြတယ်

သူကော ကျမပါ

တစ်ယောက်ကို တစ်ယောက် တဂျိဂျိမြည်အောင် ခြစ်ကြတယ်

တူညီတဲ့ ဆာလောင်မှုနဲ့

ခြေကုန်လက်ပန်းကျတဲ့အထိ

တဂျိဂျိမြည်အောင် ခြစ်ကြတယ်

 

အပြင်ဘက်မတော့ နှင်းမုန်တိုင်းက

တ၀ှီးဝှီးမြည်၊ ကျမတို့ရဲ့ နှစ်ဦးပိုင်

ခွေးကတက်ကို

မသိလိုက် မသိဘာသာ

အသာအယာ ဖုံးပစ်လိုက်တော့တယ်။

 

မူရင်းကဗျာဆရာမ – Ana Ristovi

မူရင်းကဗျာ – Black Radish

မူရင်းဘာသာ – ဆားဘီးယား

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ – Maja Teref

Read Full Post »

Older Posts »