Feeds:
Posts
Comments

“ပြန်မလာခဲ့နဲ့” အမေ

 

လမ်းပေါ်မှာ ဂစ်တာကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ မိန်းမတစ်ယောက်။ သူမရဲ့နို့တွေကို အဲဒီထဲ ထိုးထည့်တော့မယ့် အတိုင်း။ လိုအပ်တဲ့နည်းလမ်းအရ သူမဟာ ဂစ်တာ တီးပြီး ငါးဆယ်မျိုး တစ်ရာမျိုးတောင်းရတယ်။ မိုးစက်တွေကျလာရင် သူမ ဂဏှာမငြိမ်ဖြစ်လာတော့တယ်။ ဂစ်တာရဲ့ အင်္ဂါဇာတ်ဟာ ဂစ်တာရဲ့အသံပဲ၊ သူမရဲ့ သမီးကို သူမ ပိတ်ကန်လိုက်တယ်။

 

ဒယီးဒယိုင်ကျလာတဲ့ မိုးစက်တွေ ပလက်ဖောင်းနဲ့အထိမှာ ခြေကျင်းဝတ်ကနေ ကျိုးသွားတယ်။ မိုးရေတွေ ရေအောက်မြောင်းတွေကနေ တွားသွားတယ်။ မြေကြီးပေါ် တရွတ်ဆွဲသွားတယ်။ ဂစ်တာဟာ မိန်းမကြမ်းရဲ့လက်မှာ တွဲလဲကျနေတယ်။ ဒင်းလမ်းမလျှောက်နိုင်တာ အကြောင်းတစ်ခုတော့ ရှိတယ်။

 

နှုတ်ခမ်းမှာ စီးကရက်တစ်လိပ် မတပ်ခင် သူမရပ်လိုက်.. နောက်တော့ ဂစ်တာကို ပြန်တီးတယ်။ ဂစ်တာဟာ သူမကို မထီမဲ့မြင်လုပ်၊ အဲလိုနဲ့ သူမကို ပေလယျကံပြုထား။ ဂစ်တာရဲ့ အင်္ဂါဇာတ်တွေ ကြီးထွားလာခြင်းမရှိ၊ တုန်ခါခြင်းလည်းမရှိ၊ သူတို့မှာရှိတာက အထုံးရယ်၊ ကြိုးရယ်။

 

မြေအောက်ခန်းထဲမှာ သတင်းစာ စက္ကူက အရွက်နှစ်ဆယ်၊ သံချည်သံကွေးတွေက နှစ်ဆယ့်တစ်ချောင်း လဲလျောင်းနေတယ်။ ၀မ်းနည်းမှု ရေမိုင် ရှစ်ရာ၊ ဆာလောင်မှု ရေမိုင် ရှစ်ရာ နဲ့ ပိုးဟပ်အကောင်တစ်သန်းကတော့ အပြစ်တစ်ခု ထမြောက်နေပြီဆိုတာ သိနေကြတယ်။

 

ဂစ်တာသည်မဟာ သူမရဲ့ သမီးကို ကိုင်ထားတယ်။ ငါ ထပ်ကြည့်လိုက်တော့ ဂစ်တာကပဲ အဲဒီမိန်းမကို ကိုင်ထားသလိုလိုပုံမျိုး ဖြစ်နေတယ်။ ဂစ်တာသည်မရဲ့ လည်ပင်းကို ဂစ်တာက တင်းတင်းဆုပ်ကိုင်။ လဲသေလိုက်ရကောင်းမလား မသိနိုင်ဖြစ်နေတဲ့ ပိန်လှီဖျော့တော့ သမီးငယ်ရဲ့ လက်ကောက်ဝတ်ဟာ ဂစ်တာရဲ့ ဖလက်တံပဲ။

 

ဂျိန်းအဗရေးလ်ရဲ့ အမေက သူ့သမီးသူ အတင်းဖာခံခိုင်းခဲ့တယ်။ ဂစ်တာတွေလို့ပေါ။ မိခင်မေတ္တာဆိုတာလည်း အမျိုးမျိုးရှိပါ့။ ဒီမိန်းမကတော့ ဂစ်တာကို မတော်တဆ ရလာတာ။ ဒီမိန်းမဟာ ဂစ်တာတစ်လက်နဲ့ လှေကားပေါ်က လိမ့်၊ ၀ရန်တာပေါ်ကျ .. နောက်တော့ ကမ္ဘာကြီးနဲ့ ဝင်အောင်းမိတာပဲ။ တချို့မိခင်မေတ္တာဆိုတာတွေက ကိုယ့်မှာရှိတဲ့ အာဏာအစွယ်ကို ဖြဲပြချင်တဲ့ ရောဂါတမျိုးလောက်သာ ဖြစ်ဖြစ်နေတာလည်း အံ့စရာ။

 

ဂစ်တာက ဂစ်တာသည်မကို ဂစ်တာဘူးထဲ ပြန်ထည့်ပစ်လိုက်တယ်။

 

မူရင်းကဗျာဆရာမ = Kim Yi-deum

မူရင်းကဗျာ = The Guitarist on the Street

မူရင်းဘာသာ = ကိုရီးယား

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Jiyoon Lee

 

စစ်ပွဲတွေနဲ့ သတ္တိပြောင်ပေ့မိန်းမတွေအပေါ် အနိုင်ရခဲ့

ဒွိဟမြစ်တွေ လွန်မြောက်ခဲ့တဲ့ ယောက်ျားတွေ ..

သူမရဲ့ စားပွဲပေါ်မယ် အရိုးနဲ့ လက်ဝတ်တန်ဆာ အပုံတစ်ပုံအဖြစ်သာကျန်ခဲ့

 

ထာဝရတရားရဲ့ မှန်ကူကွက်တွေ နေရာချရင်း

သမိုင်းရဲ့ ဆံပင်ဖြူတွေ ကျစ်ပေးရင်း

သေခြင်းတရားကို အိမ်မွေးတိရိစ္ဆာန်လို မွေးပစ်လိုက်တယ်

 

ခြေကုန်လက်ပန်းကျတဲ့အခါ နှပ်ကို အနားဖွာ အင်္ကျီလက်ထဲ ညှစ်ပစ်လိုက်ရင်း

ဘယ်သူရယ် ဘယ်ဝါရယ် မဟုတ်တဲ့ တစ်ယောက်ယောက်ရဲ့

ပွဲတက်ဝတ်စုံကို ပြန့်ရန့်သွားအောင် လုပ်ပေးနေတယ်

 

အတိတ်ရဲ့ ကျေးကျွန်ဆိုပေတဲ့လည်း

ဗီးလ်နီးယပ်စ်ယူနီဗာစီတီ သမိုင်းဌာနမယ်

ရာထူးတော့ မှန်မှန်တက်ခဲ့တယ်

 

မနက်မနက် အလုပ်ဆီအသွား ယူရိုပါဟိုတယ်ရှေ့ ဖြတ်ရတော့

သူမစိတ်ထဲ ဘာမှတော့ မဖြစ်မိ

 

အဲဒီမယ် အခုနေပြန်သတိမရတော့တဲ့ ချစ်သူတစ်ယောက်ရဲ့ နာမည်ကို သူမ ဖွဖွရွတ်ခဲ့

အဲဒီငတိက သူမပေါင်တွေကို ဆွဲဖြဲခဲ့

 

မူရင်းကဗျာဆရာမ – Indrė Valantinaitė

မူရင်းကဗျာ – Archeologist

မူရင်းဘာသာ – လစ်သူရေးနီးယန်း

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ – Rimas Uzgiris

 

၁ – မနက်ခင်းဟာ ရေပြတ်နေတဲ့ ပိုက်ခေါင်းလို တရွှီရွှီ မြည်နေ

 

၂ – မင်းပြောခဲ့တဲ့အထဲမှာ ကျန်နေတာတွေရှိသေးတယ်လို့ မင်းပြောလိုက်တယ်

လေက မင့်ပခုံးပေါ်က ခြုံပ၀ါကို လှုပ်နှိုးနေတယ်လို ငါပြန်ပြောလိုက်တယ်

ချည်ထုံးလေးတွေက အထည်ကို ဖြစ်စေတာလား အထုံးတွေကြားကအပေါက်နေရာက အထည်ကို ဖြစ်စေတာလား

 

၃ – သိမ်းငှက်တစ်ကောင်ရဲ့ အရိပ်က မင့်အရိပ်ပေါ် တထပ်တည်းလာကျတယ်

မင်းရော သိမ်းငှက်ပါ အဲဒါကို မသိကြ

 

၎ – ငါလား.. ငါကတော့ ငါ့ကိုယ်ငါ ခြေတင်ခုံပဲလို့ တွေးကြည့်ရတာ ပိုကြိုက်တယ်

 

၅ – ဇာတ်လမ်းဖြစ်မယ့် အရာတွေကို သူတို့ရဲ့ဇာတ်လမ်းတွေကို မပြောမိစေဘဲ ငါရေးတယ်

 

၆ – ကမ္ဘာကြီးထဲမှာ မင်းနဲ့ငါ.. စကားလုံးတွေလည်းပါသပေါ့ .. ငါတို့အားလုံး ဒီိမှာ ဘယ်လောက်ဟန်ကျလိုက်သလဲကွာ

 

၇ – ငါ့ဆံပင် ကျစ်ဆံတွေ မင်းဖြည်ချလိုက်တဲ့အခါ ပျားသေကောင်တွေ ငါတို့အပေါ် မိုးလိုရွာလိမ့်မယ်

 

မူရင်းကဗျာဆရာ – Gökçenur Ç

မူရင်းကဗျာ – We’re in the World, So Are Words, How Nice that We’re All Here

မူရင်းဘာသာ – တူရကီ

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ – Erik Mortenson

 

လူစိမ်း

 

(လူစိမ်းတစ်ယောက် ကျမအိမ်ကို လာလာနေ

သူလာနေကျအချိန် အတိအကျ သူရောက်ရောက်လာ

ဒီဘာသာစကားပဲ သူပြောတယ် လေယူလေသိမ်းတော့ ကွဲတယ်

သူဘယ်ကလာလဲ ဘယ်လောက်ကြာကြာနေမလဲ ကျမမသိ

ကျမအပေါ် ချစ်ချစ်ခင်ခင်ပါပဲ တခါတလေတော့ သူနွမ်းနယ်နေပုံရတယ်

ကျမဒုက္ခတွေကိုလည်း သူစာနာသတဲ့ သူကျမအကြောင်း တော်တော်သိထားပုံရ

သူဟာ သူ့ရဲ့ သူငယ်ချင်းပဲဖြစ်ရမယ် ကျမထင်မိ

ဒါပေမယ့် သူဟာ သစ္စာမဲ့တဲ့သူငယ်ချင်းပဲဆိုတာလည်း ပြောဖို့တောင်မလို

သူက သူ့ကိုမုန်းမှန်း ကျမသိတယ်

ဒါတွေအားလုံးဟာ ကျမအတွက် ရင်ဖိုစရာ

သူ့ကို ဘယ်လိုများ ဆက်ဆံရမလဲ ကျမမသိ

ဒါ သူ့အိမ်မဟုတ်ဘူးဆိုတာ သူ့ကိုဘယ်လိုပြောရပါ့

သူ့ကိုစော်ကားသလိုမျိုးလည်း ကျမ မဖြစ်ချင်

သူက ကျမချစ်တဲ့ ဟိုတစ်ယောက်နဲ့ တူလွန်း

သူအသံမပြုတဲ့အခါ ကျမဖြင့် ဘယ်သူကဘယ်သူမှန်းတောင် မသိနိုင်အောင် ဖြစ်ရတယ်

 

ကျမတော်တော် စိုးထိတ်နေ

သူအမြဲတမ်း နေသွားမှာ ကျမ ကြောက်နေ

သူသာ နေ နေရင်လေ

ဟိုတစ်ယောက် ဘယ်တော့မှပြန်မလာတော့ဘူးဆိုတာကျမ သိနေ)

 

မူရင်းကဗျာဆရာမ = Francisca Aguirre

မူရင်းကဗျာ = The Stranger

မူရင်းဘာသာ = စပိန်

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Montana Ray

 

နာရေး

 

လူတစ်ယောက် ဆုံးပြီ

ဘယ်သူဆုံးတာလဲ

အီကူရာက ပြောလိုက်တယ်

ငါ့အမေဆုံးတာ

 

နောက်ဘက်မယ် ခွေးတစ်ကောင်ငိုနေ ဆာတယ်ဗျဆိုပြီး ပြောနေပုံပဲ

ရှေ့ဘက်မယ် လူတစ်ယောက်ငိုနေ ငါသူနဲ့မခွဲနိုင်ဘူးဆိုပြီး ပြောနေပုံပဲ

ဒါပေမယ့် ဧပရယ်လကြီး ချယ်ရီတွေပွင့်တယ်

နှင်းတွေ ရုတ်တရက် ကျလာတယ်

လူတစ်ယောက် ဆုံးတယ်

လူတစ်ယောက်ဟာ နောက်တစ်ယောက်ဆီက ခွဲခွာသွားတယ်

 

ကာအိုရူက ပြောတယ်

လှမ်းယူလိုက်ဦး

ဒီမှာ နင်တို့အတွက် ဘီယာဝယ်လာတယ်

ဟိုဒီ ပြန့်ကျဲနေတဲ့ ရွှေရောင်မျက်ရည်တွေ အပြည့်

ဒီည မအိပ်ဖြစ်ဘဲ

ငါတို့တွေ လန်းနေပုံများ

 

စားတဲ့ကိစ္စ ပြီးတော့

ငါတို့ အပြင်ထွက်ပြီး ကကြတယ်

ယောက်ျားတွေက ကိုယ်အောက်ပိုင်းတစ်ဝက်လောက်က စ မူးကြတယ်

ဒါပေမယ့် မူးနေတဲ့ အောက်ပိုင်းတ၀က်နဲ့

မမူးတဲ့ အပေါ်ပိုင်းတစ်ဝက်အကြားမယ်

ငါတော့ဖြင့် မမူးသေးဘူးပြောလို့ရတယ်

သြတစ်ပြောတာ ငါနားထောင်တယ်

သေသွားရင် မူးသွားလို့ မရတော့ဘူး

တစ်ယောက်ယောက် သေတော့မှာ ကြည့်နေရင်းလည်း

ခင်ဗျား မူးလို့မရဘူး

 

ဒါပေမယ့် ခွေးတစ်ကောင်ကတော့ တစ်ဘာသာပေါ့

ဆာတယ်လို့ ပြောရင်

ငါကတော့ ခွေးဆိုလည်း စားစရာ များများစားစားပေးလိုက်တာပဲ

လူဆိုလည်း ဒီလိုပဲ

စိတ်မပါ့တပါ့နဲ့တော့ စားစာရာတွေ ဘယ်တော့မှ မပေးဘူး

ဒါပေမယ့် လူတစ်ယောက် ဆုံးတဲ့အခါ

ငါနည်းနည်းပဲ ပေးမယ်

ငါ့ပိုက်ဆံအိတ်ထဲရှိတာရေမယ်

ဒီညစားဖို့ ချန်ထားမယ်

ပြီးရင် ကူငွေနည်းနည်း ထည့်မှာပေါ့

 

လူတစ်ယောက် ဆုံးပြီ

ဧပရယ် ရောက်ပြီ

မီးဖိုခန်းထဲမယ် ပေါ်ဦးပေါ်ဖျားအာလူးတွေ ပြုတ်ထားတဲ့အနံ့ရလာပြီ

မုန်ညင်းစိမ်းတွေဆီက မီးအစိမ်းရောင် တောက်နေ

စားချင်သောက်ချင်စိတ်က ပြင်းပြင်းပြပြ တိတ်တိတ်ဆိတ်ဆိတ် တိုးလာ

တစ်ယောက်ယောက်နဲ့ အိပ်ပစ်လိုက်ချင်တဲ့စိတ်ရောပေါ့

လူတစ်ယောက် တကယ် ဆုံးပြီ

အီကူရာရဲ့ အမေဟာ လုံးဝကို

ကွယ်ပျောက်သွားပြီ

 

မူရင်းကဗျာဆရာ = Kazuko Shiraishi

မူရင်းကဗျာ = A Person Dies

မူရင်းဘာသာ = ဂျပန်

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Yumiko Tsumura

အဘိုးသို့

 

၁။

တနေရာရာမယ်
မတ်စိဟာ မေးစေ့အောက်ကနေ လျှောကျခဲ့

သစ်ရွက်တွေကလည်း အစိမ်းရောင်
ရွာနေတဲ့မိုးကလည်း ဖြူရော်ရော် ညစ်တစ်တစ်

ကမ်းစပ်မယ် တစ်ယောက်တည်း
ဒီနေရာမယ် ဘာများမတူတာရှိလဲတွေးနေ

 

 

၂။

အဘိုးဟာ
အိမ်ဖော်မလေးရဲ့ နိုသီးခေါင်းကို
ခြင်ဘက်တံအကွက်ထဲထည့်
ပါဝါကို ဖွင့်လိုက်ဖူးတယ်

သံတံခါးကို နောက်တခါဟလိုက်တော့
အဘိုးအဝတ်အစားတွေ အကုန်
လောင်ကြွမ်းပြီး
ဝါပျစ်ပျစ် အရည်တွေ တလက်လက်
အောက်က အဘိုးမဟုတ်တဲ့ နောက်(အဘိုး/အဘွား/အဖေ/အမေ/သား/သမီး/မြေး/မြစ်)တယောက်ပေါ် စီးကျသွားတယ်

 

သဲ

 

နင်ကတော့ မသိဘူးပေါ့ ငါ ညည နိုးနိုးနေတတ်တာ

အမှောင်ထဲမယ် ငါ အကြာကြီး လှဲနေ

ငါ့ဘေးမယ် ခွေးတကောင်လို နင်အိပ်မောကျနေတာ နားစွင့်နေမိ

အရိပ်နဲ့ ရောင်ပြန်ဟပ်တာတွေ မြင့်တက်လာရာ

နှေးကွေးရေပြင်ရဲ့ ကမ်းခြေမယ် တိတ်တဆိတ် လိပ်ပြာတွေ

ညတုံးကတော့ အိပ်နေရင်းနဲ့ နင်ရေရွတ်တယ်

ညဉ်းသလိုလိုမျိုးပဲ နံရံတစ်ခုအကြောင်း

နင်တစ်ယောက်တည်း မြင်နေရ ခပ်လှမ်းလှမ်းမယ် တလက်လက်နဲ့

ပင်လယ်ဘက်ဆီ မျက်နှာမူထားသတဲ့ တွယ်ဆင်းသွားဖို့ကလည်း မြင့်လွန်းသတဲ့

ငါ ခပ်ရွှင်ရွှင်ပြောလိုက်မိတယ် စိတ်အေးအေးထား

အဲလောက်လည်း မမြင့်ပါဘူး ငါတို့ ဆင်းသွားလို့ရတယ်

နင်ကမေးတယ်

အောက်ဘက် ဆင်းလိုက်ရင် သဲတွေလား ဒါမှမဟုတ်

ကျောက်တုံးမည်းမည်းတွေလား

သဲတွေလို့ ငါ ဖြေလိုက်တယ် သဲတွေ

နင့်အိပ်မက်ထဲမယ်

ငါတို့အတူ ခုန်ချချင်လည်း ချဖြစ်လိမ့်မပေါ့

 

မူရင်းကဗျာဆရာ = Fabio Pusterla

မူရင်းကဗျာ = Sand

မူရင်းဘာသာ = အီတလီ

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Damiano Abeni and Moira Egan

 

 

သတိရကို ရမှဖြစ်မယ်ဆိုတဲ့ အရာအားလုံးကို

သတိတရ ဖြစ်နေစေ့မယ်ရယ်လို့ ငါဆုံးဖြတ်ထားတယ်

ဘာလို့များ အဲဒီလို ခံစားမိသလဲတော့ မပြောတတ်ဘူး

ဒါပေမယ့် ဆောင်းတစ်ညသား

ငါ ကားကို အသားကုန်မောင်းပြီး

တိုကျိုကနေ အနောက်ဘက်ထွက်တဲ့ ဟိုက်ဝေးလမ်းအတိုင်း

သေခါနီး အမေ့ကိုတွေ့ဖို့ ကသုတ်ကရက်ထွက်လာ

ဒါပေမယ့် ကားတွေပိတ်တော့

အချိန်တွေပုပ်ရ

နောက်ဆုံးတော့ ကားကျပ်တဲ့ထဲက လွတ်လာ

ငါဖြတ်လာခိုက်

ရေဒီယို တာဝါတိုင်ဟာ

သူ့ထိပ်က ခရမ်းရောင်မီးအလင်းနဲ့ ညကောင်းကင်ကို အဆန်းတကြယ် စွန်းထင်းစေတယ်

င့ါဟန်းဖုန်းက ရုတ်တရက် ထမြည်

ငါကားကို လမ်းဘေးချရပ်လိုက်တယ်

အမေဘယ်အချိန်မှာ ဆုံးသွားတယ်ဆိုတာ လှမ်းပြောတဲ့ အမျိုးတစ်ယောက် အသံကြားရ

နောက်တော့ ငါသတိထားလိုက်မိတာ

ဆီတင်ကားကြီးတစ်စီး

လက်မနည်းနည်းလောက်ပဲ ကွာမယ်

ငါ့ကားကို ကျော်သွား

လမ်းမရဲ့တစ်ဘက်မယ်

မီးတွေထိန်နေအောင်ထွန်းထားတဲ့ ကွန်ဗင်နီးယင့်စတိုးထဲ

လူတွေ ဟိုဒီသွား မဂ္ဂဇင်းတွေလျှောက်လှန်နေကြ

သူတို့ခေါင်းတွေ ယင်ခေါင်းနဲ့တောင် တူသေး

ငါ့ဘက်ခြမ်းလမ်းမတော့

ညဘက်ပိတ်ထားတဲ့ ဂေါက်သီးလေကျင့်ရေးကွင်းထဲ

မြက်ခင်းပေါ် ဂေါက်သီးတွေ တလက်လက်

အမှောင်ထဲမျောနေတဲ့ ပြဒါးအစက်တွေလိုလို ဘာလို

သတိရကို ရမှဖြစ်မယ်ဆိုတဲ့ အရာအားလုံးကို

သတိတရ ဖြစ်နေစေ့မယ်ရယ်လို့ ငါဆုံးဖြတ်ထားတယ်

တမျိုးပြောကြည့်ရရင်

အဲဒီတခဏမယ် ငါ့ချက်ကြိုး လက်ကျန်အစအနလေး ပျောက်သွား

ကမ္ဘာကြီးထဲ ဒါမှမဟုတ်

စကြာဝဠာထဲ အသေအချာ ပြုတ်ကျသွား

နောက်တစ်မျိုးပြောရရင်

အဲဒီခဏဟာ

ဒုတိယအကြိမ် ဖွားမြင်တာများလား

ငါ့ကို ကျော်တက်သွားတဲ့ အအေးခန်းကားလို

အဲဒါက ငါ့ကို ချန်ထားခဲ့ပေမယ့်

အဲဒီနောက်က စပို့တ်ကားတစ်စီး လိုက်သွား

တခါ ထရပ်ကားတစ်စီး ထပ်လိုက်သွား

နောက်တော့ ငါ့ကဗျာစာသားတွေ ထွက်လာတော့တာပဲ

အဲဒီမယ် သံချေးနဲ့ မှိုတွေ

အဲဒီမယ် ၀ိဉာဉ်ဆီက ခွဲသွားတဲ့ အရိပ်

အဲဒီမယ် အထွတ်အထိပ် လိင်စိတ် အရောင်းသမား

လေကာမှန်ကနေအပေါ်ဘက် လှမ်းကြည့်လိုက်

ကောင်းကင်မယ် ရေဒီယိုတာဝါတိုင်ရဲ့ အပေါ်ဘက်မယ်

ကြယ်တချို့ လက်နေ

သူ့ရဲ့ထိပ်ကနေ

ခရမ်းရောင် တလက်လက်က ငါ့ကို ပြူးပြဲစိုက်ကြည့်နေတဲ့

ရေဒီယိုတာဝါတိုင်ပေါ့

အရောင်က ပိုပိုစူးလာသလားပဲ

အလင်းဖျာနေပုံက

မနက်ဖြန်ရဲ့ တုံဏှိဘာဝေဖြစ်မှု

ဒါမှမဟုတ် မနက်ဖြန်ရဲ့ ကယောက်ကယက်ဖြစ်မှုကို

နမိတ်မရှိ နမာမရှိ ကြေငြာချက်ထုတ်နေသလိုလို

ခရမ်းရောင်မှ မှတ်လောက်သားလောက်ဖြစ်ရတဲ့ ခရမ်းရောင်

သတိရကို ရမှဖြစ်မယ်ဆိုတဲ့ အရာအားလုံးကို

သတိတရ ဖြစ်နေစေ့မယ်ရယ်လို့ ငါဆုံးဖြတ်ထားလိုက်တယ်

၁ – orgasm

မူရင်းကဗျာဆရာ = Kiwao Nomura

မူရင်းကဗျာ = On Prose

မူရင်းဘာသာစကား = ဂျပန်

အင်္ဂလိပ်ဘာသာ ပြန်ဆိုသူ = Forrest Gander and Kyoko Yoshida

December

 

 

နောက်ဆို

ကိုမပါတော့ဘူးနှင်းရေ

 

အနီရောင်ဟာ ပူတယ်

အဲ့စာကြောင်းက ဘာသာပြန်လိုက်မှ

မူလအဓိပ္ပါယ်ကို ရောက်ပါလိမ့်မယ်

 

အပြင်မှာ ဘယ်လိုနေလဲ

လွမ်းတဲ့အခါ

ခြေဖျားလေးတွေ

ကုပ်သွားသေးလား

 

ဟုတ်ပါတယ်

အလင်းရောင်ဟာ

အဲ့ကွဲကြောင်းလေးထဲက ဝင်လာတာ

 

ငှက်တစ်ကောင်ပုံဆိုပြီး ဆွဲလိုက်တယ် တကယ်တော့ အဲဒါ ငှက်ရဲ့ ပျံသန်းခြင်းပဲ၊ ငှက်တောင် မပါသေးတဲ့ ပျံသန်းခြင်းပေါ့၊  ငှက်နဲ့အတူ ကြီးပြင်းလာတဲ့ ပျံသန်းခြင်း၊ ပျံသန်းခြင်းရဲ့ လှိုင်းတွေထဲမှာပဲ ငှက်ဟာ နွမ်းလျလာ၊ ပျံနေတဲ့ ငှက်တကောင်ပုံ ငါမဆွဲပါ၊ ပျံသန်းခြင်းကသာ သူ့ဟာသူဆွဲသွားတာ၊ ငါလား၊ ငါကတော့ ငါ့ကိုယ်ငါ ဘုရားသခင်လိုလို ဘာလိုလို၊ လေနဲ့ မှတ်ဉာဏ်အတွက်သာ တေးချင်းဖွဲ့လို

 

မူရင်းကဗျာဆရာ = José Mármol

မူရင်းကဗျာ = sketch of flight

မူရင်းဘာသာ = စပိန်

အင်္ဂလိပ်ဘာသာမှ ပြန်ဆိုသူ = Erica Mena