Feeds:
Posts
Comments

Archive for the ‘Translation’ Category

 

ဝင်လုဆဲနေ ဘယ်လောက်ကြီးကြီး ဘယ်လောက်နီနီ

တိုက်တစ်လုံးကွယ်နေတော့ နှုတ်ခမ်းသားပဲမြင်ရ

စာကြည့်ခန်း ပြတင်းဆီ ငါပြေးသွားလိုက်တယ်

ဘယ်ဘက်တခြမ်းလောက်များ မြင်ရလိုမြင်ရငြား

တခါ မီးဖိုချောင်ပြတင်းဘေက် ပြေးရပြန်ရော

ညာဘက်တ၀က်ကို တွေ့ရလေမလား

ငါ့မယ် ဟိုအခန်းပြေးလိုက် ဒီအခန်းပြေးလိုက်

သြော်..နေလုံးခမျာလည်း ငါ့ကို တွေ့ချင်ရှာမှာပဲတွေးမိလို့

 

မူရင်းကဗျာဆရာမ = Yi Lu

မူရင်းကဗျာ = Look at the Sunset

မူရင်းဘာသာ = တရုတ်

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Fiona Sze-Lorrain

Read Full Post »

 

နံရံကို ဖာဖို့ ဒါမှမဟုတ်

ငါးရိုးကွက်ခင်းထားတဲ့ ကြမ်းခင်းက

အပေါက်ကို ဖြည့်ဖို့

ခင်ဗျား အုတ်ခဲလိုချင်ရင် အုတ်ခဲတစ်လုံးရအောင်လုပ်ရမယ်

 

အုတ်ခဲတစ်လုံး – ဒိုင်မင်းရှင်း သုံးခုပါတဲ့

အစိုင်အခဲ လေးတယ် ကြမ်းရှရှ

ဒါမှမဟုတ် အပေါက်ပရဗွနဲ့လို့ ခံစားမိစေတယ်

တခြားအုတ်ခဲတွေနဲ့ အတူ ခပ်များများ ထပ်စီထားလိုက်ရင်

ကင်းခြေများတွေ ပင့်ကူတွေ မြှီးညှပ်ကောင်တွေအတွက် အသိုက်ဖြစ်လာမယ်

 

အုတ်ခဲဟာ ဖြစ်တည်နေတယ်

တူနဲ့ခွဲလိုက်ရင် ခွပ်ခနဲ အသံတစ်ချက် ထွက်လာမယ်

လှပတဲ့အသံပေါ့ အုတ်ခဲသံပေါ့ ကြွပ်ဆပ်ဆပ် ပြတ်တောင်းတောင်းအသံပေါ့

 

တစ်ခုအပေါ် တစ်ခု ထပ်နေတဲ့

အုတ်ခဲတစ်လုံးဟာ သူ့ကိုတုပနေတဲ့

စကားလုံးတွေထက် ပိုတန်ကြေးရှိတယ်

 

ကဗျာနဲ့ ငါ အုတ်ခဲတွေ ထုတ်ချင်တယ်

 

မူရင်းကဗျာဆရာ = Massimo Gezzi

မူရင်းကဗျာ = Bricks

မူရင်းဘာသာ = အီတလီ

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Damiano Abeni and Moira Egan

Read Full Post »

 

အင်္ဂါအစိတ်အပိုင်းတစ်ခုဟာ ကောင်းကောင်းအလုပ်လုပ်နေရင် ခန္ဓာကိုယ်မယ် မတော်တရော် ဖြစ်တာတွေ ရှိမယ်မဟုတ်ဘူး၊ ဘောလုံးကို တော့နေတဲ့အခိုက် တင်းနစ်သမားကို တိရိစ္ဆာန်တစ်ကောင်ရဲ့ ရိုးသားမှုမျိုးက စီးထားတယ်

 

ဦးနှောက်မလဲ ဒီလိုပဲ၊ တရားအသစ်တစ်ခုတွေ့ခိုက်မယ် အတွေးအခ်ါသမားဟာ သတ္တ၀ါတစ်ကောင် လုံးလုံးကိုဖြစ်လို့၊ အနာတိုးလ်ဖရန့်စ်က ပြောတယ်၊ ဘာသာရေး ကိုင်းရှိုင်းတယ်ဆိုတာ လူ့ကိုယ်ခန္ဓာထဲက စပယ်ရှယ် အင်္ဂါတစ်ခုခုရဲ့ လုပ်ဆောင်ချက်ကြောင့် ဖြစ်ရဆိုပဲ၊ ဘယ်သူမှ မတွေ့ရှိသေးတဲ့ အင်္ဂါတစ်ခုပေါ့၊ ဒီလို ပြောလို့လဲ ရမယ်၊ အဲဒီ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အင်္ဂါအစိတ်အပိုင်းကများ အမြင့်ဆုံး လည်ပတ်လုပ်ဆောင်နေတဲ့အခိုက်ဆိုရင်ဖြင့် အဲဒီငတိမယ် ဘာမတော်တရော် စိတ်ကူးမှ ရှိမယ်မဟုတ်ဘူး၊ တိရိစ္ဆာန်တစ်ကောင်လို့ ခေါ်လိုရလောက်တဲ့အထိပေါ့

 

မူရင်းကဗျာဆရာ = César Vallejo

မူရင်းကဗျာ = From Feuerbach to Marx

မူရင်းဘာသာ = စပိန်

အင်္ဂလိပ်ဘာသာပြန်ဆိုသူ = Joseph Mulligan

Read Full Post »

 

လုယုသို့

 

ဧပရယ် တစ်ညနေသား ဒေးဗစ်ဆိုတဲ့ ငတိ မစ္စစ္စပီတ၀ိုက် ရေတိမ်အင်းတွေဘက်ဆီ လျှောက်သွား သူ့ဘိုးဘွားတွေနဲ့ တိတ်တဆိတ် ပေါင်းစည်းသွားတယ် – ငါတို့ သူ့နာမည် နောက်ဆုံးအလုံးတောင် မသိလိုက်ရ

 

ထူးထူးခြားခြား ပြောလိုမရတဲ့ ဒီဇင်ဘာတစ်ရက် နေအထွက်လောက်မယ် ဂျေဆန်ဆိုတဲ့ဘဲ သူ့အနီရောင် ကာဝါဆကီရဲ့ သတ္တုပြောင်လက် ကိုယ်ထည်ပေါ် လွှားကနဲတက် တင်နက်ဆီ အဝေးပြေးကားဝင်းရဲ့ ထရံအပျက်ကို ၀င်အောင်းပစ်လိုက်တယ် – ငါတို့ လှမ်းအော်နေတာ သူကြားပုံမရ

 

တဲလာဟတ်စ် မြောက်ဘက် အထွက်နားလေးမယ် ရဲအရာရှိတစ်ယောက် တညလုံး အလုပ်ဆင်းပြီးတော့ သူ့မော်နီတာကိုပိတ် ငါးစင်တွေရှေ့ဖြတ် လှေဆိပ်ဘက်လျှောက်သွား ဧရာမတိုင်ကြီးတွေကို မှီရင်း အရုဏ်မကျင်းတကျင်း အလင်းထဲ ပင်လယ်ရဲ့ အစိမ်းရောင်တောင်ကုန်းတွေ ရိုက်လားပုတ်လား ဖြစ်နေတာ ကြည့်တယ် – ဖုန်းမြည်လာတော့ သူ့သာတောင့်သာယာအချိန်ကလေးဖဲ့ပြီး သူဖြေတယ်

 

မူရင်းကဗျာဆရာ = Stanislaw Borokowski

မူရင်းကဗျာ = Suicide Prevention Hotline

မူရင်းဘာသာ = ဂျာမန်

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Chris Michalski

Read Full Post »

 

စက်တင်ဘာဟာ လော်ရီကားများလပဲ

မြက်ခြောက်တွေနဲ့ လေးလံ လမ်းသွယ်တလျှောက်

အစည်းပြေ ကောက်ရိုးတွေ လျောင်းစက်နေတယ်။

ကျောင်းတက်ချိန်လွန်သွားတာ ကြာခဲ့ပြီ

ဧရာမကျူတောထဲ နွေ မေ့ကျန်ရစ်တဲ့

အသက်မဲ့ အသိုက်တွေထဲ

အချိန်ဟာ တိတ်သွား ပိတ်သွားတယ်။

 

အမြှေးပါးတွေ ဥထဲမယ် တွန့်လိပ်ကုန်ပြီ

တ၀က်တပျက် အကောင်ပေါက်လေးတွေ

အခွံရဲ့ အပေါက်သေးမွှားတွေကနေ စိမ့်ဝင်ဖြတ်ပြီး

သူ့တို့ အရိုးတွေကို စွန့်ခွာသွားပေါ့

လော်ရီကားရဲ့ ပွယောင်းယောင်း ဆံပင်တွေ ဖြီးသင်ဖို့

လမ်းအတိုင်း အဲဒါ ရှေ့ဆက်သွားခိုက်

စက်တင်ဘာရဲ့ လေထဲမယ် နာရေးသတင်းတွေရဲ့

အနံ့တစ်ခုခု ခြေရာလက်ရာတစ်ခုခုရှိနေရဲ့။

 

မူရင်းကဗျာဆရာ – Niels Hav ရဲ့

မူရင်းကဗျာ – The Long-haired Lorries ကို ပြန်ဆိုပါတယ်

မူရင်းဘာသာ – ဒိန်းမတ်

အင်္ဂလိပ်ဘာသာပြန်ဆိုသူ – Heather Spears

 

Read Full Post »

 

ပင့်သက်တချက် ရှိုက်လိုက်တုံး ငါအဖေ့ဆီ စိတ်ရောက်သွား ‘နင့်အဖေ အိပ်ယာထဲ လဲနေ၊

အောက်ဆီဂျင် ပေးထား၊ အရိုးနဲ့ အရေပဲရှိတော၊့ အိမ်သာသွားဖို့တောင်

လူကူနေရ’

တစ်ရက်နှစ်ရက်တုံးက အမျိုးတစ်ယောက် ဖုန်းနဲ့ ပြောပြ

အဖေဘာတွေ တွေးနေမလဲ ငါတွေးကြည့်လို့မရ

ဒါပေမယ့် သူရေကူးတဲ့ပုံ သူပြန်မြင်ယောင်နေမယ် ငါယုံတယ် တခါတုံးက ယန်ဇီမြစ်ကိုတောင်

သူဖြတ်ကူးခဲ့တာ

 

လက်နှစ်ဖက်လုံးနဲ့ ငါအသာအယာ ခတ်သွားလိုက်တယ် ဒီရိုးစင်းတဲ့ လှုပ်ရှားမှုမျိုး

ငါ့အဖေ တခါပြန်မခံစားနိုင်တော့ ဦးခေါင်းဟာ

ရေထဲ စိုက်ဝင်သွား တခါ ပြန်မော့လာ တခါ ပြန်စိုက်ဝင်သွား တခါ ပြန်မော့လာ

ငါအောက်ခြေထိ ငုပ်သွား ကင်းမွန်တွေကြား ကခုန်နေတဲ့ အရိပ်တွေ တို့ထိမိ

တခါသားနွေဘက်ရေဆင်းချိုးကြတုံး မြင်ကွင်းဟာ ငါ့ကို ဆွဲဆုပ်လိုက်တယ် ဟွမ်ပုမြစ်ထဲ

င့ါအဖေရဲ့လက်ဟာ ဆိပ်ကမ်းက ၀န်ချီစက်လက်တံလို

ရှစ်နှစ်သား ငါ့ကို အသာအယာ မြှောက်ချီခဲ့ အဲဒီတုံးကသူဟာ အခုငါထက် ငယ်တယ်

ရုတ်တရက် ငါ့ကို တစ်ခုခုထိုးလိုက်တယ် ရေနစ်သူလို

အပေါ်ဘက်ဆီငါ ပြန်ရုန်းတက် ငါ့နံဘေး လှိုင်းတွေ

သူ့ကြွက်သားများ ဖြစ်လာ ပြီးတော့ ရုတ်ချည်း ပလုံစီများသာ ကျန်ခဲ့

ငါ အသက်ပြင်းပြင်းရှုနေ ကူးခတ်မောပန်းနေတာ ငါလား ငါ့အဖေလား

အခု ငါမသိတော့

 

မူရင်းကဗျာဆရာ = Li Li

မူရင်းကဗျာ = Bubbles

မူရင်းဘာသာ = တရုတ်

အင်္ဂလိပ်ဘာသာပြန်ဆိုသူ = Eleanor Goodman

Read Full Post »

 

မှော်ဝင်နေတဲ့လှေကို ဘယ်တော့မှ ပြန်မတွေ့ကြတော့

အခန်းဟာ ပြာလဲ့လဲ့ ဆေးပြင်းလိပ်မီးခိုတွေနဲ့ ပြည့်

ငါတို့ရှေ့မယ် ရေသူမ ရပ်နေ ပင်လယ်ရေမှော်တွေ ဖုံးလို့

မျက်လုံးတွေ စိမ်းလို့ ပြောလိုက်တာကို နားမလည်လို့ရယ်

 

ဆေးလိပ်သောက်ခြင်း အတတ်ကို ဘယ်တုံးကမှ မသင်ခဲ့မိလို့ရယ် သူမ ရှက်နေပုံပဲ

မီးသင့်ကျောက်(၁)တွေ သူမရဲ့ ပွင့်အာနေတဲ့ နှုတ်ခမ်းကို ကျွမ်းလောင်စေတယ်

သူမ၀တ်စုံ မီးခိုးတွေအူနေတာ သူမသိပုံမပေါ်

လင်းနေတဲ့ အစိမ်းရောင် ပိုးမျှင်စတွေဆီက ပြာတွေကျလာနေ

 

ပင်လယ်ပျော်ကြီးတွေမယ် ဆေးတံကိုလည်း မတွေ့ရ ဆေးတံရိုးတောင် မမြင်ရ

ပြာလဲ့လဲ့ နက်ရှိုင်းမှုကသာ သူတို့နဲ့ထိုက်တန်သမျှကို ဆုပ်ကိုင်ထားတော့တယ်

အလင်းရောင်နဲ့ အသားတကျ ဖြစ်ဖို့ရော ခြောက်တောက်တောက် ခါးတားတား

ကုန်းလေကို ရှုဖို့ရောဆိုတာ ခက်တော့ခက်သားကလား

 

၁ – cinders

 

 

 

မူရင်းကဗျာဆရာ – Osip Mandelstam 

မူရင်းကဗျာ – Madrigal

မူရင်းဘာသာ – ရုရှား

အင်္ဂလိပ်ဘာသာပြန်ဆိုသူ – Olga Kamensky

Read Full Post »

 

အဲဒီသြဂုတ်မနက်မယ် အရာအားလုံးပြောင်းလဲခဲ့

ငါအိပ်နေတုံး သူ့ရဲ့ နည်းနည်းစူးတဲ့အသံရယ် ခပ်ကြမ်းကြမ်းရယ်လိုက်သံရယ် ကြားနေခဲ့

ကြက်ဥပြုတ်ထားတဲ့ တရွှီးရွှီးအသံက ငါ့ကိုနိုးထစေခဲ့တဲ့ ကြည်လင်တဲ့ မနက်ခင်းတွေ

နွေမနက်ခင်းတွေအားလုံးရဲ့ တိတ်ဆိတ်မှုကို အဲဒါက အသေအချာ ချိုးဖဲ့ခဲ့

ငါ့အမေက မီးဖိုထဲမယ် တတောက်တောက် ဒန်က တတောင်ဆစ်ပေါ် မှီရင်း စာဖတ်နေ

ငါတို့ကေဘယ်တီဗွီတပ်လိုက်တာ မကြာသေး မနက်တိုင်း မျက်နှာတောင်မသစ်ဘဲ

ရီမုတ်ပေါ်က ခလုတ်တွေ ငါလျှောက်နှိပ်

ဒါပေမယ့် ဒီတကြိမ်တော့ သူငါ့ကို နှိုးလိုက်တယ်

အိပ်ခန်းတံခါးကို အသံမမြည်အောင် ငါဖွင့်

မောင်းနေတဲ့ ရထားတံခါးကို ဖွင့်လိုက်မိသလို သူ့အသံတဝေါဝေါက ငါ့လာထိတယ်

သူ့ရဲ့ အရာရှိဦးထုပ်ကို ငါတွေ့ ပြန်အိပ်မယ်ဆိုပြီး ငါ့ကိုယ်ငါ

စောင်အောက်ကို ပြန်ထိုးသွင်း

အခုတော့ ငါ့အမေရယ်သံပါ ငါကြားလာရ စစ်ဗိုလ်တစ်ယောက်

သူမတစ်ဘ၀လုံး အိပ်မက်မက်ခဲ့တဲ့ ယူနီဖောင်းနဲ့ ယောက်ျား တစ်ယောက်

ငါ့မျက်လုံးကို မှိတ်လိုက်တယ် နေရောင်က ငါ့မျက်နှာကို ထိုးနေ

ဒီဘဲပုံ ဘယ်လိုရှိမလဲ ငါတွေးကြည့်

ခန်းမထဲ မှန်စားပွဲပေါ်က ဦးထုပ်မာမာကို ငါဆောင်းကြည့်

ဒါ ဘယ်လိုခေါင်းမျိုးနဲ့များ တော်ပါလိမ့်

နောက်တော့ ဖရွိုက်ကို yellow pages လို အားကိုးတဲ့ သူငယ်ချင်းတစ်ယောက်ဆီ

ငါဒီအကြောင်းတွေ ပြောပြ

သူက ခံစားမှုအပြည့်နဲ့ ပြောတယ် မင်းအမေကို မင်းဒီလိုဆုံးရှုံးလိုက်ရချိန်မှာ

မင်းခြောက်နှစ်သားတုံးက ဆုံးသွားတဲ့ မင်းအဖေအကြောင်း တွေးလေ

မင်းအမေဟာ မင်းဘ၀ရဲ့ ပထမဆုံး မိန်းမပဲ

မင်းနဲ့ သူ့အကြား တခြားတစ်ယောက်မရှိ

အဲဒီသြဂုတ်မနက်ခင်းမယ် အဲဒီဘဲ  မပေါ်လာခင်အထိပေါ့လေ

ငါကတော့ ရယ်နေ သူကတော့ အလေးအနက်ပြောနေပုံပဲ ငါတို့ တော်တော်ပြောဖြစ်ကြ

သူက domino effect ဆိုလား ဆက်ပြီးပြောသေး

ဘာတဲ့ သီးခြားစီရှိနေတဲ့ အဖြစ်အပျက်တွေရဲ့ ရှည်လျားတဲ့ ဆက်စပ်အစဉ်အတန်းဆိုလား

ငါကတော့ သူ့ကို ရယ်ပဲရယ်နေ

မေဆင်ဂိုဏ်းဝင်တွေနဲ့ သူတို့ရဲ့ မဟာအကြံအစည်ဆိုတာမျိုး ကြားရတဲ့အခါ မင်းတို့ ရယ်သလိုမျိုးပေါ့

ဒါပေမယ့် ကြက်သီးနဲနဲထလာလို့ ငါ သူ့ကို ပြောလိုက်တယ် ငါ့အမေကို ဒီဘဲ ဘယ်လိုတီးလဲဆိုတာ

သူက ပြောတယ် ငါတို့တော့ ဒစ်ကင်းဝတ္ထုထဲကလိုမျိုး ကြုံနေရပဟတဲ့

စီမီဂျူးနားက ငှားထားတဲ့အခန်းဆီ မိုးရေထဲ ငါပြန်လာ

ငါ့လည်ပင်းမယ် အကျိတ်လိုလို စမ်းမိလို့ ဒါတော့ဖြင့် ငါတို့အတူရှိတဲ့နောက်ဆုံးရက်တွေပဲလို့တောင် တွေးမိ

၄၆ ခုတုံးက ငါ့အဖိုးကို သွားသတိရ သူစစ်ထဲလိုက်သွား

သူ့အချစ်ကလေး မာရူရှာ အိမ်မယ်ကျန်ခဲ့ သူ့ဆီ တစ်နှစ်လုံး စာတွေပို့

လေတဟူးဟူး တိုက်တဲ့တနေ့သား အဖိုး စာတစ်စောင်ရတယ်

စာထဲမှာ ကျွန်မတို့မိသားစု ရှင့်ကို ဆက်မစောင့်နိုင်တော့ဘူး ရေးထား

တခြားတစ်ယောက်နဲ့ နေရာချပေးတော့မယ် ဘာညာ အဖိုးက

လက်ထပ်လိုက်ဖို့ အဲဒီိနေ့ပဲ စာပြန်ရေး

ရေးနေတုံး သူ့ပါးပေါ် မျက်ရည်တွေတော့ စီးလို့ပေါ့ နာရီနည်းနည်းကြာတော့

အဘိုးတစ်ယောက် ဘူခါရက်နားက ဘူတာပလက်ဖောင်းမယ်

နိုးတ၀က် အိပ်တ၀က်နဲ့ ကင်းလှည့်နေ

တစ်ယောက်ယောက် သူ့ကို လက်မောင်းကနေ ဆောင့်ဆွဲလိုက်တယ်

ဝင်လာတဲ့ ရထားရှေ့ကနေ

ငါမသေလိုက်ဘူး

မင်းအဲဒါကို စဉ်းစားကြည့်စမ်း အီယိုနွတ် ရထားများ ငါ့ကိုတိုက်သွားလို့ကတော့

မာရူရှာကြောင့် ငါရထားရှေ့ ခုန်ချသွားတယ် တရွာလုံး ပြောတော့မှာ

ငါအဲလောက် မပိန်းဘူးကွ

လူတွေ ဘာကြောင့် ကွဲကြကွာကြ

ဘယ်လိုကနေ ဘယ်လို ယောက်ျားတစ်ယောက်ဘ၀မှာ မိန်းမတစ်ယောက်ထက် ပိုရှိနေ

ဒါဟာ သေပြီးမှ ရှင်ပြန်ထမြောက်ဖို့လို့ဖြင့် အဓိပ္ပါယ်ပေါက်မယ် မထင်ဘူး

မင်းရဲ့ တသက်တခါအချစ်ဆိုတာ နောက်တော့ ဘယ်လို အသစ်ပေါ်လာရပြန်တာလဲကွာ

ဆွေးစရာတွေ ပြည့်နေတဲ့ ငါ့ဒိုင်ယာရီတစ်နေရာရာမှာ အဲလို ရေးခဲ့

ငါ ဒန်ကိုလည်းပြောတယ် ဒါ အမေ့ရဲ့ ပုံစံကြောင့်ပဲလို့ ဒန်ကတော့ ပြောတယ်

ဒါပေမယ့် အဲဒါကလည်း စောက်ပိုနေမှာ

ငါ့အမေ တစ်ယောက်ယောက်နဲ့ ပျော်နေမှာပဲ ငါမြင်ချင်တာ

အမ်နဲ့ အမေနဲ့ ပြတ်တုံးကလည်း သူလစ်တော့မယ်ဆိုလို့ ငါပျော်နေခဲ့

ငါတို့နှစ်ယောက်တည်း ပြန်နေရမယ် သူမကို တီးမယ့်လူ မရှိတော့ဘူး

အဆောက်အဦကနေ သူထွက်သွားတာ ပြတင်းပေါက်ကကြည့်ပြီး

သူ့အတွက်တောင် စိတ်မကောင်းဖြစ်မိ

သူ့နောက်မှာ ခရီးဆောင်အိတ်ကြီးတစ်လုံး တရွတ်ဆွဲသွား အထက်တန်းရောက်တော့ ငါ ဒေါစတို ယက်စကီ ဖတ်နေ

အဲဒီမှာ လူကောင်းလည်းမရှိ လူဆိုးလည်း မရှိ ငါသိလာတယ်

အခုတော့ ပရွတ်ဘက်က ကမ်းနားရွာတစ်ရွာဆီ သူထွက်သွား သူ့အရာရှိဦးထုပ်တောင် ပါမသွား

အဲဒီမှာ ကေဘယ်တီဗွီမရှိဘူးဆိုလို့ သူ့အတွက် ငါစိတ်မကောင်းဖြစ်မိ

ငါ့အတွက်တော့  အဲဒါသာ ကမ္ဘာပေါ်မယ် ၀မ်းနည်းစရာ အကောင်းဆုံးအရာ

ဒီလိုပြတ်ကြစဲကြတာအတွက် နောက်ခံကားတော့ဖြင့် ပြင်ပြီးသား

ပြတင်းမှန်မယ် မိုးရေတွေ စီးနေ

မွန်းတည့်ချိန်လောက်ပေမယ့် တော်တော်မှောင်နေ

ငါလည်း ငါ့မွေ့ယာပေါ်မှာ သူမလည်း သူမမွေ့ယာပေါ်မှာ

ငါတို့ လီယိုနာဒ်ကိုဟင် နားထောင်ကြ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး ငိုကြ

အဲဒီအခန်းကို ခပ်မိုက်မိုက် ရိုက်နိုင်ခဲ့တယ် ပြောရမယ်

ညကျတော့ တရုတ်ဆိုင်မယ် သွားစားကြ

အဆောင်မယ်နေတုံးကလည်း ငါတို့ အဲဒီကို သွားနေကျ

အရွက်နဲ့ ဥတွေပါတဲ့ ကြက်ထမင်းကြော်မှာစားကြ

တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး ငိုကြ

ငါ အသက်ရှုမ၀သလိုဖြစ်လာ ငါတို့ အိမ်ပြန်လာတယ်

တစ်ယောက်လက်တစ်ယောက်တော့ မကိုင်တော့ဘူး

ငါလည်း ငါ့မွေ့ယာပေါ်မှာ သူမလည်း သူမမွေ့ယာပေါ်မှာ

သူမ ခနလေးနဲ့ အိပ်ပျော်သွား တိုးတိုးလေးဟောက်နေ

ငါစိတ်မထိန်းနိုင်ဖြစ်လာ မျက်ရည်ထပ်ကျလာ

သူမ အိပ်နေတာကြည့်ရင်း ပြီးခဲ့တဲ့နှစ်တွေတောက်လျှောက်

တညပြီးတည ငါလုပ်ခဲ့တဲ့အတိုင်း သူမကို နမ်းချင်လာ

ဒါပေမယ် ငါမနမ်းဖြစ်ဘူး

ယူနီရီယာ အာဇီစီနီက ဂလပ်စကိုရိန်းဂျားကို

လေးဂိုးတစ်ဂိုးနဲ့ တီးပစ်လိုက်တဲ့ပွဲကို ကြည့်နေလိုက်တယ်

နောက်ခံပြောတဲ့ကောင်က ပြောနေ ဒီညတော့ ရိုမေးနီယန်းတွေ ပျော်သင့်သတဲ့

 

မူရင်းကဗျာဆရာ = Ionuț Sociu

မူရင်းကဗျာ = unirea urziceni was beating the glasgow rangers

မူရင်းဘာသာ = ရိုမေးနီးယား

အင်္ဂလိပ်ဘာသာပြန်ဆိုသူ = Oana Sanziana Marian

 

Read Full Post »

 

ခွဲခွာခြင်းတွေ ငါ့ကို သင်ပေးတယ်

အရိုင်းပင်လို ကိုယ့်အဆိပ်နဲ့ကိုယ် ဘယ်လို ဆွေးမြည့်ရမလဲဆိုတာ

 

မှန်ရဲ့ ကြည်လင်တဲ့ တုံဏှိဘာဝေဖြစ်မှုထဲ

ငါ့မျက်နှာပေါ်က နှင်းမှုန်တွေ အငွေ့တွေထ

ငါ့အကြည့်ဟာ စိုက်ထားတဲ့သံလို အသက်မဲ့တဲ့ ပြတင်းလို

အဲဒါအားလုံးဟာ မနေ့ကပဲ

လူတိုင်းရဲ့ အမြင်မှာ

တည်ရှိမှုကို ၀ိဝါဒပွားဖွယ် ဖြစ်ရလေအောင်

ကမ္ဘာလောကကို ပြောင်းပစ်ခဲ့တာ

အချိန်ထဲက ငြင်းပယ်မှုလား ဒါမှမဟုတ် ငါ့အထဲက ချောက်နက်လား

တိတ်ဆိတ်မှုဟာ ရန်စွယ် အမှတ်ရစရာတွေဟာ ရူးသွပ်မှု ဖြစ်လာတယ်

ဘယ်ဘုံကမှ ထိန်းလို့မရတဲ့ ဒဏ်ရာအနာတရနဲ့ အကောင်ကြီးလို

ငါ့ယုံကြည်မှု တောက်လျှောက်

တစစီ ဖြစ်ရတာ အတည်ပြုဖို့

ငါ့အသားထဲက ငါလျှံထွက်

 

လှေကားမယ် တယောက်ယောက် ချောင်းများဟန့်လေသလား

ငါတံခါးဆီ အပြေး သွားတယ်

ငါ့နှလုံးသား တဒိတ်ဒိတ် တဒုန်းဒုန်း

အောက်ဘက်တစ်ထပ်ထပ်က တံခါးတစ်ချပ် စေ့ပိတ်သွား

နတ္ထိဖြစ်ခြင်းရဲ့ နှုတ်ခမ်းစပ်မယ် ပြတ်လုဆဲကြိုးဟာ လျောင်းလျက်သား

 

ဧည့်ခန်းရဲ့အလယ်မှာ အနက်ရောင် အခေါင်း

တိတ်ဆိတ်ခြင်းရဲ့ ရှိသမျှအားအင်နဲ့ ငါ့ကို စိုက်ကြည့်နေ

အလောင်းကောင်လို တုံဏှိဘာဝေ

အဲဒီအမည်းရောင်အရာလို ရက်စက်

တနေကုန်

ဖမ်းလှောင်ခံတဲ့ တောကောင်တစ်ကောင်လို အဲဒါကို ငါကြည့်တယ်

တကယ်လို့ အဲဒါဟာ မြည်မယ် မြည်မယ် မြည်ချည်းပဲနေမယ်

တခါတလေတော့ တခြားလူတွေ ဖုန်းခေါ်မယ်

တခါတလေတော့ နောက်သလို ပြောင်သလို အပေါစားဆန်ရဲ့ နံပါတ်မှားနေတယ်ဆိုလား

နေ့တွေ ညတွေ နာရီတွေ လတွေ

အချိန်ဆိုတာ ဘာလဲ ငါ့ကို သင်ပေးခဲ့တဲ့ ခွဲခွာခြင်းအားလုံးရဲ့ အထက်ဆီမှာ အဲဒီဟာ

 

လှေကားဆီက ခြေသံတွေကြားတိုင်း

င့ါဝိဉာဉ်တံခါးတွေ ပွင့် ပွင့်သွား

ဘယ်သူမှ မရှိ ဘယ်သူမှ မရှိ အဲဒီမှာ ဘယ်သူမှ မရှိပါဘူးလေ

ခွဲခွာခြင်းတွေ င့ါကို သင်ပေးတယ်

အထီးကျန်နေတဲ့အခါ အသံတွေဟာ ဘယ်လောက်များ ခွဲခြားရခက်လာလဲဆိုတာ

ကျယ်လောင်တဲ့ ရေဒီယို သူငယ်ချင်းအတွက် စားစရာ လုပ်ပေးနေတဲ့ တယောက်ယောက် စောစောစီးစီးစွန့်ပစ်ထားတဲ့ အမှိုက်အိတ်တွေ

တချက်တချက် လွင့်လာတဲ့ သုတ်သင်ပြီးလှေကားပေါ်က စိုတိစိုဖပ် အ၀တ်စရဲ့ အနံ့

မှာယွင်းခြင်းဆိုတာဘာလဲ ခွဲခွာခြင်းတွေဆီက ငါသင်ယူခဲ့

အချိန်ရလာတာနဲ့အမျှ ပြောင်းလဲလာတဲ့ မျက်လုံးတွေနဲ့

ငါ့ကလေးဘ၀ကို

တစိမ်းတရံဆန်လို ငါပြန်မြင်တယ် မပျော်ရွှင်မှုကြောင့် သူ့ဖွံ့ဖြိုးမှုဟာ မွန်းကျပ်ခဲ့ရ

ပြန်ဖြေစာမေးပွဲတွေထဲ နစ်နေတဲ့ ခပ်ရှည်ရှည်နွေရာသီတောင်မှ

ငါ့ကို အဲဒါ သင်မပေးနိုင်ခဲ့

 

နှစ်တွေကြာပြီးမှ ငါ့ကလေးဘ၀ကို ငါဆုပ်ကိုင်နိုင်လာ

ငါ့အတွင်းထဲမယ် ရှင်းရှင်းလင်းလင်းပြန်မြင်လာ

 

ပြီးတော့ ဘာလဲ

ဖြစ်နေကျအတိုင်းပေါ့ ဘာမှမဟုတ်ဘူး

အဲဒီအခိုက်အတန့်က ငါ့အသားပေါ် တံဆိပ်ရိုက်သွားခိုက်

အရာအားလုံး နေသားတကျဖြစ်သွား

အချိန်က ငါ့ကို ဆွဲခေါ်သွား

တခါတုံးက ငါ့ကို ညှဉ်းပမ်းနေခဲ့ မင့်အချစ်ဟာ

သူ့အသားမာကို ငါ့အရေပြားပေါ်က ဆွဲခွာသွားပေါ့

ငါ့ကို သင်ကြားပေးခဲ့တဲ့ ခွဲခွာခြင်းအားလုံးရဲ့ အထက်ဆီမှာ အဲဒီဟာ

သတ်သေခြင်းသာ ငါ့ဘ၀ရဲ့ ဘယ်တော့မှ မပြောင်းတဲ့ ဖြစ်နိုင်ခြေပေါ့

 

တစ်နေ့ထက်တစ်နေ့ အတွင်းမှာ ငါပါးလှပ်လာ

ငါစပြီး မေ့လျော့လာ

ငါစပြီး မေ့လျော့လာ

ဖုန်းဟာ တခြားအိမ်သုံးပစ္စည်းတစ်ခုလိုပါ

ငြီးငွေ့ဖွယ်ထဲ ဖာသာ နေသားကျလာ

ငါ့ကို သင်ကြားပေးခဲ့တဲ့ ခွဲခွာခြင်းအားလုံးရဲ့ အထက်ဆီမှာ အဲဒီဟာ

အချိန်ရလာတာနဲ့ အမျှ အရာဝတ္ထုတွေ ကျိုးနွံလာ

တံခါးဟာ တံခါးပြန်ဖြစ်လာ

လှေကားထစ်တွေရယ် လှေကားတစ်စင်းရယ်

သူတို့ရဲ့မှော်ဆန်မှုကို လက်လွှတ်လိုက်ရတဲ့ အသေးစိတ်တွေရဲ့နိုးထမှုမှာ

နတ္ထိဖြစ်ခြင်းထဲ ချော်ကျမသွားပဲ အတိတ်မှာ ပျော်ဝင်နေဖို့

အားလုံးဘယ်လိုပဲ ဖြစ်ဖြစ် ခွဲခွာခြင်းမတိုင်ခင်က ငါတို့ရဲ့ အရင်အသွင်နဲ့ ဆင်တူစေဖို့

ငါသင်ယူခဲ့တဲ့ အမြဲတမ်းအတွက် မှန်တဲ့အချက်ကတော့

အယုံလွယ်ခြင်းသာ နှလုံးသားရဲ့ အကြီးဆုံး အောင်မြင်မှုပါ အချစ်မဟုတ်ပါ

ဒီအချစ်ထဲကနေ အဲဒါပေါက်ဖွားတာပါဆိုလဲ ရှိပလေ့စေ

ငါ့ဆီက အရိုင်းဆန်တဲ့ကြေကွဲမှုဟာ

အရင်တစ်ခုဆီ အမြစ်တွယ်နေ

ငါ့ဆီကနေ

ငါဖြတ်ထုတ်ပစ်လိုက်တဲ့ အပင်ပေါက်ကလေးဆီမှာလေ

ခွဲခွာခြင်းတွေ င့ါကို သင်ပေးတယ်

အချိန်ရလာတာနဲ့အမျှ နာစရာကျင်စရာတွေ အရင်လို မနာမကျင်တော့တာ

 

အဲဒါတွေ ငါမေ့တော့မမေ့ပါ ဒါပေမယ့် ရင့်ကျက်လာခဲ့တာ

 

မူရင်းကဗျာဆရာ = Murathan Mungan

မူရင်းကဗျာ = partings taught me

မူရင်းဘာသာ = တူရကီ

အင်္ဂလိပ်ဘာသာပြန်ဆိုသူ = Buğra Giritlioğlu

 

Read Full Post »

 

အရေပြားနဲ့ ဖုံးထားတဲ့ ဒဏ်ရာတစ်ခုလို ငါနွမ်းနယ်

အရေပြားဟာ စိတ်ချရတဲ့ စောင်လိုပဲ

ဒဏ်ရာတွေ အိပ်ပဟေ့ဆိုတာနဲ့

တည်ပေ့ဆိုတဲ့ကတိလို အမြဲရောက်လာ

 

ဖြစ်နိုင်မယ်ဆို လွင့်နေတဲ့ ရွက်ကြွေလို အလွတ်ပဲ ငါနွမ်းနယ်ချင်

 

ငါ့ကြေကွဲမှုဟာ တည်ငြိမ်..ပြီးတော့..တောင်လောက်လည်း မြင့်ရဲ့

ရှည်လျားတဲ့အကွာအဝေးတွေကို ငေးနေ

အဲဒီကို ရောက်တော့ မရောက်နိုင်ဘူးပေါ့

 

ကြက်ဥမွှေကြော်လိုပဲ ငါ့မျက်ရည်.. နေ့တဓူဝဆန်..ပြီးတော့.. ငံကျိကျိဖြစ်ရဲ့

 

ဒဏ်ရာရထားတဲ့တောင်ဟာ ရွက်ကြွေတွေ အုပ်ထှာပဲ ခံချင် ကြက်ဥမွှေကြော်တွေဖြင့် မအုပ်ပါစေနဲ့

အဲဒါ သဘာဝကျရဲ့ မဟုတ်လား

 

မူရင်းကဗျာဆရာနှင့် အင်္ဂလိပ်ဘာသာပြန်ဆိုသူ = Gili Haimovich

မူရင်းကဗျာ = (Language)

မူရင်းဘာသာ = ဟီဘရူး

Read Full Post »

« Newer Posts - Older Posts »