Feeds:
Posts
Comments

Archive for the ‘Travelogue’ Category

၎။

မနက်စောစော ကိုစိုင်းတို့က မနက်စာစားဖို့လာခေါ်တာနဲ့ လိုက်ခဲ့တယ်။ ရောက်တော့ ပထမနေ့က စားတဲ့ရှမ်းခေါက်ဆွဲဆိုင် ဖြစ်နေတယ်။ နာမည်က အခုမှ သတိထားမိတာ ရွှင်ပျော်ပျော်တဲ့။ ခေါက်ဆွဲဆိုင်က ဆရာကြီးက ကျွန်တော့်စိတ်ကူးများ သိနေလားမသိပါဘူး။ အခု ရှမ်းခေါက်ဆွဲတွေက သိပ်မကောင်းတော့ဘူးလို့ သူဟာသူ ပြောပါတယ်။ အဓိကကတော့ အသားကို ကြိတ်စက်နဲ့ ကြိတ်ပြီး လုပ်ကြလို့တဲ့။ အရင်က အသားကို ကြေအောင် လက်နဲ့ ထုရိုက်ယူတာတဲ့။ အဲဒီလို ချေထားတဲ့ အသားကို သုံးတာမို့ ဘာစားစား အရမ်းကောင်းတယ်တဲ့။

စားပြီးတော့ ဈေးထဲလှည့်ပါတယ်။ ကျွဲခေါက်ကျော်နဲ့ ပဲပုပ်ပြားဝယ်ဖြစ်တယ်။

ပထမနေ့ကတည်းက ငှားထားတဲ့ ဟိုက်အေ့စ်လေးနဲ့ပဲ ကျိုင်းတုံ တာချီလိတ်လမ်းပေါ် တက်ခဲ့တယ်။ ပန်ကွဲဆိုတဲ့ နေရာကို ရောက်လာတယ်။ သူက ပုသိမ်လမ်းပေါ်က ဗိုလ်မြတ်ထွန်တံတားအဆင်းလို၊ မော်လမြိုင်လမ်းပေါ်က သိမ်ဇရပ်လို နေရာမျိုး။ ဒေသထွက်စားစရာတွေ (ထိုင်းနဲ့ တရုတ်ကလာတာတွေလည်းပါ) ရောင်းတဲ့ ဆိုင်ကလေးတွေ တန်းစီနေတယ်။ စပါးကိုလည်း စပရိုက်ဗူးတွေနဲ့ ထည့်ရောင်းနေတာ တွေ့ရတယ်။ ရာသီဥတုကလည်း နည်းနည်း အေးစိမ့်စိမ့် ဖြစ်နေတာမို့ စပါးနည်းနည်း ၀ိုင်းစိုက်ကြတယ်။

နည်းနည်းဆက်သွားတော့ ၁၉ မိုင်ဆိုတဲ့ ရွာကို ရောက်လာတယ်။ ရေအားလျှပ်စစ်အတွက် ရေပိုက်ကလေးတွေ သွယ်ထားတယ်။ ပထမနေ့က ရောက်ခဲ့တဲ့ရွာတွေလိုပဲ ရွာက လူခြေခပ်တိတ်တိတ်ရယ်။ ကောက်စိုက်ချိန်မို့ ရွာရှိလူကုန် တောင်ယာရောက်နေတယ်လို့ သိရတယ်။ လေ့လာစရာရှိတာလေ့လာ နေကြတုံး ပါလာတဲ့ ဓာတ်ပုံဆရာက ၀တွေကို ဓာတ်ပုံရိုက်နေလေရဲ့။ ထမင်းမစားခင် ကြက်သားကင်ကြွပ်ကြွပ်လေးနဲ့ စပါးကို အရင်ချပေးတယ်။ စားပြီးတော့ အစာပိတ် နဂါးမောက်သီးတွေ ချပေးလို့ စားကြည့်တော စစ်တီးမတ်က ၀ယ်စားတဲ့အရသာနဲ့ အကွာကြီးကွာနေတာ တွေ့ရတယ်။

စားသောက်ပြီးတော့ ၂၁ မိုင်ဆိုတဲ့ရွာကို ရောက်သွားတယ်။ ဒီဘက်မှာ လူတွေ မိုင်းဂရိတ်ဖြစ်တာများပါတယ်။ တောင်ယာ ရွှေ့ပြောင်းစိုက်တဲ့ နောက်ကို လိုက်ပြီးရွာကို ရွှေ့နေကြပါတယ်။ ၂၁ မိုင် မူလရွာက တောင်ပေါ်မှာလို့ သိရတယ်။ ရွာကတော့ စံပြရွာဆန်တယ်။ တော်တော်သပ်ရပ် သန့်သန့်ရှင်းရှင်းရှိတယ်။ ကျောင်းလည်း ကိုယ်ထူကိုယ်ထ ဆောင်ဖို့ လုပ်နေတယ်။ ရေငန်းသီး ပန်းရောင် ကြွေးပါတယ်။ အရသာကတော့ အရင်စားဖူးတဲ့ ရေငန်းသီးအရသာပါပဲ။ ရွာထဲက ထွက်တော့ တခြားတစ်လမ်းက ထွက်တာမို့ ကြိုးတံတားကို ဖြတ်ရတယ်။ တောင်ပေါ်ဒေသကို ရိုက်ပြတဲ့ ဓာတ်ပုံတွေထဲမှာ တွေ့ရလေ့ရှိတဲ့ ခနော်နီခနော်နဲ့ ၀ါးကြိုးတံတားမျိုး မဟုတ်ပါ။ ကွန်ကရစ်တိုင်နဲ့ သံကြိုးနဲ့ ပျဉ်ခင်းကြိုးတံတားဖြစ်ပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ အင်ဂျင်နီယာနဲ့ ဆောင်ထားတာလို့ ထင်မိပေမယ့် ရွာက ကိုယ်ထူကိုယ်ထလုပ်ပြီး ရွာသားတွေကိုတိုင် ဆောင်ထားမှန်းသိရလို့ အတော်အံအားသင့်မိပါတယ်။

အပြန် ပန်ကွဲမှာဝင်ပြီး လက်ဖက်ခြောက်ဝယ်ပါတယ်။ ဒီဘက် (ရှမ်းပြည်နယ်အရှေ့ပိုင်း)က လက်ဘက် နာမည်မကြီးပါဘူး။ စိုက်တာတောင် ခုမှ စစိုက်ကြတာလို့ ဆိုတယ်။

ညကျတော့ အောင်ခိုင်-နောင်တုံ စက်ဝိုင်းတစ်ပတ်ထပ်လည်ပါတယ်။ လေးညလုံးလုံး ဒါပြီးဒါဆိုတော့ လူလည်း တော်တော်ငြီးနေပါပြီ။

၅။

နောက်နေ့မနက် ကိုးနာရီလောက် ဗင်တစ်စီးနဲ့ ကျိုင်းတုံက ပြန်ထွက်ခဲ့ပါတယ်။ ကားကြုံကပ်စီးတဲ့ ငနဲက တိုက်တဲ့ ဘီယာကို ငုံးဥဆားစိမ်လေးနဲ့ မြည်းရင်း အခုထိ အမည်မသိရသေးတဲ့ ချောင်းကြီးကို ငေးရင်း လိုက်ပါလာခဲ့တယ်။ မိုးက ရှမ်းတောင်တန်းတွေပေါ်ကို သည်းသည်းမည်းမည်း ရွာချလိုက်ပါတယ်။ ကားကက်ဆက်က ဘာမဆီညာမဆိုင် ထွက်ပေါ်နေတဲ့ ထီးဆိုင်ရဲ့ အညာနွေ သီချင်းသံကို နားဆင်ရင်း ကျွန်တော်လည်း အိပ်ငိုက်လာခဲ့ပါတယ်။

end

 

 

 

Read Full Post »

၂။
နောက်နေ့မနက် အစောကြီး နိုးလာတယ်။ ဘယ်သူမှ မနိုးသေးတာနဲ့ ဈေးဘက်ကို တစ်ယောက်ထဲ ထွက်လာခဲ့တယ်။ ရှမ်းခေါက်ဆွဲဆိုင်တွေ တန်းစီနေတာပဲ။ အစွန်ဆုံးက ဆိုင်တစ်ဆိုင်မှာ ထိုင်လိုက်တယ်။ အရသာက ရန်ကုန်မှာ စားနေကျတွေထက် သိပ်မထူးလှဘူး။ ၀က်ခေါက်ကြောက်တုံးတွေ ထည့်ပေးတယ်။ တစ်ပွဲ တစ်ထောင်။
နောက်တစ်နေ့တော့ ကားနဲ့ သာယာကုန်းဆိုတဲ့ ရွာကို သွားကြတယ်။ ရွာက လားဟူရွာကလေးပါ။ ကလေးတွေရဲ့ သွားကျန်းမာရေးလှုပ်ရှားမှုတွေကို သွားပြီး လေ့လာကြတာပါ။ ဧည့်သည်တွေလာမှာမို့ ကလေးတချို့ လားဟူဝတ်စုံ ၀တ်ထားတယ်။ မြန်မာစကားတတ်သူ နည်းတယ်။ နေ့လယ်စာမှာတော့ ဟင်းဆန်းတစ်ခွက်ပါလာတယ်။ ၀က်ခြေထောက် ချဉ်ရေစိမ်ဆိုပဲ။ အစိမ်းပဲပေါ့။ စားလို့တော့ အတော်ကောင်းတယ်။ အိမ်တွေမှ ဆားငံသီးတွေ ပုလင်းတွေနဲ့ စိမ်ထားကြတယ်။ ဒီဘက်မှာ ခြံမြေရယ်လို့ အပိုင်မရှိပဲ ပြောင်းရွှေ့နေထိုင်ကြတယ်။ တချို့လည်း ဒေသလုပ် အုတ်စိမ်း (မီးမဖုတ်ထား)နဲ့ တိုက်ဆောက်ပြီးနေကြတယ်။ ဒီအိမ်က တစ်ယောက်ပြောင်းသွားရင် နောက်ပြောင်းလာတဲ့တစ်ယောက်က သူကြီးနဲ့ ညှိပြီး အဲဒီအိမ်ကို တက်နေလို့ရတယ်။ တောင်ယာလုပ်တဲ့နေရာကို လိုက်ပြီး ရွာတွေ ရွှေ့ရတာပဲ။ တောင်ယာနောက်လိုက်ရင်း ရွာတွေ ကွဲကုန်တာလည်းရှိတယ်။
နောက်တော့ ဟိုနားနဲ့ ၀မ်အင်ဆိုတဲ့ ရွာနှစ်ရွာကို ၀င်တယ်။ ဟိုနားမှာ ကင်းကော်ဖီမစ် (ရွာတွေဘက်မှာ ငါးဆယ်တန်ကော်ဖီမစ်တွေပဲ သောက်ကြတယ်) သောက်ရင်း ဓမ္မဆရာနဲ့ စကားစမြည် ပြောဖြစ်တယ်။ တောင်တွေ တောင်ကတုံးဖြစ်နေတာများတယ်လို့ စကားစလိုက်တော့ ပိုးစိမ်းကောင်ကိုက်တာ ဆရားလေးရေ့လို့ ပြန်ပြောတယ်။ ရွာသားတွေကတော့ အိမ်လေးဆောက်ဖို့ ၊ ထင်းရဖို့ ခိုးခုတ်ကြတာ ရှိတယ်။ အပင်တွေမရှိတော့ စမ်းတွေလည်း ခန်းတဲ့အထိ မဖြစ်တောင် ရေနည်းကုန်ပြီလို့ ဆိုတယ်။ ဟိုနားမှာ ဒိုက်ဦးကနေ သားဖွဆရာမလာလုပ်တဲ့ ဆရာမလေးတစ်ယောက်လည်း တွေ့ရတယ်။ အော်..မိုင်းဂရန့် ၀ါကာဆိုတာထဲ သူကလေးလဲပါထင်ပါရဲ့။
ညကျတော့ အောင်ခိုင်ပဲ။ ခေါက်ကျရည်ဆိုတာ တလုံးသောက်ကြည့်တာ တော်တော်ကောင်းသွားတယ်။ ခေါင်ရည်ကို အရက်ပြန်ချက်ထားတာတဲ့။
၃။
မနက်အိပ်ယာထတော့ လူက နည်းနည်း နုံးနေတယ်။ ဒီနေ့တော့ မြို့ပေါ် အစီအစဉ်ပဲ။ ငှက်ဖျားဆရာဝန်ကြီး၊ မြို့နယ်ဆရာဝန်တို့နဲ့ တွေ့တယ်။ နေ့လည်ကျ အိပ်ခ်ျအိုင်ဗွီဖြစ်နေသူ တချို့နဲ့ တွေ့တယ်။ တစ်ယောက်ဆို ဖြစ်မှန်းသိနေတာပဲ ဆယ့်တစ်နှစ်ရှိပြီတဲ့။ လောလောဆယ်တော့ ကျန်းမာနေတုံးပဲ။ စသိတာက ကိုယ်ဝန်ရနေတုံးသိတာ။ အဲဒီကိုယ်ဝန်ကမွေးတဲ့ကလေးလည်း ပိုးရထားတယ်။ သူလည်းရောဂါမဖြစ်တော့ မဖြစ်သေးဘူး။ နောက်တစ်ယောက်အိမ် ဆက်သွားတယ်။ ပုံမှန်အတိုင်းပဲ အလုပ်လုပ်စရာရှိလုပ်တယ်။ ပတ်ဝန်းကျင်ကလည်း ကျဉ်ထားတာမျိုး မရှိဘူး။
အခါယဉ်ကျေးမှုအသင်းရုံးလည်း လမ်းကြုံလို့ ၀င်ဖြစ်တယ်။ အခါတွေရဲ့ ၀တ်စုံကတော့ တော်တော်လှတယ်။ ၀တ်စုံတစ်စုံကို သိန်းနှစ်ဆယ် သုံးဆယ်တန်တာတွေတောင်ရှိတယ်တဲ့။ ကိုအောင်ဌေးက အရင်တိုးရ်ကုမ္ပဏီမှာ လုပ်ဘူးသူမို့ မြန်မာတိုင်းရင်းသားတွေထဲမှာ အခါ တွေဟာ ကမ္ဘာသိတဲ့လူမျိုးတစ်မျိုးဖြစ်တဲ့အကြောင်း ပြောပြတယ်။ ရွှေတြိဂံနဲ့ အခါကို တိုးရစ်တွေ အရမ်းစိတ်ဝင်စားကြတယ်တဲ့။ အခါအသင်းက ပြက္ခဒိန်ကို ကြည့်မိတော့ အခါတိုင်းရင်းသူမလေးတွေ အတော်ကို လန်းကြတာ တွေ့ရတယ်။ အခါအသင်းအနေနဲ့ အခါဘာသာကို တစ်မျိုးတည်း (လောလောဆယ် သုံးမျိုးကွဲနေ)ဖြစ်အောင် ကြိုးစားနေတယ်လို့ သိရတယ်။
နေ့လည်စောင်းမှာ သစ်တပင်တောင်ကို ရောက်သွားတယ်။ သစ်တပင်တောင်ထိပ်မှာ အလောင်းဘုရား ပြောင်းပြန်စိုက်ခဲ့တယ်ဆိုတဲ့ ကညင်ဖြူပင်ကြီးတွေ့ရတယ်။ သစ်တောဦးစီးဌာနက သစ်ပင်ရဲ့ သက်တမ်းနဲ့ အလောင်းဘုရားခေတ်ကို ယှဉ်ပြထားတယ်။ တိုင်းရင်းသားစည်လုံးညီညွတ်ရေးအတွက် ထင်ပါရဲ့။ ဦးအောင်ဇေယျက သစ်ပင်ပြောင်းပြန်စိုက်ပြီး ကျွဲတစ်ကောင်ခိုး၊ အသီးပိုးထိုး၊ သမီးလူ -ိုး ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်လို့ အဆိုရှိတာကိုး။
ညကျတော့ အောင်ခိုင်၊ နောင်တုံ၊ သည်ဆိမ်းစကက်ဂျူးပါပဲ။

Read Full Post »

၁။

တာချီလိတ်လေဆိပ်ကို မနက် ၁၁နာရီလောက်ရောက်တယ်။ အကောက်ခွန်ဖြတ်တာ နာရီဝက်လောက်စောင့်ပြီး လာကြိုနေတဲ့ ဗင်နဲ့ ကျိုင်းတုံကို ထွက်ခဲ့တယ်။ တာလေရောက်တော့ နေ့လယ်စာစားကြတယ်။ ရာသီဥတုက မအေးပေမယ့် အပူဓာတ်လည်း လုံးဝမရှိဘူး။ ဒါနဲ့ ကျွန်တော်နဲ့ ကိုခင်မောင်လည်း တခုခုသောက်ရအောင်လို့ တိုင်ပင်ကြတယ်။ ဗင်ဆရာကြီးက ဆာအက်ဒွပ် မဆိုးဘူးလို့ပြောတယ်။ ဟိုက်နဲ့ယှဉ်ရင်ဘယ်လိုနေလဲလို့ ပြန်မေးကြည့်တော့ ဟာပိုကောင်းတာပေါ့ဆရာရဲ့။ ဟိုက်က အတုတွေများပါတယ်လို့ ပြန်ပြောတယ်။ ဆာအက်ဒွပ်နှစ်ပက်စီလောက် အကုန်မှာ ချဉ်စပ်ကျော်ရောက်လာတယ်။ နောက်တခြားဟင်းတွေ ထပ်ရောက်လာတယ်။ ဟင်းတွေထဲမှာ ရှောက်ရွက်တွေပါတာတော့ သတိထားမိတယ်။ ကျွန်တော်က ရှောက်ရွက်မကြိုက်ပဲကိုး။ ဆောစ့်လိုဟာမျိုးလေးတွေ လာချပေးလို့ ကြည့်လိုက်တော့ ခရမ်းချဉ်သီး ပန်ထွေဖျော်ဆန်ဆန်ပဲ။ ကြက်သွန်ဖြူရယ်၊ ပဲပုတ်ရယ် ဆော့စ်ထဲမှာ ပါတယ်။

စားပြီးသောက်ပြီးတော့ ခရီးပြန်စတယ်။ ကားဆရာက ခပ်ဖြေးဖြေးပဲ။ လမ်းက ကုမ္ပဏီလမ်းဆိုတော့ တော်တော်ကောင်းတယ်။ လမ်းခတော့ ဈေးကြီးတာပေါ့။ ကားဆရာကို မေးကြည့်တော့ တစ်ကြောင်းကို ဗင်ဆို ရှစ်ထောင်လောက်ကျတယ်လို့ ပြောတယ်။ ကားလမ်းနေရာတော်တော်များများမှာ ဘေးက ချောင်းတစ်ချောင်း အပြိုင်စီးနေတာတွေ့ရတယ်။ ရှမ်းနာမည်ရှိပေမယ့် မသိရဘူး။ တာလေနားနီးရင်တာလေချောင်း ကျိုင်းတုံနားနီးရင် ကျိုင်းတုံချောင်းလို့ ခေါ်ကြတာပဲဆိုတဲ့ အဖြေပဲရတယ်။ လမ်းတလျှောက်လုံး တစ်ဘက်က ချောင်းရေထိုးတာ၊ တစ်ဘက်က တောင်ပြိုတာတွေကြောင့် ပျက်စီးတဲ့နေရာတွေ တွေ့ရတယ်။ တချို့နေရာမှာ ချောင်းရေထိုးတာခံနိုင်အောင် နံရံတွေအခိုင်အခန့် ဆောက်ထားတယ်။ ချောင်းရေက နီရဲနေတယ်။ မိုးရွာထားလို့တဲ့။ ချောင်းထဲမှာ ကျောက်တုံးတွေအများကြီးတွေ့ရတာလည်း မြေပြန့်နဲ့ မတူတဲ့အချက်ပဲ။

မိုင် တစ်ရာ့နှစ်ဆယ်ရှိတဲ့ ဒီတာချီလိတ်-ကျိုင်းတုံလမ်းကို အရင်က တစ်လသွားရတယ်လို့ ဗင်ဆရာက ပြောတယ်။ သူက ၁၉၈၀ကျော်ကတည်းက ဒီလမ်းမှာ မောင်းလာတာ။ သူပုန်နဲ့ နှစ်ခါဆုံဘူးတယ်။ ဆောက်လုပ်ရေးက လမ်းမပြင်ဘဲ လမ်းဆိုးလို့ ပျက်ကုန်တဲ့ကားတွေကို ကရိန်းဆွဲစားတာ သူဌေးဖြစ်ကုန်တဲ့အကြောင်း၊ ကပက ကားဆရာကြီးတွေကို ရှမ်းမငယ်ငယ်လေးတွေကယူ ပင်စင်စားတဲ့အချိန်ကြတော့ ရှမ်းမလေးတွေက ပစ်ထားခဲ့တဲ့အကြောင်းတွေ ပြောပြတယ်။ ကျိုင်းတုံကို ညနေသုံးနာရီလောက်ရောက်သွားတယ်။ တည်းတဲ့ ဘန်ဂလိုမှာ အထုပ်အပိုးတွေချပြီး ကျွန်တော်နဲ့ ကိုအောင်ဌေးနှစ်ယောက် လက်ဘက်ရည်ဆိုင်လိုက်ရှာပြီး လက်ဘက်ရည်သောက်ကြတယ်။ ပလာတာမှာစားတော့ ဆီနည်းလို့ ခြောက်တောက်တောက်ဖြစ်နေတယ်။ မြို့ထဲကလမ်းတွေ အတက်အဆင်းများတာ သတိပြုမိတယ်။

ညဦးပိုင်းလောက်ကျတော့ ကျိုင်းတုံက မြို့ခံတွေဖြစ်တဲ့ ကိုဇော်မြင့်တို့  ၊ ကိုစိုင်းတို့ ရောက်လာပြီး “အောင်ခိုင်”ဆိုတဲ့ ဆိုင်မှာ ထမင်းသွားစားကြတယ်။ အရက်တော့အရက်ဆိုင်ပဲ အမြည်းတွေကတော့ သိပ်မထူးဘူး။ အရက်ကတော့ ထူးတယ်။ “စပါး”လို့ခေါ်တဲ့ ဒေသချက်အရက်ကို ဒီမှာသိပ်သောက်ကြတယ်။ စပါးနဲ့ချက်တာမို့ စပါးခွံကဓာတ်တွေလားမသိဘူး။ ပူရှရှဖြစ်နေတယ်။ ဘီယာဆိုရင်တော့ ပုလင်းစိမ်းနဲ့ တရုတ်ဘီယာအသောက်များကြတယ်။ ၀ိုင်လည်းတော်တော်စုံတယ်။ မက်မန်း၊ စတော်ဘယ်ရီ၊ ချယ်ရီ။ စတောဘယ်ရီ၊ချယ်ရီရောရင်..ဆိုတဲ့သီချင်းဆရာ ဒီဘက်ကို ရောက်ခဲ့ပုံရတယ်။ ဖုန်းကတော့ ရန်ကုန်ခေါ်တစ်မိနစ်တစ်ရာပဲ။ ပြီးတော့ ဆရာစိုင်းတို့နဲ့ ကေတီဗွီရောက်သွားတယ်။ ရှမ်းမလေး သုံးယောက်လာတယ်။ ဘုရားစူးရှမ်းမတွေနဲ့တူပါရဲ့။ တော်တော်ပုံမလာဘူး။ ဘန်ဂလိုမပြန်ခင် နောင်တုံကန်ကို ဆိုင်ကယ်ပတ်စီးကြသေးတယ်။ ပတ်သာပတ်တာ မှောင်မဲနေလို့ ဘာမှတော့ မမြင်ရဘူး။ ပြန်ရောက်တော့ ဗိုက်ကထပ်ဆာနေပေမယ့် ကျိတ်မှိတ်ပြီးအိပ်လိုက်တယ်။

Read Full Post »

နေ့လည်စာကို ရှီလာသိန်း စတိုးဘေးက ထမင်းဆိုင်တစ်ဆိုင်မှာ စားတယ်။ ဟင်းရံတွေချပေးတာ အတော်များတယ်။ စားသောက်ပြီးတော့ ခပ်သုတ်သုတ်ပဲ မိုင်းထဲကို ထွက်ခဲ့တယ်။ ကျောက်တွင်းတူးတဲ့နေရာပါ။

အရောင်အားဖြင့်သာ ပူပြင်းတဲ့ နေရောင်အောက်မှာ မိုင်းတွင်းတွေရှိတဲ့ဆီ တက်ခဲ့တယ်။ အရင်ဆုံးတွေ့ရတာတော့ ပတ္တမြားနဂါးဖက်စပ်ကွက်ပဲ။ ကျောက်ဖြူဖြူတွေ အပုံလိုက်တွေ့ရတော့ ပထမ ကတ္တရာလမ်းဖောက်ဖို့လို ထင်မိတယ်။ နောက်တော့ ကျောက်ပုံကြီးတွေဟာ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်လောက်မြင့်လာတာမို့ ဒါဟာ ပတ္တမြားထုတ်တာနဲ့ ပတ်သက်မှာပဲလို့ သိလိုက်တယ်။ နောက်တော့ မိုးကုတ်မှာ ကျောက်တွင်း၊ မြေတွင်းနှစ်မျိုးရှိတယ်း၊ အခုလာတာ ကျောက်တွင်းလို့ ခေါ်ကြောင်း၊ ကျောက်ခဲထဲမှာ ကပ်နေတဲ့ ပတ္တမြားကို ခွဲထုတ်ရတာ၊ မြေတွင်းကတော့ မြေကြီးတွင်းထဲက ပတ္တမြား၊ နီလာကို တိုက်ရိုက်တွေ့ရတာလို့ သိရတယ်။ တောင်ထိပ်ဘက်က ကုမဏီ တစ်ခုရဲ့ ကျောက်မိုင်းတခုထဲကို ၀င်ခဲ့ကြတယ်။ ပါလာတဲ့အဖွဲ့တွေကတော့ သူတို့လုပ်စရာရှိတာလုပ်ကြတယ်။ သူတို့က မိုင်းတွင်းအလုပ်သမား/သမတွေကို အေအိုင်ဒီအက်စ် ပညာပေးလုပ်ကြတာပါ။ ကွန်ဒုံးဘယ်လို စွပ်ရတယ်ဆိုတာ သရုပ်ပြတာမျိုးလည်းပါတယ်။ လိင်အင်္ဂါအတုပုံတွေသုံးပြီး ပြကြပါတယ်။ ကလီရှေးဟာသထဲကလို ဗူးစင်တို့၊ ခြံတိုင်တို့ မသုံးကြတော့ပါဘူး။ ကျောက်တွင်းနားကို သွားပြီးကြည့်ပါတယ်။ အပေါက်ကလူတစ်ဖက်စာလောက် ကျဉ်းကျဉ်းလေးပါ။ သေချာ ငုံ့မကြည့်ရဲလို့ အထဲကို မမြင်ရပါ။ တွင်းတွေဟာ ပေရာနဲ့ချီတဲ့အထိ နက်တတ်ပြီး အထဲမှာလည်း ပေထောင်နဲ့ချီ ကျယ်တယ်လို့ ဆိုပါတယ်။ ထွက်ပေါက်ကတော့ အပေါ်မှာ ပြောခဲ့တဲ့ လူတစ်ဖက်စာအပေါက်သာရှိတာပါ။ ကျောက်တွင်းဖြစ်လို့ တစ်တွင်းလုံးပြိုကျဖို့ ခက်ပေမယ့် တွင်းထဲမှာပဲ ကျောက်သားပဲ့ကျပြီး ကိစ္စချောကုန်တာတွေ ရှိတယ်လို့ ဆိုတယ်။ ကျွန်တော်ရပ်နေတဲ့နေရာရဲ့ အောက်မှာလဲ ဂလိုင်ဖြစ်နေမှာလို့တောင် တွေးလိုက်မိတယ်။ အထဲမှာ ကျောက်ကို ထုခွဲယူ ၊ အပေါ်ကို စက်သီးနဲ့တင်၊ အဲဒီကျောက်တွေကို ထပ်ပြီး ကျိတ်ခွဲ၊ ဆန်ကာတိုက်ပြီး ကျောက်(ပတ္တမြား၊ နီလာစသည်)ကို  ရှာကြတာပါ။ ကျွန်တော်တို့ ကျောက်တွင်းမှာ တစ်နာရီကျော်လောက်ကြာတဲ့အတွင်း ကျောက်အစအနလေးတစ်ခုတောင် မတွေ့တာမို့ မလွယ်တဲ့အလုပ်ပဲလို့ ထင်မိပါတယ်။ ကျောက်ရှာတဲ့ အလုပ်လုပ်နေတာတော့ အမျိုးသမီးတွေများပါတယ်။ သူတို့ သယ်နေတဲ့ ကျောက်ခြင်းတွေက ကျွန်တော့်အတွက်တော့ ကြွရုံပဲ မလို့ရပါတယ်။ ကျွန်တော်တို့ရှိနေစဉ်အတွင်း ကျောက်မတွေ့လို့ ပတ္တမြားကပ်နေတဲ့ ကျောက်စတစ်ခုကို သိမ်းထားတဲ့ဆီက ယူလာပြီး ပြပါတယ်။ သူတို့ကတော့ ယဉ်ပါးနေပြီ ဖြစ်လို့ ကျောက်စရဲ့ အပြင်ဘက်က အနီရောင်အစလေးမပြောနဲ့ အထဲက ပတ္တမြားရဲ့ အရိပ်ကိုတောင် ကြည့်နိုင်ကြတယ်။ ကျောက်တွင်းတွေကိုက်ရဲ့လားလို့ မေးတော့ လုပ်တဲ့နှစ်နှစ်တာအတွင်း စရိတ်ရဲ့ ၇၀ ၇ာနှုန်းပဲရှာနိုင်ပြီး အမြတ်မရှိသေးဘူးလို့ မန်နေဂျာကြီးက ပြောတယ်။ အဓိကကတော့ ရေပဲ။ တွင်းတွေကို အနက်ကြီး တူးရတော့ ရေ၀င်တယ်။ သူတို့တွင်းထဲမှာ ရေက ပေနှစ်ရာလောက်တက်နေတယ်။ ရေမျက်နှာပြင်ပေါ်မှာ ငြမ်းထိုးပြီး ကျောက်ခွာနေရတယ်။ နောက်ပြီး အခုလုပ်နေရတာက အပေါ်သားဖြစ်ပြီး ကျောက်ကောင်းကောင်းတွေ့ဖို့ မျှော်လင့်ချက် သိပ်မရှိဘူး။ ရေကို စုပ်ထုတ်ပြီး အောက်သားကို နှိုက်နိုင်မှ အကျိုးရှိမှာလို့ ဆိုပါတယ်။ ရေထုတ်ရတာကလည်း နှစ်လသုံးလကြာပြီး ဒီဇယ်ဂါလံ သောင်းချီကုန်တယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို လုပ်ငန်းကြီးတွေ တိုင်းရင်းသားတွေလုပ်နိုင်တာ ဂုဏ်ယူမယ်ဆို ယူစရာပဲ။ အခုမိုးကုတ်မှာ ဖက်စပ်ကွက်လုပ်နေတာ မိုးကုတ်သားတွေ များလားလို့ စေ့ငုမိတော့ မိုးကုတ်သားက ဆယ်ရာနှုန်းလောက်ပဲရှိမယ်လို့ ဆိုတယ်။ မိုးကုတ်သားတွေက ဖက်စပ်အစမှာ အစိုးရနဲ့ တွဲလုပ်ဖို့ စိတ်မပါတာကြောင့် လုပ်ကွက်တွေ တခြားလူတွေလက်ထဲ ရောက်ကုန်တာရယ်၊  မိုးကုတ်သားတွေက ကျောက်တစ်မျိုးပဲလုပ်တတ်ကြတာမို့ ကျောက်တွင်းမှာရင်းပြီး ကျောက်မထွက်ရင် ဆက်ရင်းဖို့ခက်တယ်၊ တခြားကလာတဲ့လူတွေက တခြားလုပ်ငန်းကနေ ငွေရှာပြီး ကျောက်ထွက်တဲ့အထိ ဆက်ရင်းနိုင်ကြတာရယ် ကြောင့်လို့ သိရတယ်။ အကျိုးဆက်ကတော့ ပြင်ပလုပ်ငန်းရှင်တွေက သူတို့လုပ်သားနဲ့ သူတို့ လာကြတာမို့ အခြေခံလုပ်သားအဖြစ် အသက်မွေးတဲ့ မိုးကုတ်သားတွေ အခက်ကြုံရတာပါပဲ။ မိုးကုတ်သားတော်တော်များများကတော့ ဒီမိုင်းတွင်းတူးတဲ့အလုပ်ပဲ ကျွမ်းကြတာမို့ ကျောက်ဖြစ်ဖြစ်၊ ရွှေဖြစ်ဖြစ် တွင်းသံကြားတဲ့ဆီပြေးရတာပါပဲလို့ ပြည်သူပိုင်ခေတ် မတိုင်မီကတည်းက ကျောက်တွင်းလုပ်လာသူတစ်ယောက်က ပြောပြတယ်။ မှိုင်းရှုးခေတ်တုံးကလည်း မိုင်းရှုးဆီပြေးကြ၊ ငှက်တွေ၊ အေတွေနဲ့ ပြန်လာကြ၊ သပိတ်ကျင်းခေတ်တုံးကလည်း သပိတ်ကျင်းဆီပြေး၊ အာဆင်းနစ်ရေတွေသောက်ပြီး သွေးအန်ပြန်လာကြ၊ အင်းအခုလည်း ဘယ်ကို ပြေးကြရဦးမယ်မသိဘူးလို့ ရေရွတ်ပါတယ်။ ဒီတွင်းတွေမှာကလည်း အရက်၊ မိန်းမ၊ ဆေးအကုန် မိုင်းထဲမှာထားပြီး တွင်းသားတွေ တွင်းပြင်ပေးမထွက်တဲ့ခေတ်ကြီးက ရှိခဲ့တော့ တစ်ခုမဟုတ် တစ်ခုလုတ်တတ်ကြသူချည်း၊ တစ်ဆက်တည်း ရောဂါတစ်ခုမဟုတ်တစ်ခုလည်း ပါကြဖို့က သေချာသလောက်ရှိနေ။ မဖဲ့ရသေးတဲ့ဘေးဘက်ကတောင်ကြီးတွေကို ငေးရင်း အဆက်မပြတ်ထွက်နေတဲ့ မီးစက်သံ၊ ကျောက်ကြိတ်သံတွေကြားမှာပဲ မိုင်းတွင်းကနေ ခွာခဲ့တယ်။

ညနေမစောင်းခင် မိုးကုတ်ကနေ ၇ မိုင်လောက်မှာရှိတဲ့ မိုးမိတ်အသွားလမ်းပေါ်က ပိန်းပြစ်ဆိုတဲ့ ရွာလေးကို ရောက်ပါတယ်။ အဲဒီမှာ တိုင်းရင်းသူ ၀တ်စုံနဲ့ တိုင်းရင်းသူလေးတွေ တွေ့ရပါတယ်။ ရွှေပလောင်၊ငွေပလောင်၊ ကြိမ်ပလောင်ရယ်လို့ ရှိတဲ့အထဲက ကြိမ်ပလောင်လို့သိရပါတယ်။ ခါးမှာ ကြိမ်ကွင်းတွေတပ်ထားပါတယ်။ မိုးကုတ်သူတွေ လှတယ်ဆိုတဲ့ အဆိုကို လုံးဝဥသုဉ် လက်ခံရမှာပါ။ ဒီလိုကျေးရွာလေးမှာ လက်ဖက်ခူး၊ ထင်းခွေလုပ်နေတဲ့ ရွာသူတွေတောင် ရန်ကုန်က ရေခဲစိမ်ဘူလေးတွေ ရှုံးအောင်လန်းကြတာ တွေ့ရပါတယ်။ ပိန်းပြစ်ကပြန်လာတော မိုးကုတ်မ၀င်ခင် Welcome to Rubyland ဆိုတဲ့ ဆိုင်းဘုတ်နားမှာ ဓာတ်ပုံရိုက်ကြတယ်။ မိုးကုန်ရဲ့ ဗျူးပွိုင့်ပဲလို့ သိရပါတယ်။ အဲဒီနားမှာ အုတ်တိုင်ငုတ်တွေ၊ အုတ်လှေကားတွေ တွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက လီဆူးသဌေးတစ်ယောက် ဒီနေရာမှာ ဟိုတယ်ဆောက်ထားခဲ့တယ်။ နောက်တော့ သစ်မှုနဲ့ အဖမ်းခံရပြီး သူ့ဟိုတယ်ကိုလည်း  ချိတ်ပိတ်၊ နောက်ဖျက်ပစ်လိုက်တယ်လို့ သိရတယ်။ ခုတော့ ဟိုတယ်ရဲ့ ရေကန်နဲ့ လှေကားထစ်တွေပဲ ကျန်တော့တယ်။ တစ်နေရာမှ တစ်ဘက်တောင်ကြောက ရှမ်းရွာတွေဆီပေါက်တယ်ဆိုတဲ့ ဂူပေါက်တစ်ခုတွေ့ရတယ်။ ခုတော့ မြေကြီးတွေနဲ့ ပြည့်နေပြီ။ ကျွန်တော်ကတော့ မင်းပြောင်း၊ သဌေးပြောင်းဆိုတာမျိုးလားလို့ တွေးနေမိတယ်။ မမှောင်ခင် မိုးကုတ်ကုန်ပြန်ဝင်ခဲ့တယ်။ လမ်းဘေးဆိုင်လေးမှာ မိုးကုတ်ထမင်းပေါင်းစားပြီး ဆရာမက ချမ်းသာကြီးဘုရားကို ပို့သေးတယ်။ စေတီပုံတော်ကို ရွှေပိသာနဲ့ချီပြီး ထုထားတာ၊ သိန်းရာထောင်ချီတဲ့ ကျောက်တွေကိုလည်း စေတီမှာ ပူဇော်ထားလို့ မြင်ဘူးတယ်ရှိအောင် ကြည့်ခဲ့တယ်။ တည်းခိုခန်းကို မပြန်ခင် ကောင်းမွန်မှာ မဟာဝန်ရှင်တော်မင်းကြီးနဲ့အတူ ရက်ဒင်း-ဗီလာ ၂း၎ပွဲ ကြည့်လိုက်သေးတယ်။ နောက်နေ့ မန္တလေးပြန်ဆင်းရတော့မှာမို့ ချယ်ဆီးနဲ့ စတုတ်ပွဲတော့ မကြည့်နိုင်တော့ဘူး။

Read Full Post »

 

နေ့လည်စာကို ၂၃လမ်းနဲ့ ၈၄လမ်းထောင့်က ရှမ်းလက်ရာမှာ စားကြတယ်။ အသားဟင်းတွေစုံပေမယ့် ဂျူးဖူးကြော်ကိုပဲ တခုတ်တရဖြစ်မိတယ်။ ပြီးတော့ ကားဂိတ် (ရွှေတြိဂံတက္ကစီဂိတ်)သွားတယ်။ မိုးကုတ်ကို တစ်ယောက် တစ်သောင်းခွဲတဲ့။ စီးလုံးငှားရင် လေးသောင်းခြောက်ထောင်။ ကျုံးအရှေ့ဘက်ကိုပတ်၊ အမ်စီဒီစီတံဆိပ်နဲ့ ဆိုင်းဘုတ်လေးတွေအများကြီးတွေ့ရတယ်။ နန်းမြို့ရိုးကတော့ နှစ်နှစ်ရာနီးပါးသက်တမ်းနဲ့ အညီ အိုမင်းဟောင်းနွမ်းနေရဲ့။ ပလတ်စတစ်ခုံလေးတွေချထားတဲ့ လမ်းဘေးဆိုင်လေးတွေ ကျုံးဘေးမှာတွေ့တယ်။ ညနေခင်းအတွက်ပြင်ဆင်ပုံပဲ။ အခုလို နေ့လည် ၂နာရီအချိန်မှာတော အားလုံး တိတ်ဆိတ်ခြောက်ကပ်။ မန္တလေးတောင်ကို ရိပ်ခနဲမြင်ပြီး ဖြူရော်ရော် ကွင်းပြင်ထဲ ရောက်ခဲ့ တယ်။ အောင်မြေသာစံမြို့နယ်က ထွက်တော့ မတ္တရာမြို့နယ်ထဲရောက်သွားတယ်။ လမ်းတွေက BOT (Built-Operate-Transfer)နဲ့ဆောက်ထားတာ။ ကားဆရာကလက်ထဲမှာ ပိုက်ဆံကို အသင့်ကိုင်ထားတယ်။ တစ်ဂိတ်ပေးပြီးတာနဲ့ နောက်ဂိတ်အတွက် တစ်ရွက်ရယ်ဒီပဲ။ တစ်လမ်းလုံးဘယ်လောက်ကုန်သလဲဆိုတော့ ငါးထောင်လောက်ရှိတယ်လို့ ဆိုတယ် ။ လမ်းမိုင် ၁၂၆လို့သိလိုက်ရတာက တစ်လမ်းလုံး မိုင်တိုင်တွေကို ရေတွက်ကြည့်ဖို့ ဖြစ်လာတယ်။ ဆည်တော်ကြီးရေသောက်ဧရိယာတွေတွေ့ရတယ်။ လက်ပရိုစီ ဆေးရုံတွေ့ရတယ်။ မတ္တရာပြီးတော့ စဥ့်ကူး။ စဥ့်ကူးဧရိယာက ကားလမ်းတလျှောက်တော်တော်ရှည်တယ်။ ပတ်ဝန်းကျင်မြင်ကွင်းကတော့ သိသိသာသာ မပြောင်းဘူး။ အပင်တချို့ ခြောက်တိခြောက်ချက်နဲ့ ဓာတ်ကင်ပြီးစ ကင်ဆာလူနာခေါင်းလို တောင်တွေရယ်၊ ဆေးရုံအိပ်ယာခင်းလို ဖြူဝါ၀ါ ကွင်းပြင်တွေရယ် ဒါပဲ။ လက်ပံလှမှာ ထမင်းစားဖို့ ကားရပ်ပေမယ့် မစားနိုင်သေးဘူး။ ဗန်းရွက်သည်တွေက ကောက်ညှဉ်းကျည်တောက် ရောင်းကြတယ်။ ကားဆရာတွေကို သေချာ ပြင်ဆင်ကျွေးတာ တွေ့ရတယ်။ ကျွန်တော်တို့အုပ်စုက ဘီယာလေး နှစ်ခွက်သုံးခွက်ပဲသောက်တော့ ကိုက်မှကိုက်ပါ့မလားပဲ။ ရေရှည်ရင်းနှီးမှုပေါ့လေ၊ ခရီးကတော့ သုံးချိုးတစ်ချိုး ကျော်ကျော်လောက် ပေါက်ခဲ့ပြီ။ နောက်ပိုင်းတော့ ငိုက်တစ်ဝက်ပဲ။ လမ်းကြေးဂိတ်တစ်ခုအလွန်မှာ အပေါ့ဆင်းသွားတယ်။ စစ်တပ် ချထားတဲ့ နေရာ တစ်ခုတွေ့တယ်။ (အနောက်ဘက်မှာ ရှားပါးသတ္တုတစ်မျိုးထွက်တဲ့ နေရာရှိတယ်လို့ နောက်မှ သိရတယ်) ။

နောက်တစ်ခါငိုက်လိုက်တာ မိုးကုတ်မိုတယ်ရှေ့ရောက်ကရောပဲ။ ကားဆရာက နှိုးပြီး ဒီမှာလားလို့မေးတယ်။ မဟုတ်ဘူး။ ရာပြည့်တည်းခိုခန်းကိုလို့ ပြောလိုက်တယ်။ မိုတယ်ကို ဘွတ်ကင်လုပ်သေးတယ်။ ကျောက်သဌေးမိသားစု မင်္ဂလာဆောင်ရှိလို့ မိုတယ်တစ်ခုလုံး ရက်ရှည်ငှားထားတယ်တဲ့။ အချိန်က ကိုးနာရီခွဲလောက်ရှိပြီ။ အိမ်ရှင်ဖြစ်တဲ့ ဆရာမဆီ ဖုန်းဆက်တယ်။ နောက်တော့ မေးစမ်းရင်း တည်းခိုခန်းနားက ကောင်းမွန်ဆိုတဲ့ ဆိုင်ရောက်သွားတယ်။ တံခါးတောင် တစ်ခြမ်းပိတ်ထားပြီ။ မှာလို့တော့ရသေးတယ်။ ၀က်သားလုံးမုန်ညင်းဖြူနဲ့ နံကင်ပြန်ချက် မှာလိုက်တယ်။ တော်တော်ကံကောင်းသွားတယ်။ ရမ်းသန်းပြီး ရောက်လာတဲ့ ဆိုင်က လက်ရာတော်တော်ကောင်းနေတယ်။ နက်ဖြန်လည်း ဒီမှာပဲစားရအောင်လို့တော် ပြောဖြစ်ကြတယ်။ တီဗွီမှာ အာဆင်နယ်နဲ့ ဘန်လေကန်နေတယ်။ နာဆရီဖန်ပေးတာ ဖာဘရီဂက်စ်တစ်ဂိုးသွင်းလိုက်တယ်။ ဘောပွဲပြီးအောင် မကြည့်နိုင် တော့ဘူး။ တည်းခိုခန်းပြန်ရောက်တာနဲ့ ကျိုးတာပဲ။

မနက်စာတော့ ရာပြည့်ရှေ့က လက်ဘက်ရည်ဆိုင်မှာပဲ။ ထပ်တစ်ရာနဲ့ တီးပေါ့။ အစီအစဉ်အရ အိပ်ခ်ျအိုင်ဗွီပိုးရှိတဲ့သူတွေ ကျောက်ပန်းချီ၊ ကျောက်ပုတီးလုပ်နေတာ သွားကြည့်ကြတယ်။ တော်တော်များများက ပိုးတွေ့ရုံမကပဲ ရောဂါစဖြစ်နေပြီ။ တချို့ဆို တီဘီဖြစ်၊ အဆုတ်ရေ၀င် ဆေးရုံတက်ပြီးသားတွေတောင်ပါတယ်။ အေအာရ်တီမရရင် အသက်ဆက်ဖို့ မလွယ်တော့တဲ့ အခြေအနေရောက်နေတဲ့သူများတယ်။ အမေတွေက အလုပ်ထဲကို ကလေးတွေ ခေါ်လာကြတယ်။ ဖခင်တွေမရှိတော့တဲ့ ကလေးတွေ များတယ်။ ကလေးတွေလည်း ပိုးတွေ့ထားတာများတယ်။ လီဆူးမလေးတစ်ယောက်ဆို စကားကလည်းသွက် မျက်လုံးလေးတွေကလည်း တောက်နေတာပဲ။ မွေးစကတည်းက ပိုးကလည်းတွေ့၊ ချူကလည်းခြူခြာလို့ တစ်နှစ်တောင်ခံပါ့မလားဆိုတာ ခုတော့ ငါးနှစ်ပြည့်တော့မယ်။ ပိုးမတွေ့သေးပေမယ့် စောင့်ကြည့်ရမယ့်အသက်(တစ်နှစ်-ခြောက်လသား)မရောက်သေးလို့ ကံကြမ္မာကို မှန်းဆမရနိုင်သေးတဲ့ ကလေး တစ်ယောက်လည်း တွေ့ခဲ့ရတယ်။ မိခင်ရောဖခင်ပါ ဆုံးသွားလို့ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုအဘွားနဲ့အတူနေပြီး တစ်အိမ်လုံးကို ပြန်ရှာ ကျွေးနေရတဲ့ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်ကို စကားနည်းနည်းပြောဖြစ်တယ်။ သမီးကျောင်းမနေဘူးလား မေးတော့ ကျောင်းနားထားတယ်လို့ ပြန်ဖြေတယ်။ သမီးဘာဖြစ်ချင်လည်း ဆိုတော့ မဖြေဘူး။ ဆရာမလားလို့ မေးကြည့်တော့ ခေါင်းညိတ်တယ်။ ဘေးက ညဉ်းပြောတော့ မော်ဒယ် ဖြစ်ချင်တာဆိုလို့ ၀ိုင်းထောက်ကြတယ်။ ဟုတ်လားဆိုတော့ ပြုံးပဲပြုံးနေတယ်။ ကျန်တော်လည်း အဖြေမရှိတဲ့ မေးခွန်းတွေသယ်ဆောင်ပြီး သူတို့ရဲ့ ကွန်းခိုရာလေးကနေ ပြန်ထွက်ခဲ့တယ်။

Read Full Post »